နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မကွေးဒေသခံပြည်သူများနှင့် တွေ့ဆုံ

မကွေး မေ  ၉

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ တာဝန်ရှိသူများနှင့်အတူယနေ့ မွန်းလွဲပိုင်း တွင် မကွေးမြို့ခန်းမ၌ မကွေးဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မ တစ်တိုင်းပြည်လုံးကို သွားရောက်တဲ့အခါ နေရာအနှံ့မှာ မကွေးသူ မကွေးသားတွေ အလုပ် လုပ်နေတာကို တွေ့ရတယ်။ မကွေးမှာ လုံလုံလောက်လောက် အလုပ်မရတဲ့အတွက် တစ်တိုင်းပြည် လုံးမှာ ပျံ့နှံ့ပြီး အလုပ်ရတဲ့နေရာမှာ သွားပြီးလုပ် နေကြတာကိုတွေ့ရတယ်။ တစ်ဖက် က ကြည့်ရင်တော့ မကွေးသူ မကွေးသားတွေကို လေးစားတယ်။ အလုပ်ကို မကြောက် ဘူး။ ပင်ပင်ပန်းပန်းနဲ့လုပ်ရဲတယ်။ အလုပ်ရှိတဲ့ နေရာကို သွားရဲတယ်။ သို့သော်လည်း ကိုယ့်ရပ်ကိုယ့်ရွာကိုပစ်ပြီး အခြားမှာ အလုပ် လုပ်ရတယ်ဆိုတာ ဝမ်းနည်းစရာပါပဲ။ ကိုယ့်ရပ်ကိုယ့်ရွာဆိုတာ  ဘယ်သူမှပစ်သွားချင် မှာမဟုတ်ပါဘူး။ အဲဒီမှာပဲ နေချင် ကြတာပါ။

“ကျွန်မတို့နိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စတစ်ခုက အလုပ်အကိုင်ဖန်တီးရေးဆို တာ ကျွန်မတို့အစိုးရ စတင်တာဝန်ယူကတည်းက ပြောတဲ့ကိစ္စဖြစ်ပါတယ်။ အလုပ်အ ကိုင်ဖန်တီးရေးဆိုတာ စီးပွားရေး၊ လူမှုရေးအတွက်အရေးကြီးတယ်။ စီးပွားရေးဆိုတာ က အလုပ်လုပ်မှ ဝင်ငွေရနိုင်မယ်။ ဝင်ငွေရနိုင်မှ ရပ်တည်နိုင်မယ်။ ဒါပေမယ့် ကိုယ့်ရပ် ကိုယ့်ရွာမှာ အလုပ်ရှိမှ ကိုယ့်ရပ်ကိုယ့်ရွာမှာ  ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုး အသိုင်း အဝိုင်းနဲ့ကိုယ်နေလို့ရတယ်။ အဲဒီလိုမဟုတ်ဘဲ မတတ်သာလို့၊ ကိုယ့်ရပ်ကိုယ့်ရွာမှာ အလုပ်မရှိလို့ တခြားကိုသွားပြီး အလုပ်ရှာရတယ်၊ ကိုယ့်မိသားစုနဲ့မခွဲချင်ဘဲ ခွဲသွား ရတယ်ဆိုတာကတော့ မကောင်းပါဘူး။

“ကျွန်မအနေနဲ့က တစ်နိုင်ငံလုံးမှာ အလုပ်အကိုင်ဖန်တီးရေးကို ဦးစားပေးတာ ဖြစ်ပါတယ်။ ကျွန်မတို့အစိုးရ စပြီးတော့ အုပ်ချုပ်ရေးတာဝန်ယူတဲ့အခါမှာ နံပါတ်တစ်က အလုပ်အကိုင်ဖန်တီးရေးဆိုပြီး သတ်မှတ်လိုက်ပါတယ်။ ဒါပေမယ့် လအနည်းငယ် အတွင်းမှာ ဘာကိုသတိပြုမိသလဲဆိုတော့ အလုပ်အကိုင် ဖန်တီးရေးအတွက် အခြေခံ ကျတဲ့ လိုအပ်ချက်တစ်ခုက လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးပဲဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းသွားတဲ့နေရာတွေမှာ လျှပ်စစ်မီးလည်းရတယ်ဆိုရင် အလုပ်တွေဖြစ်လာတယ်။ ဘယ်လိုအလုပ်တွေ ဖြစ်လာသလဲဆိုတော့ နှစ်မျိုးရှိတယ်။ တစ်မျိုးက ဒေသခံတွေက ကိုယ့်ဟာကိုယ် လုပ်နိုင်တဲ့ အခွင့်အရေးတွေ ရလာတယ်။ လုပ်ငန်းလေးတွေ ထူထောင်နိုင်တယ်။ တစ်ခါ တစ်လေကျတော့လည်း အရင်လုပ်နေ ကျလုပ်ငန်းကို ပိုမိုသွက်လက်အောင် တောင်သူလယ်သမားတွေဆိုရင် လမ်းပန်းဆက် သွယ်ရေးကောင်းတဲ့အခါ မိမိတို့ရဲ့ လယ်ယာထွက် ကုန်တွေကို မြန်မြန်ဆန်ဆန် ရောင်းချင် တဲ့နေရာကို ပို့လို့ရတယ်။ အပျက်အစီးနည်းတယ်။ အဲဒီတော့ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်လာတယ်။ လျှပ်စစ်မီးလည်းရတယ်ဆိုရင် ကိုယ့်စီးပွားရေးကို ပိုပြီးတိုး တက်အောင် လုပ်နိုင်တယ်။ ကိုယ့်အလုပ်ကို ကိုယ်တိုင်ဖန်တီးလို့ရတယ်။

“နောက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေကလည်း လာပြီးတော့ ရင်းနှီးမြှုပ်နှံလို့ရ တယ်။ ဆက်သွယ်ရေးကောင်းတယ်၊ လျှပ်စစ်မီးရတယ်ဆိုရင် စီးပွားရေးလုပ်ငန်းရှင် တွေက စီးပွားရေးလုပ်ငန်းလေးတွေကို ထူထောင်နိုင်တဲ့ အခြေအနေရှိတဲ့အခါ ထူထောင်ချင်ကြတယ်။ မကွေးတိုင်းနဲ့ပတ်သက်ပြီး လမ်းပန်းဆက်သွယ်ရေး တိုးတက် မှုက အင်မတန်မှ ကောင်းမွန်တယ်ဆိုတာ ကျွန်မသတိပြုမိပါတယ်။ လျှပ်စစ်မီးရရှိရေး က ကျွန်မတို့ဖြစ်စေချင်သလောက် မဖြစ်သေးပါဘူး။ ကျွန်မတို့တစ်နိုင်ငံလုံးမှာ လျှပ်စစ် မီးကို လိုအပ်နေပါတယ်။ ဘယ်တွေကို အရင်ဦးစားပေးပြီး ပေးရမလဲဆိုတာ ဆုံးဖြတ်ရ ပါတယ်။ တစ်တိုင်းပြည်လုံးကို တစ်ပြိုင်တည်းပေးလို့မရပါဘူး။ နည်းပညာအခြေအနေ၊ အလုပ်အခြေအနေ၊ ငွေရေးကြေးရေးအခြေအနေတွေအပေါ်မှာ အများကြီးမူတည်ပါ တယ်။

“ဒီနှစ်မကုန်ခင်မှာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးလိုအပ်ချက် ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးလို့ ရတော့မယ်လို့ ကျွန်မတို့ မှန်းဆထားတယ်။ နောက် နှစ်နှစ် သုံးနှစ်အတွင်းမှာ အပြည့်အဝရရှိဖို့အတွက် ကြိုးစားသွားရမှာပါ။ ကျွန်မတို့က ၁၀၀ ရာခိုင်နှုန်းလိုချင်တဲ့သူတွေဆိုတော့ ၅၀ ရာခိုင်နှုန်းဆိုတော့ ကျေနပ်တယ်လို့တော့ မဟုတ်ဘူး။ သို့သော်လည်း တိုးတက်မှုအများကြီးရှိတယ်လို့ ပြောပါရစေ။ အရင် နှစ်နှစ် လောက်တုန်းကဆိုရင်း ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိတာကနေ ၅၀ ရာခိုင်နှုန်းအထိ တက် တယ်ဆိုတာ နှစ်ဆနီးပါး ကျွန်မတို့တက်နိုင်တာပါ။ အားရစရာတော့ ဖြစ်ပါတယ်။

“တစ်တိုင်းပြည်လုံးအတွက် အင်မတန်မှ အလေးထားတာတော့ ပညာရေးဖြစ်ပါ တယ်။ ပညာရေးကို အလေးထားရခြင်းကိစ္စက ကျွန်မတို့ပြည်သူ ပြည်သားတွေ ပညာ တတ်မှ နိုင်ငံရဲ့အနာဂတ်ကောင်းမှာပါ။ ကလေးများသည် ငယ်ငယ်ထဲကနေပြီး သိသင့် သိထိုက်တာတွေ၊ သင်သင့် သင်ထိုက် တွေကိုသင်ထားမှ ကြီးလာတဲ့အခါမှာ နိုင်ငံကို အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ မူလတန်း ကျောင်းတွေကစပြီး ပြည်သူ့နီတိဆိုတဲ့ ပြည်သူ၊ ပြည်သားများရဲ့ တာဝန်တွေ၊ ဝတ္တရားတွေ၊ ကိုယ့်နိုင်ငံ တိုးတက်အောင် ကိုယ့် ပတ်ဝန်းကျင်သာယာအောင် ဘယ်လိုနေထိုင် ရမလဲဆိုတာကို သင်ပေးတဲ့အခါမှာ ဘာတွေ့ရသလဲဆိုတော့ ကလေးများသည် အင်မတန်မှ အတတ်မြန်ပါတယ်၊ နားလည် မြန်တယ်။ မိဘတွေကို သင်ရတာခက်ပါတယ် နည်းနည်းပုံစံကျနေတော့ စိတ်ထား ပြောင်းဖို့လဲ ခက်တယ် အလေ့အကျင့်ပြောင်းဖို့လဲခက်တယ်။ သားသမီးတွေက ပြောပြတဲ့အခါမှာ လိုလိုချင်ချင်ပြောင်းလဲလာတာကို တွေ့မြင်ရပါတယ်။

“ဥပမာအားဖြင့် အမှိုက်ကိစ္စဖြစ်ပါတယ်။ အမှိုက်ကတော့ ပြည်သူ ပြည်သား တွေက အလေ့အကျင့်တစ်ခုလိုဖြစ်နေပါတယ် အမှိုက်ပစ်တဲ့နေရာမှာ။ ကိုယ်ပစ်လိုက် တဲ့အမှိုက်က ကိုယ်နဲ့မဆိုင်သလိုဘဲ၊ ကိုယ်ကထွက်သွားတော့ အမှိုက်က ကျန်ရစ်ခဲ့ပါ တယ်။ အဲဒီလိုစိတ်ဓာတ်က ရှိပါတယ်။ ကျွန်မတို့ ကျောင်းတွေမှာ အမှိုက်မပစ်ရဘူးဆို တာကို သင်ပါတယ်။ အမှိုက်မပစ်ရဘူးဆိုတာက စောစောစီးစီးထဲက ကိုယ့်ကိစ္စတွေကို တာဝန် ယူရမယ်ဆိုတာ သင်ပေးတာဖြစ်ပါတယ်။ 

“၁၉၈၈ ခုနှစ် နိုင်ငံရေးပါတီလှုပ်ရှားတဲ့အခါက စပြီးတော့ လူငယ် တွေကိုအမြဲပဲ ပြောပါတယ်။ ကိုယ်တစ်နေရာကိုသွားရင် ခဏနေပြီး တည်းတယ်ဆိုရင် အဲဒီနေရာကို ကိုယ်လာတုန်းကအချိန်ထက်သာအောင် မထားနိုင်ရင်တောင်မှ လာတုန်းကအခြေ အနေထက် ညံ့အောင်မထားခဲ့ရဘူး။ အနည်းဆုံးကတော့ ကိုယ်တွေ့တုန်းကလောက် တော့ ကောင်းကောင်း မွန်မွန်ထားခဲ့ရမယ်။ တတ်နိုင်ရင် ရောက်တုန်းကအခြေအနေ ထက် ကောင်းအောင်ထားခဲ့ရမယ်လို့ ကျွန်မပြောခဲ့တယ်။

 “ပြည်သူ ပြည်သားတွေ အားလုံး ကလေးတွေအပါအဝင် လူကြီးတွေရော ဒီလောကထဲကနေဖြတ်သွားတဲ့ အချိန်မှာ ကိုယ်မရှိတော့တဲ့အခါကျရင် ရှိတုန်းကအချိန် ထက် တစ်ခုခုတော့ကောင်းအောင် လုပ်ပေးခဲ့တယ်ဆိုတဲ့ စိတ်ဓာတ် ရှိနိုင်အောင်နေ ကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။ ဒါဟာ နိုင်ငံသူ၊ နိုင်ငံသား တစ်ယောက် ချင်းရဲ့တာဝန်ဖြစ်ပြီး ဒီတာဝန်ယူနိုင်မှ နိုင်ငံတိုးတက်မှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးကာစနိုင်ငံ ဘာနဲ့တူသလဲဆိုတော့ ကြမ်းတမ်းတဲ့ အသိုင်း အဝန်းမှာ ကလေးသူငယ် တစ်ယောက်က ရှင်သန်ရုန်းကန်ရသလိုပဲ။ ဒါကြောင့် ကျွန်မတို့က တစ်ခြားလူတွေထက် ကြိုးစားနိုင်တဲ့အရည်အချင်းရှိရမယ်။ မကွေးသူ၊ မကွေးသား အညာသူ၊ အညာသားတွေ မှာ ဒီလိုကြိုးစားနိုင်တဲ့အရည်အချင်းရှိတယ်လို့ ကျွန်မယုံကြည်တယ်။ အညာကလူတွေက အပင်ပန်း ခံနိုင်တယ်။ ရိုးရိုးကျင့် မြင့်မြင့်ကြံ တယ်၊ တည်ကြည်တယ်၊ ဖြောင့်မတ်တယ်စသည်ဖြင့် အားလုံးက ဒီလိုဖြစ်အောင်လို့ ရည်မှန်းစေချင်တယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ်ပြင် ယူလို့ရတယ်။ သိက္ခာ ရှိပြီး အရည်အချင်းပြည့်စုံတဲ့လူသားတစ်ယောက်ဖြစ်အောင်လို့ လုပ်လို့ရတယ်။ အဲဒီလို လုပ်တဲ့နေရာမှာ မကွေးတိုင်းကပြည်သူ ပြည်သားတွေက စံပြအနေနဲ့ လုပ်စေချင်တယ်။ တစ်တိုင်းပြည်လုံး ဘယ်သွားသွား မကွေးကသူတွေ မတွေ့မရှိသလောက်ဘဲ တွေ့နေ တယ်။ ပင်ပင်ပန်းပန်းနဲ့ရတဲ့အလုပ်ကို လုပ်နေတယ်။ ဒီလို လုပ်ရည်၊ ကိုင်ရည်၊ ခံနိုင် ရည်ရှိတဲ့ ပြည်သူပြည်သားများဟာ နိုင်ငံ့အတွက်အများကြီး အကျိုးပြုနိုင်တဲ့ အရည် အချင်းတွေနဲ့ ပြည့်စုံနေတယ်လို့ ကျွန်မယုံကြည်ပါတယ်။

“ကျွန်မတို့အနေနဲ့ ပညာရေးစနစ်ကို လက်တွေ့ကျကျဖြစ်အောင်လည်းလုပ်ချင် တယ်၊ ခေတ်နဲ့ညီတဲ့ ပညာရေးစနစ်တစ်ခုကိုလည်းထူထောင်ချင်တယ်။ တစ်နည်းအား ဖြင့် ယနေ့ခေတ်မှာ တခြားနိုင်ငံတွေ ထက်တမူထူးခြားတဲ့ စနစ်တစ်ခုကိုလည်း ထူထောင်ချင်တယ်။ ခေတ်နဲ့အညီဆိုရာမှာ နည်းပညာတွေ ကိုအားလုံးနဲ့ ရင်ပေါင် တန်းနိုင်အောင် ၊ အဆင့်မြင့်အောင် မိမိတို့က သင်ပေးရမှာဖြစ်ပါတယ်။ သို့သော်လည်း ပညာအဆင့်မြင့်ယုံတင်မကဘဲ စိတ်ထားအဆင့်မြင့်အောင်လည်း မိမိတို့က သင်ပေး ချင်ပါတယ်။

“စိတ်ထားကောင်းမွန်အောင်၊ မြင့်အောင် သင်ပေးတယ်ဆိုရာမှာ ပြည်သူ့နီတိလို ကလေးတွေရဲ့ စိတ်ဓာတ်ကို ပြုပြင်ပေးမယ့် ဘာသာရပ်တွေ၊ မိမိတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ရေးအတွက် အသုံးကျမယ့် ဘာသာရပ်တွေကို အဆင့်မြှင့်တင် သင်ပေးချင် ပါတယ်။

“အဆင့်မြင့်ပညာဆိုတာ အများကတော့ တက္ကသိုလ်ပညာလို သတ်မှတ်ကြ တယ်။ ဒါပေမဲ့ အဆင့်မြင့်ပညာကို တက္ကသိုလ် ပညာတစ်ခုကဖြစ်တယ်ဆိုတဲ့ အတွေး အခေါ်က နည်းနည်းလေးခေတ်နောက်ကျ နေပြီလို့ပြောရမှာပဲဖြစ်ပါတယ်။ ကမ္ဘာ့ အဖွံ့ဖြိုးဆုံးနိုင်ငံတွေတောင်မှ တက္ကသိုလ်ဘွဲ့ရ ပြီးအလုပ်လက်မဲ့ ဖြစ်နေတာတွေ မနည်းပါဘူး။ အသက်မွေးဝမ်းကျောင်းပညာရဲ့ အရေးပါမှု၊ အသက်မွေးဝမ်းကျောင်း ပညာကျောင်းတွေဖွံ့ဖြိုးမှု၊ အသက်မွေးဝမ်းကျောင်း ပညာကျောင်းတွေတန်ဖိုးကို လူငယ်တွေ၊ မိဘတွေသိဖို့ အရေးကြီးပါတယ်။ တက္ကသိုလ်ပညာမှ ပညာမဟုတ်ပါဘူး။ အသက်မွေးဝမ်းကျောင်း ပညာဆိုတာ လည်းပညာပါပဲ။ တက္ကသိုလ်ပညာက ပညာတစ်မျိုး၊ အသက်မွေးဝမ်း ကျောင်းပညာက ပညာတစ်မျိုးဖြစ်ပါတယ်။ အသက်မွေး ဝမ်းကျောင်း ပညာက လက်တွေ့ကျတယ်။ အသက်မွေးဝမ်းကျောင်းပညာကျောင်း တွေက ထွက်သွားတဲ့ကလေးတွေသည် တန်းပြီးအလုပ်ရနိုင်တဲ့ အလားအလာ အင်မတန် ကောင်းပါတယ်။

 “ဒါကြောင့် အသက်မွေးဝမ်းကျောင်းပညာကို ကျွန်မတို့အားပေးချင်တယ်။ ပြည်သူ၊ ပြည်သားတွေကလည်း အားပေးကြပါ။ အသက်မွေးဝမ်းကျောင်းပညာရဲ့ တန်ဖိုးကိုလည်း နားလည်အောင် ကြိုးစားပေးကြပါ” ဟု ပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများ၏ တင်ပြချက်များဖြစ်သည့် အိုးဘိုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မြေနေရာနှင့် အဆောက်အဦစီစဉ်ဆောက်လုပ် ပေးရေး၊ သမဝါယမအသင်း ငွေအလွဲသုံးစားပြုလုပ်မှုအား အရေးယူဆောင်ရွက်ပေး ရေး၊ သိမ်းဆည်းမြေ ပြန်လည်စွန့်လွှတ်ပေးရေး၊ နိုင်ငံသားမိဘများကမွေးဖွား သူများအား စိစစ်မှုမရှိဘဲမှတ်ပုံတင်အမြန်ဆောင်ရွက်ပေးရေး၊ မကွေးမြို့ ပြည်တော်သာ အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ရန်အတွက် ရန်ပုံငွေချထားပေးရေး၊ မကွေးမြို့ ကန်သာရပ်ကွက် ရေကန်သာယာလှပရေးအတွက် ဆောင်ရွက်ပေးရေး၊ မကွေးမြို့ အောင်စေတနာ ရပ်ကွက် အ.လ.ကခွဲ အားကျောင်းအဆင့်မြှင့်တင်ပေးရေး၊ မကွေးမြို့ သိင်္ဂါရပ်ကွက် ရေနှုတ်မြောင်းများဆောင်ရွက်ပေးရေး၊ မကွေးမြို့ အောင်ဇေယျာရပ် ကွက်စာကြည့်တိုက် တည်ဆောက်ရန် မြေနေရာနှင့် ရန်ပုံငွေလိုအပ်မှုအားထောက်ပံ့ ပေးရေး၊ မကွေးမြို့ အောင်ဇေယျာ ရပ်ကွက် လမ်းထောင့် မြေနေရာအား ရပ်ကွက် မြေအဖြစ် သတ်မှတ်ပေးရေး၊ မကွေးမြို့ အောင်မေတ္တာရပ်ကွက်၌ စာသင်ကျောင်း ဆောက်လုပ်ပေးရေး၊ မကွေး မြို့ မယ်လှကျေးရွာမှ သိ်မ်းဆည်းမြေများ ပြန်လည် စွန့်လွတ်ပေးရေး၊ ကျောက်ချော လမ်းခင်းပေးရေး၊  မကွေးမြို့ကံပြားကျေးရွာ ရွာမြေတိုးချဲ့ပေးရေး၊ မျိုးကောင်းမျိုး သန့်မျိုးစပါးရရှိရေး၊ စိုက်ပျိုးစားရိတ်ချေးငွေရရှိရေး အကောင်အထည် ဖော်မှုမရှိသည့်သိမ်းဆည်းမြေများအား မြေလျော်ကြေးပေးရေးနှင့် ပုံစံ(၇)ထုတ်ပေးရေး၊ မင်းဘူးမြို့နယ် မန်းရေနံမြေဒေသရပ်ကွက်မှ နေအိမ်များအား ဂရံထုတ်ပေးရေး၊  မင်းဘူးမြို့နယ် မြစ်ရေတိုက်စားမှုကာကွယ်ရေးအတွက် မြေထိန်းနံရံ ဆောင်ရွက်ပေးရေး၊ စကုမြို့ မန်းတမံနှင့် အိုင်းမဆည်မှ ပေးဝေသည့် ရေနှုတ်မြောင်း များအားအုတ်စီ မြောင်းဆောင်ရွက်ပေးရေးကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြ သည်။

ထို့နောက် ခန်းမအတွင်းမှ တင်ပြလိုသူ ပြည်သူ ၁၆ဦးအနက် မဲပေါက်သူ ၆ ဦးတို့က မကွေး-တောင်တွင်း ရထားလမ်းဖောက်လုပ်ရာတွင် သိမ်းဆည်းမြေများ အတွက် လျော်ကြေးငွေရရှိရေး၊ ကျောင်းအဆင့်တိုးမြှင့်ပေးရေး၊ စိုက်ပျိုးစားရိတ် ချေးငွေနှင့် လယ်မြေများအတွက် ပုံစံ(၇)များရရှိရေး၊  မကွေးစည်ပင်ကားဝင်းနှင့် စပ်လျဉ်း၍ အဂတိ လိုက်စားမှုဖြေရှင်းပေးရေး၊ မကွေးမြို့ ထုံးပေါက်တောကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် မဲနှိုက်ရွေးချယ်ခဲ့ခြင်းအား ပြန်လည်ဆောင်ရွက်ပေးရန် နှင့် မြို့သစ်မြို့ တွင် ၁၉၈၂ ခုနှစ် က လန(၃၉)ရရှိပြီး ရွာမြေများကော်မတီဖွဲ့ပြီး စနစ်တကျ အကွက် ရိုက် ဆောင်ရွက်ပေးရေးတို့ကိုလည်းကောင်း၊ ခန်းမအပြင်မှ တင်ပြလိုသူပြည်သူ ၃၃ ဦး အနက် မဲပေါက် ၃ဦးတို့က မကွေးမြို့ အောင်ဇေယျာ ရပ်ကွက် ရေကြီးမှုမဖြစ်စေ ရေးဆောင်ရွက်ပေးရန်၊   မကွေးတက္ကသိုလ် သင်ကြား ရေးစနစ်ကို မလေးရှားတက္ကသိုလ် သင်ကြားမှုကဲ့သို့ ဖြစ်စေရေး၊ ကျေးရွာမြေငှား ဂရမ်ချထားပေးရေးတို့ကို လည်းကောင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန် ရှိသူများကို ချက်ချင်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဆောင်ရွက်ပေးပြီး အချို့ကိစ္စရပ်များအား ပြန်လည်စိစစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေရှည် ဆောင်ရွက် ပေးရမည့်ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ရှင်းလင်း ပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသခံပြည်သူများအနေဖြင့် အခက်အခဲရှိပါက တိုင်းဒေသကြီး အစိုးရအဖွဲ့အား ယုံယုံကြည်ကြည် တင်ပြကြစေ လိုကြောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူများနှင့် အမြဲထိတွေ့ ရန်လိုကြောင်း၊ အစိုးရနှင့်ပြည်သူယုံကြည်ပြီး ဆက်ဆံရေးကောင်းမွန်ပါကမည်သည့် ပြသနာကိုမဆို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ မိမိုတို့အစိုးရအနေဖြင့် မိမိတို့ပြည်သူ များ၏ အရည်အချင်းကို ယုံကြည်ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)