ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ မကွေးတိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ

မကွေး  မေ ၉

 ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် မကွေးတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များအား ယနေ့ ညပိုင်းတွင် မကွေးတိုင်းဒေသကြီး စုပေါင်းရုံး အစည်းအဝေးခန်း မ၌တွေ့ဆုံသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်း ဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်း က ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဆက်ပေးပြီး မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ ဖွဲ့စည်းခဲ့သည်မှာ ၄ လကျော်ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်၊ နိုင်ငံတော်အစိုးရ၏မူဝါဒ၊ ပြည်သူများလိုလားသည့် နိုင်ငံရေးစနစ်နှင့်အညီ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြုပြင်ပြောင်းလဲနိုင်ရေး အတွက် ဌာန၏မျှော်မှန်းချက် (Vision) လုပ်ငန်းတာဝန်(Mission)(၄)ရပ်နှင့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် ၃ ရပ်ကို ချမှတ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း။

ပထမ ၃ လတာကာလတွင် အသွင်သဏ္ဍာန်ပြုပြင်ပြောင်းလဲရေးကို ဦးစားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယ ၃ လတာ ကာလတွင် ဆက်လက်ဆောင်ရွက်မည့် အနှစ်သာရပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြလမ်းညွှန်မှုခံယူခဲ့ပြီးဖြစ်ပါကြောင်း။ ယင်းသို့ တင်ပြသည့်အခါတွင် မိမိတို့ဆောင်ရွက်မည့် One State-One township ပြည်နယ်တစ်ခု၊ မြို့နယ်တစ်ခု စီမံချက်လုပ်ငန်းစဉ်အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအနေနှင့် (Myanmar Sustainable Development Plan)မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP)ကို သိရှိနားလည်ရန် လိုအပ်သည်ဟု လမ်းညွှန်ခဲ့ပါ ကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုနှင့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်မည့် One State-One township Project သည် (MSDP) စီမံကိန်းနှင့်သဟဇာတဖြစ်ရန် လိုအပ်သကဲ့သို့ နိုင်ငံနှင့် ပြည်သူအတွက် အမှန်တကယ် လိုအပ်သည့် စီမံကိန်းများဖြစ်ရန်လည်း အဓိကကျသည့်အတွက် မိမိတို့ အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများအနေနှင့်လည်း စီမံကိန်းများပြုစုမရေးဆွဲမီ (MSDP)စီမံကိန်းကို နားလည်သဘောပေါက် ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ထို့အပြင် ဝန်ထမ်းလက်စွဲများ၊ ဝန်ထမ်းကျင့်ဝတ်များပြန်လည်ရေးဆွဲရန်နှင့် ပြဋ္ဌာန်းသက်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရေး အတွက် ဝန်ကြီးဌာနအဆင့်  Regulatory Review Unit ကို ဝန်ကြီးဌာနအကြံပေးအဖွဲ့ ဝင်နှစ်ဦး၊ ဝန်ကြီးရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဖွဲ့စည်း ဆောင်ရွက်သွားရန်လည်း စီစဉ်နေပါကြောင်း။

မိမိတို့ဝန်ကြီးဌာအနေဖြင့်လည်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit) (CPU)ဖွဲ့စည်းရမည့် ဝန်ကြီးဌာနများတွင် ပါဝင်နေ သည့်အတွက် ဝန်ကြီးရုံးဖွဲ့စည်းပုံကို ပြင်ဆင်နေပြီး ဖွဲ့စည်းပုံရသည်နှင့် (CPU) ဖွဲ့စည်းရန်နှင့် ကာကွယ်တားဆီးရေးစီမံချက်ရေးဆွဲဆောင်ရွက်သွားရန်လည်း ကြိုတင် ပြင်ဆင်ထားပြီးဖြစ်ပါကြောင်း။

ထို့အတူ ပြန်လည်ပြင်ဆင်နေသည့် ဝန်ကြီးဌာနဖွဲ့စည်းပုံတွင် အထွေထွေအုပ် ချုပ်ရေးသင်တန်းကျောင်းကို ဖွဲ့စည်းပုံတိုးချဲ့ရန်လည်း ပါဝင်ပြီး သင်တန်း ကျောင်းကို အဆင့်မြှင့်တင်ရန် သင်ရိုးညွှန်းတမ်း၊ သင်ခန်းစာများကို ခေတ်စနစ်နှင့် အညီ ပြုပြင်ပြောင်းလဲရန် နိုင်ငံတကာအဆင့်မီတက္ကသိုလ်တစ်ခုနှင့် ချိတ်ဆက်ပြီး အုပ်ချုပ်မှုသင်တန်းများ ဖွင့်လှစ်သွားနိုင်ရေးကိုလည်း ရည်ရွယ်ဆောင်ရွက်နေပါ ကြောင်း။

မိမိတို့အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေး၊ ပြောင်းရွှေ့ ရေးစသည့် လူသားအရင်းအမြစ်များကို စီမံခန့်ခွဲသည့်စနစ်ကိုလည်း ပွင့်လင်းမြင်သာပြီး စနစ်တကျရှိစေရန်နှင့် မျှမျှတတဖြစ်စေရေးအတွက် မူဝါဒရေးဆွဲဆောင်ရွက်နိုင်ရန် လည်း စီစဉ်နေပါကြောင်း။

မိမိအနေနှင့်အထူးပြောလိုသည်မှာ သိမ်းဆည်းမြေဆိုင်ရာအမှုတွဲများ၊ စွန့်လွှတ် မြေဆိုင်ရာအမှုတွဲများကို မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်သမ္မတကြီး နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်မှုအရ ဗဟိုကော်မတီ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး အစရှိသည့် လယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်ကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။

ထို့သို့ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ဝန်ထမ်းဖွဲ့စည်းပုံခိုင်မာမှရှိသည့် မိမိတို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အဓိကတာဝန်ပေးထားပြီး နေပြည်တော်၊ တိုင်း ဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေးမှူးများကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြေ/စစ်ကော်မတီ အတွင်းရေးမှူးများအဖြစ်လည်းကောင်း၊ ခရိုင်မြေ/ စစ်ကော်မတီ များတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒု-အုပ်ချုပ်ရေးမှူးများကို ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ အဖြစ်လည်းကောင်း၊ မြို့နယ်မြေ/စစ်ကော်မတီများတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒု-အုပ်ချုပ်ရေးမှူးများကို ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ အဖြစ်လည်းကောင်း တာဝန်ပေးအပ် ထားခြင်းဖြစ်ပါကြောင်း။

ထို့ကြောင့် မိမိတို့အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအနေဖြင့် ဌာန၏ မူလ လုပ်ငန်းတာဝန်များအပြင် နိုင်ငံတော်နှင့် မြေ/စစ်ဗဟိုကော်မတီက ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကိုလည်း မိမိတို့၏အဓိကတာဝန် တစ်ရပ်အဖြစ် ခံယူပြီး သိမ်းဆည်း မြေ၊ စွန့်လွှတ်မြေဆိုင်ရာကိစ္စရပ်များကို ဗဟိုကော်မတီမှချမှတ်ထားသည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ မြေစီမံခန့်ခွဲမှုဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြန်မြန်ဆန်ဆန်ဖြေရှင်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း။

မကွေးတိုင်းမြေ/စစ်ကော်မတီအနေဖြင့်လည်း ဗဟိုကော်မတီမှ ပေးပို့ထားသည့် တိုင်ကြားစာအမှုတွဲ (၁၉၃)တွဲအနက် ဆောင်ရွက်ဆဲ အမှုတွဲ(၁၄၄)တွဲနှင့် ပိတ်သိမ်းအမှု တွဲ(၄၉)တွဲဖြစ်ခြင်းကြောင့် ပြီးစီးမှု ရာခိုင်နှုန်းသည် ၉ ဒသမ ၃၂ ရာခိုင်နှုန်းသာ ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ကျန်အမှုတွဲများ အမြန်ဆုံး မှန်ကန်ပြီးပြတ်အောင်ဖြေရှင်းပေးနိုင်ရန် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မြေ/စစ်ကော် မတီအဆင့်ဆင့်က အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဝန်ကြီးဌာန၏မူဝါဒနှင့် လုပ်ငန်းစဉ်များကို လေးစားလိုက်နာဆောင်ရွက် ရန်မှာကြားသည်။

(သတင်းစဉ်)