ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဗုဒ္ဓရုပ်ပွားတော်များ တောင်ကြီးမြို့သို့ ဒေသစာရီ ကြွချီအပူဇော်ခံ

တောင်ကြီး မေ ၉

နေပြည်တော်ရှိ ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့သည် ယနေ့ညနေပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ဒေသစာရီကြွချီ အပူဇော်ခံသည်။

စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တို့အား ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့မှ ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ သာစည်- ယင်းမာပင်- ကလော- အောင်ပန်း- ဟဲဟိုး- ရွှေညောင်- အေးသာယာ မြို့များကို ဖြတ်သန်း၍ ဒေသစာရီကြွချီအပူဇော်ခံရာ ခရီးလမ်းတလျှောက်တွင် ဌာနဆိုင်ရာများ၊ မြို့သူ မြို့သားများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားများက ဖူးမြော်ကြည်ညိုကြပြီး စေတီတော် တည်းထားကိုးကွယ်ရေး အလှူငွေများ လှူဒါန်းကြသည်။

ထိုမှတဆင့် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ ကျောက်တိုင်ကွင်း မိုးလုံလေလုံ အားကစားရုံ သို့ရောက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိမြို့ဖများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များက ဖူးမြော်ကြည်ညိုကြသည်။

စကျင် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့ အား တောင်ကြီးမြို့ကျောက်တိုင်ကွင်းအားကစားရုံတွင် မေ ၉ ရက်မှ ၁၂ ရက်မနက်ပိုင်းအထိ ဒေသခံပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် အပူဇော်ခံထားရှိသွားမည်ဖြစ်ပြီး မေ ၁၁ ရက် ည ၇ နာရီခွဲတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကမှ ဗုဒ္ဓရုပ်ပွားတော်များ ပင့်ဆောင် ပူဇော်ခြင်း အထိမ်း အမှတ် ငြိမ်းချမ်းရေးတရားတော်ကို ဟောကြားချီးမြှင့်သွားမည်ဖြစ်သည်။

(ဟန်လင်းနိုင်)