ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကချင်ပြည်နယ်ရှိ အခြေခံ ပညာရေးမိသားစုများနှင့် တွေ့ဆုံ

နေပြည်တော် မတ် ၁၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ကချင် ပြည်နယ် လူမှုရေးဝန်ကြီး ဦးမြင့်ဝင်း၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီး ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်း တို့နှင့်အတူ နံနက် မတ် ၁၈ ရက် ၁၁ နာရီခွဲတွင် ကချင်ပြည်နယ် ပူတာအိုခရိုင် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကချင်ပြည်နယ် အခြေခံပညာရေး မိသားစုများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိအောင် ဆောင်ရွက်နေပါကြောင်း၊ သွားရေး၊ လာရေးခက်ခဲသော ဒေသများ ပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်ပေးလျှက် ရှိပါကြောင်း၊ သက်ဆိုင်ရာဒေသ အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းရောက်ရှိရေး၊ ကျောင်းနေမြဲရေးနှင့် ပညာဆက်လက် သင်ယူခွင့် ရရှိရေးအတွက် စိတ်ရှည်စွာဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ (Grade-3) တတိယတန်းပြီးသော ကလေးတိုင်း မြန်မာစာ ဖတ်တတ်၊ ရေးတတ်ရေး၊ သင်္ချာတွက်တတ်ရေးနှင့် စဉ်းစား တွေးခေါ်မှုကို အားပေး၍ သင်ယူပြီးရင်း သင်ယူချင်စိတ် ဖြစ်ပေါ်နေရေး သင်ကြားသင်ယူ မှုကောင်းမွန်စေရန် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ကျောင်းဖွံ့ဖြိုးရေး ရန်ပုံငွေ များကိုလည်း ဘဏ္ဍာရေးဆိုင်ရာနှင့် စာရင်းစစ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပွင့်လင်းမြင်သာစွာဖြင့် အကျိုးရှိထိရောက်အောင် မိဘဆရာအသင်း၊ မိဘများနှင့် ပူးပေါင်းသုံးစွဲရန် လိုပါကြောင်း၊

မြို့နယ်ပညာရေးမှူးများ အနေဖြင့် ကျောင်းများ၏ လိုအပ်ချက်များ၊ ဆရာဆရာမ များ၏ အခက်အခဲများကို ဂရုတစိုက်လေ့လာ၍ ဖြည့်ဆည်းဆောင်ရွက် ပေးကြရန် လိုအပ် ပါကြောင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများ၊ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ခြင်းများနှင့် စာကြည့်တိုက်များကို အားပေးဖြည့်ဆည်း ဆောင်ရွက် စေလိုပါကြောင်း၊ ပညာရေးအရည်အသွေး ကောင်းမွန်လာစေရေးအတွက် ဆရာ ဆရာမ များသည် အလွန် အရေးကြီးပါကြောင်း၊ အရည်အချင်း ပိုကောင်းသူများကိုသာ တရား မျှတသော ယှဉ်ပြိုင်မှုဖြင့် ဆရာဆရာမများအဖြစ် ခန့်ထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆရာဆရာမများ၊ ဝန်ထမ်းများ၏ လစာ၊ ခရီးစရိတ်၊ နေ့တွက် စရိတ်များ အပြည့်အဝရရှိရေး၊ ကျောင်းသုံးဖတ်စာအုပ်များ၊ သင်ထောက်ကူ ပစ္စည်းများနှင့် ကျောင်းလိုအပ်ချက်များ အချိန်မီဖြည့်ဆည်းရေး၊ တတိယတန်း (Grade-3) ကျောင်းသုံး ဖတ်စာအုပ်အသစ်များကို စတင်အသုံးပြုရန်အတွက် မူလတန်းပြဆရာ၊ ဆရာမများ အားလုံးနှင့် ဆဋ္ဌမတန်း (Grade-6) ကျောင်းသုံးဖတ်စာအုပ်အသစ်များကို စတင် အသုံးပြုရန်အတွက် အလယ်တန်းပြ ဆရာဆရာမများ အားလုံး နွေရာသီသင်တန်း တက်ရောက်နိုင်ရေးတို့ကို ဆောင်ရွက်နေပါကြောင်း ပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးမြင့်ဝင်းက ဝေးလံခက်ခဲဒေသ ဖြစ်သော ခေါင်လန်ဖူးဒေသ ပညာရေး အခြေအနေနှင့် ပညာရေးလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာသော ဆရာ၊ဆရာများက သိရှိလိုသည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ဖြေကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သင်ရိုးညွှန်းတမ်းသစ် စာအုပ်များ ပေးအပ်ရာ ခေါင်လန်ဖူးမြို့နယ် ပညာရေးမှူးက လက်ခံ ရယူသည်။

အခမ်းအနားသို့ ကချင်ပြည်နယ် ပညာရေးမှူး၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)