တောင်ပေါ်ဒေသက ကလေးတွေကို ဂရုစိုက်ပြီး စာပေပွဲတော် လာရောက်ကျင်းပပေး တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်

ကလေးစာပေပွဲတော်(ပူတာအို) သို့ လာရောက်နွှဲပျော်ကြသူအချို့၏ စကားသံများကို ပြန်လည်တင်ပြ လိုက်ပါသည်-

▲ဦးလခရန်အောင်ခမ်း(အတွင်းရေးမှူး)၊
ဂျိန်းဖော့စာပေနှင့် ယဉ်ကျေးမှု (ပူတာအိုမြို့) ▲

ကျွန်တော်တို့ ပူတာအိုမှာ ပထမဆုံးအကြိမ် လာလုပ်တဲ့ ကလေးစာပေပွဲမှာ ဒီလိုပြသရတဲ့ ရည်ရွယ်ချက်က အခုလူငယ် အတော်များများက ကိုယ့်စာပေယဉ်ကျေး မှုကို ချစ်မြတ်နိုးမှု အားနည်းလာတဲ့အတွက် အဓိက က ဒီလူငယ်တွေ အသိအမြင်လေးတွေ ရှိလာအောင်၊ လေ့လာချင်စိတ်လေးတွေ များလာအောင် ရည်ရွယ်ပါတယ်။ ဒီလိုပွဲမျိုး အရင်ကမရှိခဲ့ဘူး။ အခုလို ဒီလိုပွဲတွေ လာလုပ်ပေးတော့ ကလေးတွေ အတွက်ရော လူငယ်အတွက်ပါ အကျိုးအများကြီးရှိပါတယ်။ မသိတော့ ဒီက လူငယ်အတော်များများက ရုံးသွားရမှာတောင် ကြောက်ကြတယ်။
ဒီလိုပွဲတွေ များများလုပ်ပေးနိုင်ရင် ဒီက လူငယ်တွေ အသိအမြင်တွေ တိုးတက်လာပြီး ပညာရှိရှိ၊ လုပ်ရဲကိုင်ရဲရှိပြီး ကိုယ့်ဒေသကို တိုးတက်ဖွံ့ဖြိုးစေချင်တဲ့ စိတ်ဓာတ်တွေ များလာတာပေါ့၊ မြေပြန့် တောင်တန်း ဒေသဆို ပညာရေးမှာ ကွာဟမှုတွေမရှိနိုင်ဘဲ နိုင်ငံကို အကျိုးဆောင်ပေးနိုင်မယ့် လူငယ်တွေ ထွက်လာဖို့ မျှော်လင့်သလို ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ပူတာအို ဒေသမှာ အလွန်လိုအပ်နေတဲ့ ဝန်ထမ်းအင်အားတွေလည်း များလာမယ်။

▲ဒေါ်အိအိဖြိုး(အလယ်တန်းပြ)၊ အထက(ပူတာအို)▲

ကလေးတွေက ခါတိုင်းနဲ့ မတူဘူးပေါ့။ ကလေးစာပေလို့ ပြောလိုက်ကတည်းက သုံးနှစ်ကျော်ပဲရှိသေးတဲ့ ကျွန်မရဲ့သမီးက သူတို့နဲ့သက်ဆိုင်တယ်ပေါ့နော်။ မနက်အစောကြီးကတည်းက လာချင်နေတာ။ အခန်းတွေထဲ လိုက်ကြည့်တယ်။ အခန်းတိုင်းကို သူ့အသက်အရွယ်နဲ့ကိုက်ညီမယ့် သူမမြင်ဖူးသေးတဲ့ အရာကို မြင်တွေ့ရတော့ ကောင်းပါတယ်။ ကလေးတွေအတွက် အများကြီး အကျိုးကျေးဇူးရှိပါတယ်။ မမြင်ဖူးတာလေးတွေ မြင်တွေ့ရတဲ့အကြောင်းမို့ ဗဟုသုတလေးတွေ ကောင်းပါတယ်။ ကလေးတွေ အတွက် အများကြီး အကျိုးကျေးဇူးရှိပါတယ်။ ကိုယ်နဲ့လက်လှမ်းမီသလောက် ပြောရမယ်ဆိုရင် ပြည့်စုံပါတယ်။

▲ဦးဒိန်ခန်ဒါဝိ (ဥက္ကဋ္ဌ)၊
ရဝမ်စာပေနှင့်ယဉ်ကျေးမှု၊ ပူတာအိုမြို့▲

ပူတာအိုတစ်ခုလုံးမှာရှိတဲ့ ထက်၊ လယ်၊ မူကျောင်းက ကလေးတွေဟာ ဒီမှာလာပြီး စုဝေးကြတဲ့အချိန်မှာ ကိုယ့်ဒေသမှာရှိတဲ့ တိုင်းရင်းသားရိုးရာပစ္စည်းတွေ၊ ဓလေ့ထုံးတမ်း စဉ်လာတွေနဲ့ ပတ်သက်ပြီးမှ ဗဟုသုတ ရပါစေ၊ တစ်နည်းတစ်ဖုံ သူတို့အတွက် အကျိုးပြုပါစေဆိုပြီး ကလေးစာပေပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် လာရောက်ပြသခြင်း ဖြစ်ပါတယ်။

ပထမဆုံးအကြိမ်ဆိုတော့ အောင်မြင်မှုကို ချက်ချင်းပြောလို့မရပါဘူး၊ စာအုပ်စာပေနဲ့ ပတ်သက်ရင် အောင်မြင်မှုက ဖြည်းဖြည်းမှရတာဖြစ်ပါတယ်။ သို့သော် ဒေသမှာ တစ်ခါမှမရှိဖူးသေးတဲ့ ကလေး စာပေပွဲတော် ကျင်းပပေးတဲ့အတွက် နိုင်ငံတော် အစိုးရကို ကျေးဇူးတင်ပါတယ်။ အစိုးရက အပင်ပန်းခံ၊ ငွေကုန်ခံ၊ အချိန်ကုန်ခံပြီးတော့ လုပ်ပေးတဲ့နေရာမှာ ကျွန်တော်တို့ကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်တယ်။
အဲဒီကျေးဇူးကို ဒီကလေးတွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ပြန်လည်စဉ်းစား ဆင်ခြင်မှ သူတို့လူကြီးဖြစ်လာရင် ဒီထက်ကောင်းတဲ့အရာတွေ လုပ်ဖို့ ၃၀ ရာခိုင်နှုန်း လောက်က ကလေးတွေရဲ့ ဦးနှောက်ထဲဝင်သွားမှာပဲ။ အဲဒီ ၃၀ ရာခိုင်နှုန်းနဲ့ ဆက်လုပ် မယ်ဆိုရင် ဒီထက်မက ကြီးကျယ်တဲ့ ပွဲတော်ကြီးတွေ တစ်ချိန်ချိန် ဖြစ်လာနိုင်တယ်။ နောက်လာကြည့်တဲ့ တချို့လူတွေကလည်း ကလေးတွေ ဆိုတော့ မမြင်ဖူးဘူး၊ ကိုယ့်ရဲ့ ရိုးရာပစ္စည်း ဘာမှန်းတောင်မသိတဲ့လူတောင်မှ ဒီအခန်းထဲမှာရှိတဲ့ လူကြီးတွေက ပြောလိုက်၊ ဆရာမတွေကပြောလိုက်နဲ့ ဗဟုသုတရသွားတာကို ကိုယ်တိုင်တွေ့မြင် ရလို့ တော်တော်လေးဝမ်းသာမိတယ်။

▲မခိုင်စန္ဒာစိုး(ကျောင်းသူ)၊ သတ္တမတန်း၊ အထက(ပူတာအို) ▲

ကလေးစာပေပွဲတော်မှာ သမီး အလွန်ကိုပျော်ပါတယ်ရှင့်။ အခုလို တောင်ပေါ် ဒေသမှာ ကလေးစာပေ ပွဲတော်ကြီးကို သမီးတို့အတွက် ခမ်းခမ်းနားနားကြီး ကျင်းပ ပေးတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ သမီးဆိုရင် ရန်ကုန်၊ မန္တလေး မပြောနဲ့၊ မြစ်ကြီးနားတောင် မရောက်ဖူးပါဘူး။ ဒါပေမယ့် တကယ့်မြို့ကြီး အတိုင်း လာပြီး ကျင်းပပေးတဲ့အတွက် အလွန်ပဲ ကျေးဇူးတင်ပါတယ်ရှင့်။

ဖွင့်ပွဲမှာ လူကြီးတွေ ဖဲကြိုးဖြတ်ပြီးတာနဲ့ သမီးနဲ့ သူငယ်ချင်းတွေက စာပေပွဲတော် သီချင်းနဲ့ ကပြဖျော်ဖြေ ပါတယ်။ ပြီးတော့ ကျပန်းစကားပြောပြိုင်ပွဲဆီ အမြန်ပြေးပြီး ပြိုင်ပါတယ်။ ပထမရလို့ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါတယ်ရှင့်။ အခုလို သမီးတို့ ငယ်ငယ်တုန်းကရခဲ့တဲ့ အတွေ့အကြုံဆိုတာ ဘာနဲ့မှ လဲလို့မရပါဘူး။ ဒါကြောင့် သမီးတို့ တောင်ပေါ်ဒေသက ကလေးတွေကို ဂရုစိုက်ပြီး လာရောက်ကျင်းပ ပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ကြောင်း ပြောချင်ပါတယ်ရှင့်။

သတင်းနှင့်ဓာတ်ပုံ-ကျော်စိုးနိုင်(ရွှေကူ)၊ သန်းလွင်ဦး(မိုးကောင်း)