ပျဉ်းမနားမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆဋ္ဌမတန်း (Grade-6) သင်ရိုးသစ် ဆွေးနွေးပွဲကျင်းပ

နေပြည်တော် မေ ၁၅

ဆဋ္ဌမတန်း (Grade-6) သင်ရိုးသစ် ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီတွင် ပျဉ်းမနားမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သွားရောက် ကြည့်ရှုအားပေး သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းပြခန်းအတွင်း ပြသထားသော သင်ရိုးဟောင်း၊ သင်ရိုးသစ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆဋ္ဌမတန်း (Grade-6) သင်ရိုးသစ် ဆွေးနွေးပွဲတွင် ဘာသာရပ်အလိုက် ဆွေးနွေးနေမှုများ၊ သင်ကြားသင်ယူ ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် မိမိတို့၏ သင်ကြား သင်ယူမှု အရည်အသွေး တိုးတက်မြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးစား အားထုတ် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် အလယ်တန်းပညာရေးစနစ်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်၍ ကျောင်းသား ကျောင်းသူများအား ပြန်လည်သင်ကြားရာတွင် အလွတ်ကျက်မှတ်မှုစနစ်မှ ကိုယ်တိုင် စဉ်းစား တွေးခေါ်နိုင်မည့် အလေ့အကျင့်ကောင်းများ ရရှိအောင် သင်ကြားပေးစေ လိုပါကြောင်း။

ပြဋ္ဌာန်းစာအုပ်အတိုင်း သင်ကြားရာတွင် မိမိတို့၏ အတွေ့အကြုံများ ပေါင်းစပ်၍ တီထွင် ဆန်းသစ်မှုကို အားပေးသည့် သင်ကြားသင်ယူမှုကောင်းများ ရရှိအောင် သင်ကြားပေးစေ လိုပါကြောင်း၊ ဆရာ ဆရာမများ၏ နေထိုင်စားသောက် ရေး ဆောင်ရွက်ထားမှုများနှင့် အခက်အခဲများ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဖြေရှင်း ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဆရာ ဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ဖြေကြားပြီး လိုအပ်ချက်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆွေးနွေးပွဲတွင် နည်းပြဆရာ ဆရာမ (၉၁) ဦးက ဘာသာရပ်အလိုက် ခေါင်းစဉ်ငယ်များခွဲ၍ ဆွေးနွေးပို့ချကာ ဆဋ္ဌမတန်း (Grade-6) သင်ရိုးသစ်သင်ကြားမည့် ဆရာ ဆရာမ (၂၉၁၉) ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ (၁၀) ရက်မှ မေ (၂၄) ရက် အထိဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)