ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော် မေ ၁၅

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဦးထိန်ဝင်း၏ “ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်အတွင်းရှိ ပဲကြီးကျွန်း - ပေါက်တပင် - ဆိပ်သာ - ကြွက်ကျွန်း လမ်းကြောင်းအား လွန်ခဲ့သည့် ၂ နှစ်ခန့်က World Bank အကူအညီဖြင့် ဖောက်လုပ်ရန် ကွင်းဆင်း၍ Survey တိုင်းထွာခဲ့သော်လည်း ယနေ့တိုင် အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိသေးသဖြင့် မည်သို့ ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်အတွင်း အရှည် ၄ မိုင် ၆ ဖာလုံရှိသော ပဲကြီးကျွန်း -ပေါက်တပင် - ဆိပ်သာ လမ်းပိုင်းတွင် ခြင်ဘို့ - ဒါးကကျေးလက်လမ်းပေါ်ရှိ ကျွန်းဦး - ကြို့ကုန်းလမ်းပိုင်းအရှည် ၃ မိုင် ၆ ဖာလုံနှင့် ပေါက်တပင် - ပဲကြီးကျွန်း လမ်းပိုင်းအရှည် ၁ မိုင်တို့ပါဝင်ပြီး လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပြီးပါက ကျေးရွာ စုစုပေါင်း ၃၀၊ အိမ်ခြေ ၄၉၂၉ အိမ်၊ လူဦးရေ ၂၀၀၀၀ ခန့်တို့၏ လူမှုစီးပွားဘဝကို တိုက်ရိုက်အကျိုးပြုမည်ဖြစ်ကြောင်း။

လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ရန် မြေနေရာရရှိရေးအတွက် တောင်လုံးစုကျေးရွာရှိ ပြည်သူများနှင့် ညှိနှိုင်းဆောင်ရွက် ရမည်ဖြစ်ပြီး ရေဝပ်ဧရိယာအတွင်း ဆောင်ရွက်ရမည့် မြေသားလမ်းနှင့် ကွန်ကရစ်လမ်းများအတွက် ရေရှည်တည်တံ့စေရန် Design သတ်မှတ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

ဟင်္သာတမြို့နယ်အတွင်းရှိ ပဲကြီးကျွန်း - ပေါက်တပင် - ဆိပ်သာလမ်းကို World Bank အကူအညီဖြင့် ကွင်းဆင်း တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်သော်လည်း လတ်တလော အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းပြောကြားသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဦးကျော်နီနိုင်၏ “ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး လမ်းလယ်ကျွန်းများ ပြုပြင် မွမ်းမံခြင်း” မေးခွန်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) မှ ဦးမင်းဆွေနိုင်၏ “ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာအုပ်စု နန်းခမ်းကျေးရွာနှင့် လယ်မီးကျေးရွာအုပ်စု ကျွန်းပင်သာကျေးရွာသို့ ချိတ်ဆက်ထားသော ကျေးရွာချင်းဆက် (ကုန်ထုတ်) မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုခြင်း” မေးခွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးမျိုးထပ် (ခ) ဆလိုင်းမျိုးထိုက်၏ “ချင်းပြည်နယ် ပလက်၀မြို့နယ် အတွင်းရှိ ကယက်-ဆားဒီ- ဝါဒိုင်ကုန်း-ဝါလောင်ကုန်း-ရွှေပြည်ကုန်း-စင်လီ-ပါဆင်းကျေးရွာများကြား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကားလမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ ဦးမာန်လောမောင်း၏ “မိတ္ထီလာမြို့မှ နေပြည်တော်သို့ အမြန်လမ်း အဝင်ဂိတ်တွင် ကံကောင်း Mini Toll Gate Class 2 မှ လမ်းမကြီး အသုံးပြုခ ငွေကျပ် ၁၀၀၀ နှင့် နောက်ဂိတ်တစ်ခုတွင် လမ်းဦးစီးဌာနမှ ငွေကျပ် ၂၀၀၀ ကောက်ခံသည့် ငွေကြေးများ မည်မျှရရှိသည်။ နိုင်ငံတော်အတွက် မည်သို့ အသုံးပြုသည်ကို ပွင့်လင်းမြင်သာမှုရှိပြီး ပြည်သူများသိရှိအောင် စာရင်းရှင်းတမ်း ထုတ်ပြန်ပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းများနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) မှ ဦးမောင်မောင်လတ်၏ “ တည်ဆဲဥပဒေနှင့် နည်းဥပဒေများကို ချိုးဖောက်၍ သတ္တုကျောက်မီးသွေးများ စုပုံသယ်ယူနေခြင်းနှင့် ခွင့်ပြုချက်မရဘဲ မြေလွတ်၊ မြေရိုင်းများ အရောင်းအဝယ် ပြုလုပ်ခဲ့ခြင်းအား ဥပဒေအရ အရေးယူဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြည်ညောင်ဒေသရှိ၊ စည်ပင်သာယာရေး ကော်မတီပိုင် ဘိလပ်မြေစက်ရုံတွင် အသုံးပြုရန်ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ် ဓားသွား ကျောက်ချောင်း ဒေသရှိ မြေဧရိယာ (၄၁၀၅) ဧက ကျယ်ဝန်းသည့် လုပ်ကွက်တွင် ဓာတ်သတ္တု အကြီးစားထုတ်လုပ်ရန် ခွင့်ပြုမိန့်ဖြင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၉ ရက်အထိ သက်တမ်း (၁၀) နှစ်ရှိသည့် ကျောက်မီးသွေး အကြီးစားလုပ်ငန်း သဘောတူ စာချုပ်ချုပ်ဆိုပြီး ကျောက်မီးသွေးထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

ကျောက်မီးသွေးသိုက်ရှိပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်သည့်အတွက် မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဓာတ်သတ္တု အကြီးစားထုတ်လုပ်ရန် ခွင့်ပြုမိန့်ဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှ ၂၀၃၃ ခုနှစ် နိုဝင်ဘာ ၉ ရက်အထိ သက်တမ်း ပြင်ဆင်၍ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်နှင့် သက်တမ်း (၂၅) နှစ်ရှိသည့် ကျောက်မီးသွေးအကြီးစား လုပ်ငန်းသဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဇွန် ၂ ရက်တွင် စာချုပ်ချုပ်ဆို လုပ်ကိုင် ဆောင်ရွက်ခဲ့ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် မြေနေရာသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်ရရှိသူ ဦးကိုနိုင်မှ ခွင့်ပြုမိန့် မရရှိခင်ကတည်းက ရာဘာ၊ မျောက် ငို စသည့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခဲ့သော်လည်း တောမီးလောင် ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ဆက်လက်စိုက်ပျိုးခြင်း မပြုဘဲ ၂၀၁၈ ခုနှစ်အထိ လှပ်ထားခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာအတွင်း ကျောက်မီးသွေးများ စုပုံထားရှိရန် မြေပြင်ရှင်းလင်းမှု စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကျောက်မီးသွေးများ စတင်စုပုံထားရှိလာသည့်အတွက် ခွင့်ပြုမိန့်မရရှိဘဲ စုပုံထားရှိမှုကို ဖယ်ရှားပေးရန် ခမ်းပတ်မြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ အကြောင်းကြားခဲ့ကြောင်း။

ဦးကိုနိုင်မှ စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိတော့သည့်အတွက် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ခွင့်ပြုမိန့်ကတ်ပြားကို ပြန်လည်အပ်နှံ ထားပြီးဖြစ်ကြောင်း၊ ၎င်းအပြင် ခွင့်ပြုမိန့်မရရှိမီ ဝင်ရောက်လုပ်ဆောင်နေသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဆက်လက်အသုံးပြုမည်ဆိုပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပါပြဋ္ဌာန်းချက် အတိုင်း လျှောက်ထားရယူရမည့်ကိစ္စရပ် ဖြစ်ကြောင်း၊ သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးမှုမရှိပါက ယခုနှစ် မေ ၂၁ ရက်မှ စ၍ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါက်တာခွန်ဝင်းသောင်း၏ “တစ်သျှူးငှက်ပျောများ ထပ်မံတိုးချဲ့စိုက်ပျိုးခြင်း မပြုရဟူသည့် ကချင်ပြည်နယ်အစိုးရ၏ တားမြစ်ချက်ကို ဖောက်ဖျက်ပြီး ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ တာဆိုင်၊ တိန်းပကျိုင်းကျေးရွာ ဒေသတစ်ဝိုက်တွင် သတ္တုတူးဖော်ရေး လုပ်ငန်းအမည်ခံ ပန်းမြတ်မာလာကုမ္ပဏီမှ တရားမဝင် စိုက်ပျိုးလုပ်ကိုင်နေခြင်းအပေါ် အမြန်ဆုံးအရေးယူ ဖြေရှင်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ဦးအေးမင်းဟန်၏ “မြန်မာ့ဆားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရန်နှင့် နိုင်ငံတကာအဆင့်မီ စားပွဲတင်ဆားများ ထုတ်လုပ်နိုင်ရန်အတွက် န်ိုင်ငံတော်မှ ထိရောက်သည့် နည်းပညာနှင့် အရင်းအနှီးများပံ့ပိုးပေးရန်၊ ပြည်ပ မှ တရားမဝင် ဝင်ရောက်လာသော ဆားများကို တားဆီးပေးရန်နှင့် ဆားကိုကုန်ကြမ်းအဖြစ် အသုံးပြုပြီး ကုန်ချော ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ တည်ထောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းများနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့တင်သွင်းသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးအောင်သိန်းက ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ စိစစ်တင်ပြချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ ဦးမောင်မောင်အုန်း၏ “မြန်မာ့ပင်လယ်ဆိပ်ကမ်း တစ်ခုဖြစ်သော ရခိုင်ပြည်နယ်၊ မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရေနံစိမ်းများကို ပိုက်လိုင်းမှ တစ်ဆင့် သယ်ယူရန်အတွက် တန်ချိန်သုံးသိန်းခန့်အရွယ်ရှိ ဧရာမဆီတင်သင်္ဘောကြီးများ ယင်းဆိပ်ကမ်းသို့ ဝင်ရောက် လျက်ရှိရာ၊ ကြီးမားသည့် မတော်တဆထိခိုက်မှု အန္တရာယ်များ အချိန်မရွေး ဖြစ်ပေါ်စေနိုင်ပြီး၊ ပမာဏများပြားသော ဆီယိုဖိတ်မှုများ (Heavy Oil Pollution) ဖြစ်ပေါ်နိုင်စေရာ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် ပြည်နယ်၊ တိုင်းဒေသကြီးများ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရမှ အချိန်မီနှင့် အမြန်ဆုံး အန္တရာယ်ကာကွယ်တားဆီးရေး ကိစ္စများကို ကြိုတင်စီမံခြင်းနှင့် ပြည့်စုံလုံလောက်သော ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ စီမံရေးဆွဲပေးရန်” ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) မှ ဦးမြင့်နိုင်က မြန်မာနိုင်ငံအတွင်း အကြီးဆုံးဆိပ်ကမ်းဖြစ်လာမည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအတွင်း ဝင်ထွက်လာမည့် ရေနံတင်သင်္ဘောကြီးများ၊ ကုန်တင်သင်္ဘောကြီးများ၊ မဒေးဆိပ်ကမ်းအတွင်း လက်ရှိဝင်ထွက်နေသည့် ဧရာမသင်္ဘောကြီးများသည် ရေနံယိုဖိတ်မှုများ ဖြစ်ပွားလာပါက ရေနံစိမ်းများ ဖုံးလွှမ်းညှစ်ထွေး သွားနိုင်ခြင်းကြောင့် သဘာ၀ရေမြေ၊ ဒီရေတောများ၊ ကျွဲနွား တိရစ္ဆာန်များ၊ ရေနေသတ္တဝါများ၊ ဇီဝမျိုးစိတ်များ ပျက်စီးခြင်းတို့ ဖြစ်ပေါ်လာနိုင်သဖြင့် သဘာဝသယံဇာတများနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ရန် အန္တရာယ်ကာ ကွယ်တားဆီးရေး ကြိုတင်စီမံခြင်းနှင့် ပြည့်စုံလုံလောက်သော ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို အချိန်နှင့် တစ်ပြေးညီ စီမံရေးဆွဲရန် လိုအပ်နေပြီဖြစ်ပါကြောင်း ဆွေးနွေးသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂) မှ ဒေါ်သီရိရတနာက ပင်လယ်ပြင်တွင် Oil Pollution ဖြစ်ခဲ့ပါက နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ကြုံတွေ့ရမည့် ပင်လယ်ပျော် ငှက်များ၊ ရေနေသတ္တဝါများ၊ ဒီရေတောများ၊ အပန်းဖြေကမ်းခြေများ ထိခိုက်ပျက်စီးမှုများ၊ ငါးဖမ်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်းစသည့် စီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာမှုတွေကို ခံစားရစေမည် ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ်ကိုပါ ကြီးမားစွာပျက်စီးဆုံးရှုံး စေနိုင်မည် ဖြစ်ပါကြောင်း။

မိမိ၏မဲဆန္ဒနယ်ဖြစ်သည့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်သည် ပင်လယ်ကမ်းရိုးတန်းကို ဆက်စပ်ပိုင်ဆိုင်ထားသည့် မြို့နယ်တစ်ခု ဖြစ်သည့်အတွက် ကမ္ဘာ့ရှားပါးမျိုးစိတ်ဖြစ်သည့် ရှားပါးငှက်များကို ပင်လယ်၀နှင့် ဆက်စပ်နေသည့် ကျေးရွာတစ်ရွာတွင် WWF အကူအညီဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားခြင်းများ ရှိပါကြောင်း၊ ထို့ပြင် ထိုဒေသ၌ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေမှုများ ရှိသည့်အတွက် Oil Pollution ဖြစ်စဉ်၏ နောက်ဆက်တွဲကိစ္စများ စိုးရိမ်မကင်းဖြစ်ရ ပါကြောင်း။

ထို့ကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် ပင်လယ်ကမ်းရိုးတန်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက် နိုင်ရန်၊ တိုင်းရင်းသားပင်လယ် ငါးဖမ်းလုပ်ငန်းများ၏ အသက်မွေးဝမ်းကျောင်းမှုများအပေါ် ထိခိုက်မှုများကို ကာကွယ် စောင့်ရှောက်နိုင်ရန်၊ တစ်ခြားသောနိုင်ငံများမှ မိမိတို့နိုင်ငံ၏ အဏ္ဏဝါရေပိုင်နက်တွင် ဖြစ်ပေါ်လာမည့် ကြိုတင်မမျှော်မှန်း နိုင်သည့် ကိစ္စရပ်များအတွက် အချုပ်အခြာအာဏာ စိုးမိုးနေစေရန်စသည့် အခြေအနေ အရပ်ရပ်ကို ကြိုတင်မျှော်တွေးပြီး လုပ်ဆောင်သင့်သည်များကို ကြိုတင်စောင်ရွက်ထားနိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဒေါ်နွယ်နွယ်အောင်နှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ ဒေါ်ရွှေရွှေစိန်လတ်တို့က ဆွေးနွေးကြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ကျန်ရှိနေသော လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကို သတ္တမနေ့ အစည်းအဝေးတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။

(သတင်းစဉ်)