မန္တလေးမြို့ရှိ တည်ဆောက်ပြီးစီးနေသည့် ဝန်ထမ်းအိမ်ရာတိုက်ခန်း ၂၄၀ တွင် ဇွန်လ အတွင်း နေရာချထားပေးမည်

မန္တလေး မေ ၁၄

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်း ကျေးရွာအနီးရှိ အောင်မြေ မန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းအတွင်း တည်ဆောက်နေသည့် ဝန်ထမ်း အိမ်ရာ တိုက်ခန်း ၂၄၀ မှာ လက်ရှိအချိန် တွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ခြင်းကြောင့် ဇွန်လအတွင်း နေရာချထားပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

တာဝန်ယူတည်ဆောက်

အဆိုပါတိုက်ခန်းများကို မြေဧက ၃၃ ဒသမ ၂၂ ဧကပေါ်တွင် ပြည်ထောင်စုအစိုး ရရန်ပုံငွေကျပ် သန်းပေါင်း ၃၆၀၀ သုံးစွဲ၍ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်း(မန္တလေး)က ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းမှစ၍ တစ်ခန်းလျှင် စတုရန်းပေ ၆၅၀ အကျယ်အဝန်းရှိ လေးခန်းတွဲ ငါးထပ်တိုက်လုံးရေ ၁၂ လုံး စုစုပေါင်းတိုက်ခန်း ၂၄၀ ကို တာဝန်ယူတည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တိုက်ခန်းတွေ ဆောက်လုပ်တဲ့လုပ်ငန်းနဲ့ လမ်းတွေဖောက်လုပ်တဲ့ လုပ်ငန်းတွေက ၁၀၀ ရာခိုင်နှုန်း ပြီးစီးသွားပါပြီ။ လျှပ်စစ်ဓာတ်အားရရှိဖို့လည်း အဆင်ပြေအောင်ဆောင်ရွက် ထားပြီးဖြစ်တဲ့အတွက် အိမ်သုံးမီတာတပ်ဖို့ပဲ ရှိပါတော့တယ်။ မီတာကလည်း ဇွန်လထဲမှာ ရမယ်ပြောတဲ့ အတွက် တိုက်ခန်းတွေမှာ ဝန်ထမ်းတွေ နေထိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ရှေ့ဆက်ပြီး ဒီဝန်ထမ်းအိမ်ရာ တွေမှာနေထိုင်နေကြတဲ့ ဝန်ထမ်းမိသားစုတွေ အဆင်ပြေစေဖို့ ကလေးကစားကွင်း၊ ပန်းခြံ၊ ဓမ္မာရုံနဲ့ အမိုးအကာပါပြီး လုံခြုံရေးစနစ်နဲ့ ကား၊ ဆိုင်ကယ်ရပ်နားနိုင် တဲ့နေရာတွေကိုလည်း ဆက်လက်ဆောင်ရွက် ပေးလျက်ရှိပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

နေရာချထားပေး

လက်ရှိတွင် အဆိုပါစီမံကိန်းဧရိယာအတွင်း၌ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေကျပ် ၁၀ ဘီလီယံဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၂၆၀ တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိတာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအား ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက နေရာချ ထားပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

"ဝန်ထမ်းတွေကို နေရာချထားမယ့်ပုံစံကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ အညီ ကျွန်တော်တို့ဌာနမှာ လျှောက်လွှာတင် ထားကြတဲ့သူတွေထဲက ဝင်ငွေနည်းဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေထဲမှာ ဝန်ထမ်းအများစုပါဝင်နေတဲ့သူ တွေကို ဦးစားပေးစနစ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ နေရာချထားရေးအဖွဲ့က ဇွန်လအတွင်း နေထိုင် ခွင့်ရရှိဖို့အတွက် စိစစ်ရွေးချယ်နေပါပြီ။ ဒါကြောင့် အခု အခန်း ၂၄၀ ကို နေရာချထားပေးပြီးပါက မနှစ်ကနေရာ ချထားပေးခဲ့ပြီးတဲ့ အခန်း ၂၆၀ နဲ့ ပေါင်းလိုက်ရင် မန္တလေး တိုင်းဒေသကြီးအတွင်းမှာ တာဝန်ထမ်း ဆောင်နေကြတဲ့ ဝန်ထမ်း ၅၀၀ ကို တစုတစည်းတည်း နေထိုင်ခွင့်ရရှိအောင်ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ပါတယ်"ဟု ညွှန်ကြား ရေးမှူးက ဆက်လက်ပြောသည်။

ထို့ပြင်မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေမှ ငွေကျပ်ကျပ်သန်းပေါင်း ၈၈၃၅ သန်း သုံးစွဲ၍ မြို့နယ် ၁၄ မြို့နယ်အတွင်း ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၅၃၀ ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် အပြီးတည်ဆောက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)