နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ တရားဝင်အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ခြင်းနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတမစ္စတာငုယင်ဖူးကျောင့်နှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရားဝင်အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့သည်။
၁၀-၅-၂၀၁၉ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဟနွိုင်းမြို့ရှိ မြန်မာ သံအမတ်ကြီးနေအိမ်တွင် သံအမတ်ကြီး ဦးကျော်စိုးဝင်း ဦးဆောင်သော မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြားကာ မြန်မာသံအမတ်ကြီးနှင့် ဇနီးတို့မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
၁၁-၅-၂၀၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ သည် ဟနွိုင်းမြို့ရှိ သူရဲကောင်းစစ်သည် ဗိမာန်သို့လည်းကောင်း၊ ဗီယက်နမ် အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်း၏ ဂူဗိမာန်သို့ လည်းကောင်း သွားရောက်ကာ လွမ်းသူ့ပန်းခွေချခဲ့သည်။ ဆက်လက်၍ ဗီယက်နမ် အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်း နေထိုင်ခဲ့သည့် နေအိမ်သို့ သွားရောက်လေ့လာခဲ့သည်။
▲အမြင်ချင်းဖလှယ်▲
ထို့နောက် နိုင်ငံတော်သမ္မတသည် ဗီယက်နမ်အစိုးရအဖွဲ့ရုံးသို့ သွားရောက်၍ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်စွမ်းဖုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် ခေတ်အဆက်ဆက်ခေါင်းဆောင်များနှင့် ပြည်သူများက ပြုစုပျိုးထောင်ခဲ့ကြသည့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးတွင် သမိုင်းမျက်နှာစာသစ် ဖွင့်လှစ်ခဲ့ပြီးနောက် မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု၏ အပြုသဘော တိုးတက်အောင်မြင်မှုများအပေါ်လည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့အပြင် ပူးပေါင်းဆောင် ရွက်မှုနယ်ပယ် များအားလုံးတွင် ပိုမိုထိရောက်စေရေးအတွက် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး၊ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ သစ်တောနှင့်သားငါးကဏ္ဍ၊ ပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆက်သွယ်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာ အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဒေသတွင်း နှင့် နိုင်ငံတကာကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု ထူထောင်ခြင်း (၄၅)နှစ် ပြည့်မြောက်မည့် ၂၀၂၀ ပြည့်နှစ်တွင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေး၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ရေး၊ အာဆီယံ၊ ကုလသမဂ္ဂ၊ အေဆမ်၊ မဲခေါင်ဒေသခွဲ ပူးပေါင်း ဆောင်ရွက်ရေးယန္တရားများစသည့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကူအညီ ပေးရေးကိစ္စများ၊ ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရာတွင် နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့် ၂၀၂၀-၂၀၂၁ ကာလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်အဖြစ် အရွေးချယ်ခံမည့် ဗီယက်နမ်နိုင်ငံအား မြန်မာနိုင်ငံမှ ထောက်ခံမှုပေးရေးကိစ္စများကို ဆွေးနွေး ခဲ့ကြသည်။
▲သဘောတူညီ▲
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား ၂၀၁၇-၂၀၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၇၆၄ သန်းခန့်ရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နဝမအဆင့် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုတွင် သတ္တမအဆင့် အများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်အတွက် နှစ်နိုင်ငံ ကုန်သွယ်မှု ရည်မှန်းချက်ဖြစ်သည့် အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ ထက် ပြည့်မီ ကျော်လွန်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက သဘော တူညီခဲ့သည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို ဆက်လက်ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ဗီယက်နမ် နိုင်ငံ၏ အောင်မြင်သည့် ပြုပြင်ပြောင်းလဲမှုရလဒ်များ အထူးသဖြင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက် ရှိမှုအပေါ် ချီးကျူးကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များတွင် ဗီယက်နမ်နိုင်ငံ၏ အစဉ်တစိုက် ထောက်ခံအားပေးမှုနှင့် အတွေ့ အကြုံများ မျှဝေပေးမှုကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။
▲ဆုတောင်းမိန့်ခွန်းများ ပြောကြား▲
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဗီယက်နမ်အစိုးရ ဧည့်ဂေဟာ၌ ဗီယက်နမ်ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်ပြီး ဗီယက်နမ်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတတို့မှ ဆုတောင်းမိန့်ခွန်းများ အပြန်အလှန် ပြောကြားခဲ့ကြသည်။
နိုင်ငံတော်သမ္မတသည် ယင်းနေ့ နေ့လယ်ပိုင်းတွင် တည်းခိုရာဟိုတယ်၌ ဗီယက်နမ်-မြန်မာ ပါလီမန်ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် လွှတ်တော် နှစ်ရပ်အကြား ထူထောင်ထားရှိသည့် ချစ်ကြည်ရေးအသင်းများအကြား အပြန်အလှန်ခရီးစဉ်များ ဖလှယ်ရေး ကိစ္စရပ်များအပါအဝင် လွှတ်တော်ချစ်ကြည်ရေးအသင်းများမှ တစ်ဆင့် နှစ်နိုင်ငံရှိလွှတ်တော်၊ အစိုးရနှင့် ပြည်သူများ အကြား ချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
▲ပြန်လည်သုံးသပ်▲
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ဗီယက်နမ်အမျိုးသား လွှတ်တော် ဥက္ကဋ္ဌရုံးသို့ သွားရောက်ပြီး ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ မဒမ်ငုယင်သီကင်ငန်းနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် သမ္မတဟိုချီမင်းတို့လက်ထက်တွင် စတင်သန္ဓေတည်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များအဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းမြှင့်တင်ခဲ့ကြသည့် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသည့် နှစ်နိုင်ငံ ဆက်ဆံရေးအား ပြန်လည်သုံးသပ်ခဲ့ကြပြီး လွန်ခဲ့သည့်နှစ်များအတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် အပြုသဘောဆောင်သည့် တိုးတက်မှုများရရှိခဲ့မှုနှင့် အာဆီယံနှင့် အခြားနိုင်ငံတကာ လွှတ်တော်အဖွဲ့ အစည်းများတွင် နှစ်နိုင်ငံလွှတ်တော် များအချင်းချင်း ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်နိုင်မည့် အလားအလာများနှင့် ပတ်သက်၍ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့သည်။
နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ယင်းနေ့ညနေပိုင်းတွင် ဗီယက်နမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ ၂၀၁၉ ခုနှစ်၊ ကုလသမဂ္ဂဗုဒ္ဓနေ့အခမ်းအနား သို့ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များအား တည်ခင်း ဧည့်ခံ သည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။
▲အဖွင့်မိန့်ခွန်းပြောကြား▲
၁၂-၅-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဟနမ် ပြည်နယ်ရှိ တန်ချု့အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓကွန်ဗင်းရှင်းစင်တာ၌ ကျင်းပ သည့် (၁၆)ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့အခမ်းအနားဖွင့်ပွဲသို့ တက် ရောက်ခဲ့သည်။ ယင်းအခမ်း အနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ကုလသမဂ္ဂဗုဒ္ဓနေ့နှင့်ပတ်သက်၍ အဖွင့်မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။
ယင်းသို့ အဖွင့်မိန့်ခွန်းပြောကြားရာတွင် ဂေါတမဗုဒ္ဓ၏ ဖွားမြင်ခြင်း၊ သဗ္ဗညုတဉာဏ်တော်ရရှိခြင်းနှင့် မဟာပရိနိဗ္ဗာန်စံဝင်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည့် နေ့ထူးနေ့မြတ်ကို ၁၉၉၉ ခုနှစ်တွင် အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၅၄/၁၁၅ ဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက ကုလသမဂ္ဂဗုဒ္ဓနေ့အဖြစ် အသိအမှတ် ပြုခဲ့ပြီးနောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားအား နှစ်စဉ်ကျင်းပခဲ့ပုံ နောက်ခံဖြစ်စဉ်ကိုလည်းကောင်း၊ မြန်မာနိုင်ငံသို့ အေဒီ(၂)ရာစု ပျူခေတ် မှစတင်ပြီး ဗုဒ္ဓသာသနာ စတင်ရောက်ရှိထွန်းကားလာ ခဲ့ပုံနှင့် ဗုဒ္ဓသာသနာ တော် ထွန်းကားပြန့်ပွားရေးအတွက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင် ရွက်နေမှုများ ကိုလည်းကောင်း၊ က္ဘာ့ငြိမ်းချမ်းတည်ငြိမ်မှုထိန်းသိမ်းရေး အတွက် ဘာသာတရား၏ အရေးပါသည့် အခန်းကဏ္ဍကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် ယနေ့ ကမ္ဘာကြီး၌ အကြမ်းဖက်မှု များနှင့် အနိဋ္ဌာရုံများ များပြားလာသည့် အချိန်မျိုးတွင် ဗုဒ္ဓ၏အဆုံးအမဖြစ်သည့် ချစ်ခြင်းမေတ္တာကို လက်ကိုင်ထားလျက် ငြိမ်းချမ်းစွာနှင့် သဟဇာတမျှတစွာ နေထိုင်နိုင်ရေးကို ဦးတည်သည့် ဗုဒ္ဓနေ့ အခမ်းအနားများကို နှစ်စဉ် ကျင်းပခြင်းမှာ ဆီလျော်မှန်ကန်မှုရှိပြီး ခေတ်ကာလအနေအထားအရ ပို၍ပင် လိုအပ်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ထွန်းကားရန် ကြိုးပမ်းမှုအဖြစ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ငြိမ်းချမ်းမေတ္တာအဖွဲ့ကြီး (Religions for Peace)က ဦးဆောင်လျက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပထမ အကြိမ်၊ ၂၀၁၉ ခုနှစ်၊ မေလဆန်းပိုင်းက ဒုတိယအကြိမ် စုစုပေါင်း နှစ်ကြိမ် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ နှစ်စဉ်ကျင်းပသည့် ဗုဒ္ဓနေ့အခမ်းအနား များမှတစ်ဆင့် မတူကွဲပြားသည့် ယဉ်ကျေးမှု၊ ဘာသာတရားနှင့် လူမှုအဖွဲ့ အစည်းများရှိ ပြည်သူများအကြား အပြန်အလှန်နားလည်မှုကို မြှင့်တင် နိုင်ရုံမျှမက ငြိမ်းချမ်းမှုကိုမြတ်နိုးသည့် ယဉ်ကျေးမှုစိတ်ဓာတ်အခြေခံကို ပြန်လည်နှိုးဆွ ဖန်တီးပေးနိုင်ရေးအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်းကိုလည်း အလေးပေးပြောကြားခဲ့သည်။
▲တက်ရောက်▲
(၁၆) ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့အခမ်းအနားကို ဗီယက်နမ် အစိုးရ၏ ကြီးကြပ်ပံ့ပိုးမှုအောက်တွင် ဗီယက်နမ်အမျိုးသား ဗုဒ္ဓသံဃအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ကျင်းပရေးကောင်စီတို့၏ ပူးပေါင်းစီစဉ် မှုဖြင့် မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု၊ နီပေါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေပီရှားမားအိုလီ၊ အိန္ဒိယနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဗန်ကီယာနိုင်ဒူး၊ ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်နှင့် UNES- CAP ၏ အမှုဆောင်အတွင်းရေးမှူး မစ္စ အာမီဒါ အလီရှာ ဘာနားနှင့် Vietnam Fatherland Front Central Committee ဥက္ကဋ္ဌ မစ္စတာ ထရန်တန်မန်းတို့လည်း ပါဝင်တက်ရောက်ခဲ့ကြပြီး မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ က္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၁၃ နိုင်ငံမှ ဗုဒ္ဓဘာသာဝင်ကိုယ်စားလှယ် ၁၆၀၀ ကျော်နှင့် ဗီယက်နမ်နိုင်ငံမှ ဗုဒ္ဓ ဘာသာဝင် ၂၀၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။
▲ဆက်ကပ်လှူဒါန်း▲
နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် နေ့လယ်ပိုင်းတွင် (၁၆)ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့အခမ်းအနား ကျင်းပရေးကော်မတီမှ အခမ်းအနားသို့ တက်ရောက်လာကြသူများအား တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။ ထို့နောက် တန်ချု့ဘုရားကျောင်းသို့ သွားရောက်ခဲ့ကြပြီး ဉာဏ်တော်အမြင့် လက်မ ၂၀ ရှိ ဗုဒ္ဓရုပ်ပွား ကြေးဆင်းတုတော်အား ဘုရားဂေါပကအဖွဲ့သို့ လှူဒါန်းခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဝင်များသည် တန်ချု့ဘုရား ကျောင်းမှတစ်ဆင့် နင့်ပင်ပြည်နယ်ရှိ ဘိုင်ဒိန် ရှေးဟောင်းဘုရားကျောင်းသို့ ထွက်ခွာခဲ့ကြပြီး ဗုဒ္ဓရုပ်ပွား တော်မြတ်များအား ကြည်ညိုပူဇော်ခဲ့ကြသည်။ ယင်းနောက် ဘိုင်ဒိန် သာသနိကနယ်မြေ ရှိ ဘောင်တပ် ဗုဒ္ဓတာဝါ (Bao Thap Stupa) သို့ ရောက်ရှိခဲ့ပြီး ရုပ်ပွား တော်အား ဆီမီး၊ အမွှေးနံ့သာနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
▲ကြည့်ရှုအားပေး▲
နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယင်းနေ့ညနေပိုင်းတွင် ဗီယက်နမ် ယဉ်ကျေးမှုဖျော်ဖြေပွဲ (The Quintessence of Tokin)သို့ သွားရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် Tuan Chau International Port သို့ ထွက်ခွာခဲ့ပြီး ယင်းမှတစ်ဆင့် သင်္ဘောဖြင့် Ha Long Bay တစ်လျှောက်လေ့လာခဲ့ကြသည်။ နိုင်ငံတော်သမ္မတသည် ယင်းနေ့နေ့လယ်ပိုင်းတွင် ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Chu Cong Phung နှင့်အဖွဲ့ဝင်များအားလည်းကောင်း၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက် ရှိသည့် ဗီယက်နမ်စီးပွားရေး လုပ်ငန်းရှင်များအား လည်းကောင်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမို နက်ရှိုင်း လာစေရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းအနေဖြင့် ကြိုးပမ်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်များအသီးသီးက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိမှုနှင့် လုပ်ငန်းများ ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည့် အစီအစဉ်နှင့်စပ်လျဉ်း၍လည်းကောင်း တင်ပြ ဆွေးနွေးခဲ့ကြသည်။
▲ပြန်လည်ရောက်ရှိ▲
နိုင်ငံတော်သမ္မတနှင့်ဇနီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၄-၅-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဟာဒုန်းပိုးရွာ (Ha Dong Silk Village) သို့သွားရောက်၍ ပိုးထည်ရက်လုပ်နေမှုများနှင့် ပိုးထည်ရောင်းချ နေမှုများကို လေ့လာခဲ့ကြသည်။
နိုင်ငံတော်သမ္မတဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည် ရောက်ရှိခဲ့သည်။
အဆိုပါခရီးစဉ်သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် သမ္မတရုံး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်လတ်နှင့် အဆင့်မြင့်အရာရှိများ လိုက်ပါသွား ခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်။