မြန်မာစီပီဖလား အမျိုးသားအလွတ်တန်း တင်းနစ်ပြိုင်ပွဲ ALENTS အသင်း ဗိုလ်စွဲ

ရန်ကုန် မေ ၁၃

မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်၏ Myan-mar CP ဖလားဇုန်အလိုက် နောက်ဆုံး အဆင့် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့ သိမ်ဖြူ တင်းနစ်ကွင်း၌ကျင်းပခဲ့ရာ အမျိုးသား အလွတ်တန်း အသင်းလိုက်ပြိုင်ပွဲတွင် ALENTS တင်းနစ်ကလပ်အသင်းက တက္ကသိုလ်တင်းနစ်ကလပ်အသင်းကို ၇-၆-၆-၇-၆-၃ ဖြင့် အနိုင်ရရှိကာ ဆုဖလား ဆွတ်ခူးရရှိသွားသည်။
ပြိုင်ပွဲများအပြီး အမျိုးသား အမျိုးသမီး အလွတ်တန်း တစ်ဦးချင်း၊ နှစ်ယောက်တွဲ၊ Mix နှစ်ယောက်တွဲ အသက် ၁၀ နှစ်၊ ၁၂ နှစ်၊ ၁၄ နှစ်၊ ၁၆ နှစ်အောက် အမျိုးသား အမျိုးသမီးတစ်ဦးချင်း အလွတ်တန်း အသင်းလိုက် အမျိုးသား(ဇုန်)အလိုက် အသင်းများအား ပထမ၊ ဒုတိယ၊ တတိယ ပူးတွဲရရှိကြသူများအား မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် အမှုဆောင်များMyanmar CP Stock Co.Ltd မှ တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် အမျိုးသားအလွတ်တန်း အသင်းလိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယ၊ အိုလံပစ်တင်းနစ်ကလပ်၊ မြစ်ကြီးနား တင်းနစ်ကလပ်၊ ဒုတိယဆု တက္ကသိုလ် တင်းနစ်ကလပ်အသင်းနှင့် ပထမ ဆုဖလားရရှိသွားသော ALENTS အသင်းတို့အား Myanmar CP မှ ဒုတိယဥက္ကဋ္ဌ မစ္စတာ ပရန်ယာက ဆုများချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန်းလွင်က ''တင်းနစ်ကစားနည်းကချက် ချင်းပြုစုပျိုးထောင်ဖို့ မလွယ်ဘူး။ တင်းနစ်ချန်ပီယံတစ်ယောက်ဖြစ်ဖို့ ဆိုရင် ရှစ်နှစ်မှ ဆယ်နှစ်အထိ ရှိတယ်။ တင်းနစ် က မျိုးဆက်ပျက်ပြီး နိမ့်ကျသွားတဲ့ အခြေအနေရှိတဲ့အတွက် နောင်မျိုးဆက် တွေကို ပြန်လည်ဆက်မှရမယ့်အတွက် ပြိုင်ပွဲကျင်းပတာပါ။ ဒီပြိုင်ပွဲမှာ အသက် ၁၄ နှစ်၊ ၁၆ နှစ်အောက် ကစားသမားများ လက်ရည်ကောင်းလာတာကို တွေ့ရ တယ်။ နောက် နှစ်နှစ်၊ သုံးနှစ်ဆိုရင် အလွတ်တန်းကစားသမားတွေနဲ့ တန်းတူ ယှဉ်ပြိုင်နိုင်မှာကို တွေ့ရမယ်။ ဆီးဂိမ်း ပြိုင်ပွဲအတွက် ပြိုင်ပွဲ သုံးကြိမ် ကျင်းပတယ်။ ပဏာမ အမျိုးသား၊ အမျိုးသမီး ခြောက်ဦးစီ ရွေးထားတယ်။ မေ၊ ဇွန်၊ ဇူလိုင် စခန်းသွင်းပြီး ယူနန်မှာ ပူးတွဲ လေ့ကျင့်မှုကို တစ်လခွဲလုပ်မယ်။ ယူနန် အိုပင်းမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်''ဟု ပြောသည်။
အဆိုပါပြိုင်ပွဲကို မေ ၄ ရက်က ကျင်းပခဲ့ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဇုန်အသင်းလိုက်များမှ အားကစားသမား ၁၃၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အေကေလင်း
ဓာတ်ပုံ-အာကာစိုး