မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ အရေးပေါ် ဆင်းသက်ခဲ့သည့် လေယာဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေ

ရန်ကုန် မေ ၁၃

မြန်မာအမျိုးသားလေကြောင်းလိုင်း မှ ခရီးသည်တင်လေယာဉ်တစ်စင်း မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် မေ ၁၂ ရက်က အရေးပေါ်ဆင်းသက် ခဲ့ပြီးနောက် လေယာဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း အရေးပေါ် ဆင်းသက်ခဲ့သည့်လေယာဉ်၏ လေယာဉ် မှူးကြီး ဦးမြတ်မိုးအောင်က ပြောကြားသည်။
▲စုံစမ်းစစ်ဆေးမည်▲
''ကျွန်တော်တို့အမြင်အရ ပြောရရင် လေယာဉ်ကိုရွှေ့ပြောင်းဖို့ ကရိန်းနဲ့ မတဲ့အခါကျတော့ ဘီးကကန့်လန့် ဖြစ်နေတယ်။ ပုံမှန်က Verticle ပဲ ရှိရမယ်။ အဲဒါအတွက်ကြောင့်မို့လို့ ထင်တာပါပဲ။ ဒါတွေကလည်း တာဝန် ရှိသူတွေအနေနဲ့ စုံစမ်းစစ်ဆေးရေး လုပ်ပါမယ်။ ဘယ်နေရာတွေက လိုအပ် တာလဲဆိုတာတွေကို နောက်မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျွန်တော် တို့လုပ်မှာပါ'' ဟု လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က ပြောကြားသည်။
▲လေယာဉ်ပြင်ဆင်ရေး▲
လက်ရှိတွင် အာမခံကုမ္ပဏီများ အနေဖြင့် လေယာဉ်ကို သွားရောက် ကြည့်ရှုလျက် ရှိပြီး လေယာဉ်ပြင်ဆင် ရေးအဖွဲ့များကိုလည်း ခေါ်ယူထား ကြောင်းသိရသည်။
▲ထိခိုက်ဒဏ်ရာရသူမရှိ▲
မြန်မာအမျိုးသားလေကြောင်း လိုင်းမှ Embraer 190၊ XY-AGO လေယာဉ်သည် ခရီးစဉ်အမှတ် ယူဘီ (၁၀၃)ဖြင့် ရန်ကုန်-မန္တလေး ခရီးစဉ် ကို မေ ၁၂ ရက်က ပျံသန်းခဲ့ရာ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဆင်းသက်ရန်ပြင်ဆင်စဉ် လေယာဉ် ရှေ့ဘီးတွင် ပြဿနာဖြစ်ပေါ်ခဲ့၍ အရေးပေါ်အနေအထားဖြင့် ဆင်းသက် ခဲ့ရသည်။ လေယာဉ်အရေးပေါ် ဆင်းသက်ခဲ့ရသော်လည်း ခရီးသည် များ၊ လေယာဉ်မှူးအပါအဝင် လေယာဉ် အမှုထမ်းများအားလုံး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
▲ချီးကျူးဂုဏ်ပြု▲
မြန်မာအမျိုးသားလေကြောင်းက ယင်းဖြစ်စဉ်တွင် ညီညွတ်စွာ ဆောင်ရွက်ခဲ့ကြသော ခရီးသည်များ နှင့် လေယာဉ်အဖွဲ့သားများအား လည်းကောင်း၊ လေယာဉ်အရေးပေါ် အခြေအနေ၌ ဆုံးဖြတ်ချက်မှန်ကန်ပြီး ဘေးကင်းစွာ မောင်းနှင်ပေးခဲ့သော လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် လေယာဉ်အမှုထမ်းများ အားလုံးအား ကျေးဇူးတင်ချီးကျူးဂုဏ်ပြု မှတ်တမ်း တင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
▲ဂုဏ်ပြုပွဲပြုလုပ်ပေးမည်▲
ယင်းခရီးစဉ်တွင် ပါဝင်ခဲ့သော မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာ ရှိချုပ် ဦးစိုးမိုးကျော်က ''ကျွန်တော်တို့ ခရီးသည်တွေအားလုံးရဲ့ ကုသိုလ်ကြောင့် ပါသလို လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်ရဲ့ ကျွမ်းကျင်မှု၊ လိမ္မာပါးနပ်မှု သာမက မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့အသက်ကို ကယ်တင်ပေး နိုင်ခဲ့တယ်။ အဲဒီအတွက် လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နဲ့ လေယာဉ် အဖွဲ့သားအားလုံးကို အလွန်ကိုကျေးဇူး တင်တယ်။ ကျွန်တော်တို့ ခရီးသည်တွေ အားလုံးစုပြီးတော့ ဒီလထဲဖြစ်ဖြစ်၊ ရှေ့လထဲဖြစ်ဖြစ် လေယာဉ်မှူးကြီးနဲ့ လေယာဉ်အဖွဲ့သား အားလုံးကို ကျေးဇူးဆပ်ဂုဏ်ပြုပွဲလုပ်ပေးဖို့ စီစဉ် နေပါတယ်''ဟု ပြောကြားသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ-MNA