နိုင်ငံတကာလေယာဉ်များ ဆင်းသက်ခွင့်ကို ယာယီပိတ်ထားခဲ့သည့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အား နေ့ချင်းပြီး ပြန်လည်ခွင့်ပြုပေးနိုင်ခဲ့

မန္တလေး မေ ၁၃

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်အမှတ် XY-AGQ, Emb-raer 190AR(ခရီးစဉ်အမှတ် UB 103) လေယာဉ်သည် မေ ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်မှ မန္တလေးအပြည် ပြည်ဆိုင်ရာ လေဆိပ်အဆင်းတွင် လေယာဉ် မတော်တဆဖြစ်စဉ်ကြောင့် နိုင်ငံတကာလေယာဉ်များ ဆင်းသက် ခွင့်ကို ယာယီပိတ်ထားခဲ့ရသော်လည်း နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်မှု ကြောင့် ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံတကာလေယာဉ်များ ဆင်းသက်ခွင့် ကို ခွင့်ပြုပေးနိုင် ခဲ့ကြောင်း သိရသည်။
အဆိုပါလေယာဉ်သည် မေ ၁၂ ရက်က မန္တလေးလေဆိပ်သို့ အဆင်း တွင် ရှေ့ဘီးချမရ၍ ခရီးသည်များ ထိခိုက်မှု မရှိစေရန် နောက်ဘီးကိုအားပြု၍ အရေးပေါ်ဆင်းသက်ခဲ့ပြီး လေယာဉ် ပြေးလမ်း၏ ပေ ၅၀၀၀ ခန့် အရောက်တွင် ရပ်တန့်သွားသဖြင့် လေယာဉ်ကြီးများ ဆင်းသက်ခွင့်ကို ယာယီပိတ်ထားခဲ့ရ သော်လည်း မတော်တဆဖြစ်ပွားခဲ့သည့် လေယာဉ်ကို အချိန်မီဖယ်ရှားရှင်းလင်း နိုင်မှုကြောင့် ယင်းနေ့ မွန်းလွဲ ၃ နာရီ ခွဲတွင် နိုင်ငံတကာလေယာဉ်များ ဆင်းသက်နိုင်ရန် ခွင့်ပြုပေးနိုင်ခဲ့ကြောင်း အဆိုပါလေဆိပ်တာဝန်ခံ ဦးကျော်ဆန်း က ပြောသည်။
''ဒီလေယာဉ်က ရှေ့ဘီးချမရတဲ့ အတွက် ရှေ့ပိုင်းကို ဦးစိုက်အနေအထားနဲ့ လေယာဉ်ပြေးလမ်းရဲ့ ပေ ၅၀၀၀ လောက် မှာ ရပ်တန့်သွားခဲ့တယ်။ ဒါကြောင့် လက်ရှိ အနေအထားအရ လေယာဉ် ဆင်းသက်ဖို့ ယာယီကွင်းပိတ်ရမယ်လို့ ခန့်မှန်းထားပေမယ့် ကျွန်တော်တို့ ကွင်းက ပေ ၁၄၀၀၀ ရှိတဲ့အတွက် ကျန် တဲ့ ပေ ၉၀၀၀ လောက်မှာ ပြည်တွင်းက လေယာဉ်ငယ်လေးတွေ ဆင်းသက်ဖို့ အဲဒီနေ့ နံနက် ၁၁ နာရီခွဲမှာ ခွင့်ပြု ပေးခဲ့ပြီး မတော်တဆဖြစ်ခဲ့တဲ့ လေယာဉ် ကို ပြေးလမ်းကနေ နေ့ချင်းပြီး ဖယ်ရှား ရှင်းလင်းနိုင်ခဲ့တဲ့အတွက် အဲဒီနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်မှာပဲ နိုင်ငံတကာ လေယာဉ်ကြီးတွေ ဆင်းသက်ဖို့ ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်း လေယာဉ်တွေ အတက် အဆင်းပြုလုပ်နေပါပြီ'' ဟု ၎င်းက ပြောသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)