တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံ အမတ်ကြီး မစ္စတာဟုန်လျန် အားလက်ခံတွေ့ဆုံ

နေပြည်တော် မေ ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်လျန် အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ် သာဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် တရုတ်နိုင်ငံမှ ပါဝင်ကူညီ ဆောင်ရွက်ပေးနေမှုနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်နှင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဆောင်ရွက်ရမည့် အခြေ အနေ၊ နယ်စပ်ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်မှု ၊ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းကြောင်း စီမံကိန်းသည် မြန်မာနိုင်ငံအတွက် အကျိုးပြုမည့် စီမံကိန်း လုပ်ငန်းများပါဝင်နေသည့် အခြေအနေ၊ ရခိုင်ပြည်နယ်အရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးနေမှုနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး