ကျိုက်ဒေးယျုံဆံတော်ရှင် စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ ဘုံ(၃)ဆင့် ရွှေထီးတော် ဆက်ကပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

 

နေပြည်တော် မေ ၁၂

ကျိုက်ဒေးယျုံဆံတော်ရှင် စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ရတနာ ငှက်မြတ်နားတော်၊ ဘုံ(၃)ဆင့်ရွှေထီး တော်ဆက်ကပ်ခြင်း၊ လုံးတော်ပြည့် ရွှေရောင်စတီးသင်္ကန်း ကပ်လှူခြင်း၊ ဗားမဲ့အောက်ဆံတော်ရှင် အပါအဝင် ဗားမဲ့ဂူဘုရား ငါးဆူအား ပြန်လည် ပြုပြင်၍ လုံးတော်ပြည့်ရွှေရောင်စတီး သင်္ကန်းကပ်လှူခြင်းနှင့် ထီးတော်တင်လှူ ပူဇော်ခြင်း၊ ပေ ၄၀၀၀ ကွန်ကရစ် တောင်တက်ကားလမ်း ဖောက်လုပ်ခြင်း၊ သာသနိက အဆောက်အအုံများ ပြုပြင်တိုးချဲ့ခြင်း ၊ သောက်သုံးရေ ကန်အသစ် တိုးချဲ့တည်ဆောက်ခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ရင်ပြင်၌ ကျင်းပသည်။

ရှေးဦးစွာ နံနက် ၈ နာရီ ၁၀ မိနစ်တွင် နိုင်ငံတော်ပရိယတ္တိသာသန တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတအဂ္ဂမဟာ ဇောတိကဓဇ ဂုဏ်ထူးဆောင် ဓမ္မပါရဂူ ဒေါက်တာ ဘဒ္ဒန္တကုမာရ ဆရာတော်ကြီး ဦးဆောင်၍ မော်ကွန်း ကမ္ပည်း ကျောက်စာနှင့် ပေ ၄၀၀၀ ကွန်ကရစ်တောင်တက် ကားလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး အမွှေးနံ့ သာများ ပက်ဖျန်းပေးကြသည်။

ထို့နောက် နိုင်ငံတော်ပရိယတ္တိ သာသနတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရ အရှင်သူမြတ်က အဖွင့်ဩဝါဒမြွက်ကြားပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစန္ဒိမာထံမှ ဧည့်ပရိသတ်များ က ကိုးပါးသီလခံယူဆောက်တည်၍ ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။

ယင်းနောက် ကျိုက်ထီးဆောင်း ဒုတိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနာဂဒီပမှ စေတီ တော်မြတ်ကြီးအား ရတနာစိန်ဖူး တော်၊ ရတနာငှက်မြတ်နားတော်၊ ရွှေထီးတော်ဆက်ကပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း လျှောက်ထားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာ့နုဂ္ဂဟ အသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာ ခင်ရွှေက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် ဇေကမ္ဘာမိသားစုမှ နဝကမ္မ အလှူငွေကျပ်သိန်း ၃၀၀ ကို ကျိုက်ထီးဆောင်း ဒုတိယဆရာတော်ထံ ဆက်ကပ် လှူဒါန်းပြီး တက်ရောက်လာသော ဘုရားဒါယကာ၊ ဒါယိကာမများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ် ပစ္စည်းများအား ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ကျိုက်ထီးဆောင်း ဒုတိယဆရာတော် ဒေါက်တာဘဒ္ဒန္တ နာဂဒီပက လှူဒါန်းမှု အစုစုအတွက် ရေစက်ချ တရား ဟောကြားအမျှပေးဝေကာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့အား ဒေဝါဝင်း၊ ရာဇာဝင်း ခြံရံလျက် စေတီတော် အထွတ်သို့ ပင့်ဆောင်ကာ ဆရာတော်အရှင်သူမြတ်တို့က ဇယမင်္ဂလာအောင်ဂါထာများဖြင့် ရွတ်ဆိုပူဇော်၍ အောင်မြင်စွာ ထီးတော် တင်လှူပူဇော်သည်။ ထို့နောက် ကြွရောက်လာကြသော ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ကြ သည်။

သတင်း၊ ဓာတ်ပုံ- မင်းမင်း