နေပြည်တော်စည်ပင်ဘဏ်လီမိတက် ယုံကြည်စိတ်ချရသော ဘဏ်တစ်ခုအဖြစ် ရောက်ရှိရန် အားလုံး ဝိုင်းဝန်းကြိုးပမ်း

 

 

နေပြည်တော် မေ ၁၂

 

နေပြည်တော်စည်ပင်ဘဏ်လီမိတက်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ နေပြည်တော် စည်ပင်ဘဏ်လီမိတက် နာယက ဒေါက်တာ မျိုးအောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိမ်း၊ နေပြည်တော် ကောင်စီဝင်များဖြစ်ကြသော ဗိုလ်မှူးကြီး မင်းနောင်၊ ဦးအောင်မြင်ထွန်း၊ ဦးတင်ထွန်း၊ ဗဟိုစီးပွားရေးကော်မတီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များဖြစ်ကြသော ဦးမင်းသူ၊ ဒေါ်စံပယ်ထွေး၊ ဦးမင်းသိမ်း၊ ဦးဆန်းနိုင်နှင့် ဦးကျော်ဇင်လတ်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ မိတ်ဖက်ဘဏ်များမှ တာဝန်ရှိသူများနှင့် နေပြည်တော်စည်ပင်ဘဏ် လီမိတက်မှ ဝန်ထမ်းများ တက်ရောက်ကြသည်။

 

▲▲ မတည်ရင်းနှီးငွေ တိုးမြှင့်ထည့်ဝင် ▲▲

 

ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် နေပြည်တော်စည်ပင် ဘဏ်လီမိတက်နာယက ဒေါက်တာမျိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဘဏ်၏လက်ရှိ ကောင်းမွန်တည်ငြိမ် ခိုင်မာမှုကို ဆက်လက် ထိန်းသိမ်းထားရှိပြီး ဘဏ်လုပ်ငန်းများ တိုးတက်အောင်မြင်စေရန်အတွက် မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၊ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေနှင့် မြန်မာနိုင်ငံ စာရင်းကိုင် စံများနှင့်အညီ ညွှန်ကြားချက်များအား လိုက်နာ၍ တိုးတက် ပြောင်းလဲလာသော Digital Banking ကို IT နည်းပညာ ကျွမ်းကျင်မှုများဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခိုင်မာစိတ်ချ၊ ယုံကြည်စိတ်ချရသော ဘဏ်တစ်ခု ဖြစ်အောင် မတည်ရင်းနှီးငွေများကိုလည်း နှစ်စဉ်တိုးမြှင့်ထည့်ဝင် ဆောင်ရွက်သွားပြီး ပိုမိုတိုးတက်အောင်မြင်သည့် ဘဏ်တစ်ခုအဖြစ်သို့ ရောက်ရှိရန် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

 

▲▲ အစီရင်ခံစာ ဖတ်ကြားတင်ပြ ▲▲

 

ဆက်လက်၍ နေပြည်တော်စည်ပင် ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးရဲမင်းဦးက လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး နေပြည်တော်စည်ပင်ဘဏ် လီမိတက် အမှုဆောင်အရာရှိချုပ် ဦးခင်လတ်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အစီရင်ခံစာအား ဖတ်ကြားတင်ပြသည်။

 

ထို့နောက် အခမ်းအနားမှူးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် နေပြည်တော်စည်ပင်ဘဏ် လီမိတက် ဒါရိုက်တာ အဖွဲ့ဝင်များ၏ အမည်စာရင်းအား ကြေညာပြီး Managing Partner JF-Group Audit Firm မှ ဦးဝမ်းတင်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၏ စာရင်းစစ်အစီရင်ခံစာကို တင်ပြသည်။

 

▲▲ ရှေ့လုပ်ငန်းစဉ်တင်ပြ ▲▲

 

ဆက်လက်၍ နေပြည်တော်စည်ပင် ဘဏ်လီမိတက်၏ ရှေ့လုပ်ငန်းစဉ်များအား ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ငြိမ်က ဆက်လက် တင်ပြပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် ပြင်ပစာရင်းစစ် ဦးဝင်းသင် (Win Consulting Limited) အား ရွေးချယ်ခန့်အပ်ခဲ့ကာ နေပြည်တော် စည်ပင်ဘဏ်လီမိတက် ‘ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမင်းဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်