ဒုတိယဝန်ကြီး ဦးကျော်လင်း ပုလုံးတုံးတုံး တံတားတည်ဆောက်ရေးစီမံကိန်း၊ မြိတ်-ကော့သောင်း လမ်းနှင့် ၎င်းလမ်းပေါ်ရှိ တံတားများအား ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော် မေ ၁၂

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် မေ ၁၀ ရက် ညနေပိုင်းတွင် ကော့သောင်းမြို့ အနီးရှိ ပုလုံးတုံးတုံး တံတား တည်ဆောက်ရေး စီမံကိန်းအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

▲▲ အရည်အသွေးပြည့်မီရေး ဦးစားပေးဆောင်ရွက် ▲▲

 

ရှေးဦးစွာ တံတားရှင်းလင်းဆောင်တွင် တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က တံတား အုတ်မြစ်နှင့် တံတားပုံစံကို မြေပြင်အခြေအနေနှင့် ကိုက်ညီ အောင် ရေးဆွဲခဲ့မှုနှင့် ပင်လယ်လှိုင်းဒဏ်၊ ငလျင်ဒဏ်ခံနိုင်ရန် ပုံစံထုတ်လုပ်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ တံတား တည်ဆောက်ရေးအဖွဲ့ (၄)မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးထွန်းက တံတား တည်ဆောက်ရေးလုပ်ငန်း အစီအစဉ်နှင့် ပြီးစီးမှုအခြေအနေ၊ လုပ်ငန်းအရည်အသွေး စစ်ဆေးမှု၊ ရန်ပုံငွေ ရရှိမှုနှင့် ထပ်မံလိုအပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့က တံတားပြီးစီးမှု အခြေအနေများကို တံတားရှင်းလင်းဆောင်မှ ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းအရည်အသွေး (QC) စစ်ဆေးရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပြီး အရည်အသွေးပြည့်မီရေး ဦးစားပေးဆောင်ရွက်ရန်၊ ပင်လယ် ရေနှင့် ထိစပ်နေသော တံတားဆောက်လုပ်မှု အပိုင်းဖြစ်သည့် အတွက် Construction Materials များတွင် ဆားဓာတ် ပါဝင်မှုမရှိစေရေး သေချာစွာ စိစစ်အသုံးပြုရန်နှင့် Concrete လောင်းရာတွင်လည်း Chloride Test ကို အမြဲတမ်း ဆောင်ရွက်သွားကြရန် မှာကြားသည်။

 

▲▲ တံတားတည်ဆောက်နေမှု ကြည့်ရှု ▲▲

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မေ ၁၁ ရက်တွင် မြိတ်- ကော့သောင်းလမ်း မိုင်တိုင်အမှတ် (၂၂၆/၄) နှင့် (၂၂၆/၅) ကြား စက်ယန္တရားများဖြင့် ကတ္တရာကွန်ကရစ် လမ်းခင်းနေမှု၊ မိုင်တိုင်အမှတ် (၁၇၂/၆) အနီး ကျောက်ကြီးချောင်း ပေ ၁၃၀ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှု၊ လေညာ-ရတနာပုံ လမ်း ၂၄ ပေအကျယ် ကွန်ကရစ် လမ်းခင်းခြင်းနှင့် ၆ ဒသမ ၂ ကီလိုမီတာနှင့် ၆ ဒသမ ၃ ကီလိုမီတာအကြား ပေ ၆၀ အရှည် သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

 

▲▲ တံတားဒီဇိုင်းပုံစံ ထုတ်လုပ်ခဲ့မှု ရှင်းလင်းတင်ပြ ▲▲

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မြိတ်-ကော့သောင်းလမ်း မိုင်တိုင်အမှတ် (၄၉/၄) အနီးရှိ မီတာ ၄၄၀ အရှည်ရှိသော တနင်္သာရီ တံတားတည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိခဲ့ကြရာ တံတားရှင်းလင်းဆောင်တွင် တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်နှင့် တံတား တည်ဆောက်ရေးတာဝန်ခံ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးထွန်းတို့က တံတားဒီဇိုင်းပုံစံ ထုတ်လုပ်ခဲ့မှု၊ တံတားဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်း စီမံချက်နှင့် ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

 

▲▲ ရန်ပုံငွေ အလေအလွင့် ဆုံးရှုံးမှုမရှိအောင် ဆောင်ရွက် ▲▲

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တံတားရှင်းလင်းဆောင်မှ တံတားတည်ဆောက်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ပုံငွေ အလေအလွင့် ဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ကြရန်၊ လုပ်ငန်းအရည်အသွေး ပြည့်မီကောင်းမွန်စွာ ဆောင်ရွက်ကြရန်နှင့် တံတားကြီးပြီးစီး သွားပါက တံတားဟောင်းမှ ဆယ်တင်ရရှိသော တံတားဘေလီပေါင်များကို တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောင်ရွက်နေသော ကျေးရွာနေ ပြည်သူအများစု အကျိုးပြုစေမည့် ကျေးလက်လမ်းများ ပေါ်တွင် ရွှေ့ပြောင်း အသုံးပြုသွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်