MNA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး မန္တလေးလေဆိပ်အဆင်းတွင် ရှေ့ဘီးထုတ်မရသော်လည်း ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိစေရန် ဆင်းသက်နိုင်ခဲ့

မန္တလေး မေ ၁၂

Myanmar National Airlines လေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး -ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY-AGQ, Embraer 190AR (ခရီးစဉ်အမှတ် UB103) နှင့် ခရီးသည် ၈၂ ဦး တင်ဆောင်လာသော လေယာဉ်သည် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အဆင်းတွင် လေယာဉ်ရှေ့ဘီး ထုတ်မရသော်လည်း ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရန် ဆင်းသက်နိုင်ခဲ့ကြောင်း မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ခံ ဦးကျော်ဆန်းက ပြောကြားသည်။

အဆိုပါလေယာဉ်သည် ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်က ရန်ကုန်လေဆိပ်မှ မန္တလေးသို့ ထွက်ခွာလာခဲ့ပြီး မန္တလေးလေဆိပ်သို့ ၈ နာရီ ၁၅ မိနစ်တွင် ဆင်းသပ်ရမည်ဖြစ်သော်လည်း လေယာဉ်ဆင်းသက်ချိန်တွင် လေယာဉ်၏ ရှေ့ဘီး Nose Landing Gear မကျသဖြင့် ၈ နာရီ ၂၆ မိနစ်တွင် Air traffic control tower ကို သတင်းပေးပို့ပြီး လေထဲ၌ ပျံဝဲကာ လေဆိပ်သို့ ၉ နာရီ ၆ မိနစ်တွင် လေယာဉ် နောက်ဘီးကို စတင်ချ၍ ဆင်းသက်ပြီး အမြန်နှုန်းကုန်ဆုံးသွားသည့် အချိန်တွင် လေယာဉ်အရှေ့ပိုင်းကို  ချ၍ ဆင်းသက်နိုင်ခဲ့ခြင်းကြောင့် လေယာဉ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည်များ တစ်စုံတရာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

''ဒီလေယာဉ်က မန္တလေးလေဆိပ်ကို ဆင်းခါနီးမှာ လေယာဉ်ရဲ့ Nose Landing Gear က အလုပ်မလုပ်ဘူး။ Normal Function မဖြစ်ဘူးလို့ သတင်းပို့ပြီး လေထဲမှာပဲ ဆီကုန်အောင် ဝဲပျံပြီး အဆင်းမှာ နောက်ဘီးကို အရင်ချပြီး အရှိန်ကုန်သွားတဲ့အချိန်ကျမှ လေယာဉ်အရှေ့ပိုင်းကို အနည်းငယ်ငိုက်ပြီး ဆင်းသက်လာတဲ့အတွက် ပေ ၅၀၀၀ လောက်မှာ လေယာဉ်ဦးစိုက် အနေအထားနှင့် ရပ်တန့်သွားတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၈၂ ဦးနဲ့ လေယာဉ်အမှုထမ်း ၇ ဦးပါလာပြီး အားလုံး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒီလိုသတင်းကြားကြားချင်း အရေးပေါ်အစီအစဉ်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးက ကြိုတင်ဆောင်ရွက်ထားပြီး လိုအပ်တဲ့ အကူအညီတွေကို ပေးခဲ့ကြပါတယ်။ လက်ရှိအခြေအနေအရ ၄ နာရီလောက်အထိ ကွင်းပိတ်ထားမယ်လို့ ခန့်မှန်းထားပေမယ့် ကျွန်တော်တို့ လေယာဉ်ကွင်းက ပေ ၁၄၀၀၀ လောက် အထိ ရှည်တဲ့အတွက် ကျန်တဲ့ ပေ ၉၀၀၀ လောက်မှာ သက်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနရဲ့ ခွင့်ပြုချက်နဲ့ လေယာဉ်အသေးလေးတွေကို နံနက် ၁၁ နာရီခွဲကစပြီး ဆင်းသက်ဖို့ လုပ်နေပါပြီ။ ကျန်တဲ့ နိုင်ငံတကာ လေယာဉ်ကြီးတွေ ဆင်းသက်နိုင်ဖို့အတွက် အခု ဒီလေယာဉ်ကို ဖယ်ရှားဖို့ လုပ်နေပါပြီ။ ခန့်မှန်းအားဖြင့် ဒီနေ့ ညနေပိုင်းမှာ လေယာဉ်ကြီးတွေ ဆင်းသက်ဖို့ ဖွင့်ပေးနိုင်မှာပါ''ဟု ၎င်းက ပြောသည်။

အဆိုပါလေယာဉ်တွင် စီးနင်းလိုက်ပါလာသူ မေ့ဆေးဆရာဝန် ဒေါက်တာစိုးမြင့်က ''ကျွန်တော်တို့ အဖွဲ့က စစ်ကိုင်းမြို့မှာ ရှိတဲ့ ဇီဝိတဒါန သံဃာဆေးရုံမှာ လုပ်အားဒါနအဖြစ် ဆေးကုပေးဖို့ လာခဲ့တာပါ။ လေယာဉ်က ၈ နာရီ ၁၅ မိနစ်မှာ ဆင်းရမှာကို မဆင်းဘဲ တောင်နဲ့ မြောက်ကို ပတ်ပြီး အမြန်နှုန်း မလျော့ဘဲ မောင်းနေတာကို သတိထားမိတယ်။ အဲဒီအချိန်မှာ လေယာဉ်ဝန်ထမ်း တွေက  လေယာဉ်က Nose Landing Gear က အလုပ်မလုပ်တဲ့အတွက် လေယာဉ်ကို ပတ်မောင်း နေရတယ်။ သိပ်တော့ စိတ်ပူစရာ မရှိဘူးလို့ လာပြောပြီးတော့ ၉ နာရီလောက်မှ ဆင်းနိုင်ခဲ့တယ်။ လေယာဉ်ဆင်းသွားတာတောင် ထူးထူးခြားခြား သိပ်မရှိပါဘူး။ ဒီလို အရေးပေါ်အခြေအနေမှာ လေယာဉ်မှူးကြီးက စိတ်ကို တည်တည်ငြိမ်ထားပြီး ဆုံးဖြတ်ချက် မှန်ကန်စွာနဲ့ လုပ်သွားနိုင်ခဲ့ပါတယ်'' ဟု ပြောသည်။

အဆိုပါ လေယာဉ်မတော်တဆဖြစ်ပွားရာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ လာရောက်ခဲ့ပြီး လေယာဉ် မတော်တဆဖြစ်ပွားခဲ့မှု အခြေအနေနှင့် လေယာဉ်မတော်တဆမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသော ခရီးသည်များ၊ လေယာဉ်မှူးနှင့် အဖွဲ့သားများကို အားပေးစကား ပြောကြားခဲ့ကြောင်းနှင့် လက်ရှိတွင် လေယာဉ်အား ပြေးလမ်းမှ ဖယ်ရှားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)