ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ရန်ကုန်မြို့ပတ်လမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်နေမှု ကြည့်ရှု စစ်ဆေး

ရန်ကုန် မေ ၁၁

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ပတ် လမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်နေမှု လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။

 

တံတားတည်ဆောက်နေမှုကြည့်ရှု

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အလုံဘူတာသို့ရောက်ရှိပြီး ရန်ကုန်မြို့ပတ်လမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်နေမှုနှင့် အလုံဘူတာယာဒ်ဝင်းအတွင်း အရှည် ၅၇ ပေ ၆ လက်မ၊ အကျယ် ၄၄ ပေ၊ လူသွားလမ်း အကျယ်တစ်ဖက်စီ သုံးပေရှိ တံတားတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး သည်။

 

မြို့ပတ်လမ်းပိုင်း အဆင့်မြှင့်တင်

 

ဆက်လက်၍ နာနတ်တောခုံးကျော တံတားအနီး အုတ်တံတိုင်းပြုလုပ်နေမှု၊ တညင်းကုန်း ဘူတာယာဒ်ဝင်း လမ်းပြုပြင်တည်ဆောက်နေမှုနှင့် Level Crossing ပြုလုပ်နေမှု၊ မင်္ဂလာဒုံ Level Crossing ပြုလုပ် တည်ဆောက်နေမှုတို့အား ကြည့်ရှု စစ်ဆေးပြီး မင်္ဂလာဒုံဘူတာယာဒ်ဝင်း အတွင်းရှိ ရွှေတောင် ကုမ္ပဏီလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရွှေတောင်ကုမ္ပဏီရှိ တာဝန်ရှိသူများက ရန်ကုန်မြို့ ပတ်လမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း၊ တံတားများအဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းတို့အား အပိုင်းလိုက် ရှင်းလင်းတင်ပြသည်။

 

သံလမ်းနှင့် ဇလီဖားများလုံလောက်ရေး

 

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ မိုးတွင်းကာလတွင်လည်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ဆောင်ရွက်သွားကြရန်၊ အချက်ပြ စနစ်များအား လမ်းပိုင်းပြုပြင်ပြီးချိန်တွင် အချိန်မီပြီးစီးအောင် ဆောင်ရွက် သွားကြရန်၊ ကျောက်လက်ကျန်နှင့် ထပ်မံ ရောက်ရှိလာမည့်ကျောက်များအား ပြည့်စုံလုံလောက်မှုရှိစေရေး စီမံဆောင် ရွက်ထားရန်၊ သံလမ်းနှင့် ဇလီဖားများလည်း လုံလောက်မှုရှိစေရေး စီစဉ် ဆောင်ရွက်ထားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ ကြောင်း သိရသည်။

 

(သတင်းစဉ်)