နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ (၅) နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၁၁

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်း (IOM)တို့ ပူးပေါင်း၍ နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ ၅ နှစ်တာ လုပ်ငန်းစီမံချက် ၂၀၁၈-၂၀၂၂ မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၂) နာရီက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က အမှာစကားပြောကြားရာတွင် နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ ၅ နှစ်တာ လုပ်ငန်းစီမံချက်(၂၀၁၈-၂၀၂၂) ကို အများပြည်သူသိရှိစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ (IOM Global Migration Indicators 2018 )အရ ကမ္ဘာ့လူဦးရေ ၇ ဒသမ ၆ ဘီလီယံခန့်ရှိသည့်အနက် ၂၅၈ မီလီယံခန့်သည် ရွှေ့ပြောင်းသွားလာနေရပြီး ၁၅၀ ဒသမ ၃ သန်း အနက် ၇ ဒသမ ၈ ရာခိုင်နှုန်းသည် အရှေ့တောင် အာရှမှ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ပါကြောင်း၊ အလုပ်အကိုင်အခွင့် အလမ်းနည်း ပါးခြင်း၊ လုပ်ခ လစာကွာခြားခြင်း၊ လုပ်သားဈေးကွက် ကွာဟချက်ရှိခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာခြင်း တို့ကြောင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု မြင့်တက်နေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ရွှေ့ပြောင်း သွားလာလုပ်ကိုင်ခြင်းဆိုင်ရာ မူဝါဒများ ချမှတ်ထားပြီး ၁၉၉၉ ခုနှစ် ပြည်ပ အလုပ် အကိုင်ဆိုင်ရာ ဥပဒေအရ အစိုးရ၊ ပြည်ပ အလုပ်အကိုင် အေဂျင်စီတစ်ခု အပါအဝင် ပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၂၇၇ ခုနှင့် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ အရှေ့အလယ်ပိုင်း နိုင်ငံအချို့နှင့် ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများကို စနစ်တကျ စေလွှတ်ပေးလျက် ရှိကြောင်း ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ရွှေ့ပြောင်းအလုပ်သမားများအတွက် စိန်ခေါ်မှု များခြင်းကြောင့် ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းအပါအဝင် ဆက်စပ်ဝန်ကြီးဌာနများ၊ အပြည် ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ် သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲထားသည့် နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ ၅ နှစ်တာ လုပ်ငန်း စီမံချက်(၂၀၁၈-၂၀၂၂) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အရှေ့ တောင်အာရှနှင့် အခြားနိုင်ငံများတွင်သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် ရရှိစေခြင်းဖြင့် ဂုဏ် သိက္ခာရှိသော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရေး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ပံ့ပိုးပေးရန် ရေရှည်မျှော်မှန်းထား ကြောင်း၊ အမျိုးသားအဆင့် ဒုတိယ ၅ နှစ် တာလုပ်ငန်းစီမံချက်တွင် ရွှေ့ပြောင်း လုပ်သားများကို အကာအကွယ် ပေးခြင်းနှင့် ဆိုင်သည့် လုပ်ထုံးလုပ်နည်းများ ပိုမိုခိုင်မာအားကောင်း အောင် လုပ်ဆောင် ခြင်း၊ ဘေးကင်းလုံခြုံစိတ်ချရသည့် လုပ်သား စုဆောင်းခြင်း၊ ပြည်ပမထွက်ခွာမီနှင့် အလုပ်မခန့်မီ ပို့ချပေးသော လုပ်ငန်းခွင် အကြိုသင်တန်းများနှင့် ကျွမ်းကျင်မှု သင်တန်းများ၊ ဥပဒေ ကြောင်းအရ ကူညီပံ့ပိုးပေးခြင်း၊ ပြည်ပရောက် ရွှေ့ပြောင်း လုပ်သားများအတွက် အထောက်အပံ့ဖြစ် စေမည့် ဝန်ဆောင်မှုများပေးခြင်း၊ အမျိုးသား စီးပွားရေးဖွံ့ဖြိုးမှုမူဝါဒများ ချမှတ်ရာတွင် လုပ်သား ရွှေ့ပြောင်းခြင်းနှင့် စပ်လျဉ်းသည့် ကဏ္ဍအလိုက် ထည့်သွင်းခြင်း၊ မိသားစု လွှဲပို့ငွေများ စနစ်တကျ ဖြစ်ရေးနှင့် ကောင်းမွန်စွာ အသုံးချရေး၊ ရွှေ့ပြောင်းလုပ်သားများ၏ မိသားစုများအား ပံ့ပိုးကူညီခြင်း၊ ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်ခြင်းနှင့် မိသားစုပြန်လည် ပေါင်းစည်းခြင်း၊ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရေးဆောင်ရွက်ခြင်း၊လုပ်သားများ ရွှေ့ပြောင်းခြင်းဆိုင်ရာ သတင်းအချက် အလက်များ၊ စီမံခန့်ခွဲမှုစနစ်များ တိုးတက်အောင် လုပ်ဆောင်ခြင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု စသည့် မဟာဗျူဟာမြောက် ကဏ္ဍများ ထည့်သွင်းထားကြောင်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းအဖွဲ့မှ အတွင်းရေးမှူးနှင့် IOM မှ Liaison and Programme Officer တို့က နိုင်ငံတကာ လုပ်သား များ ရွှေ့ပြောင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ ၅ နှစ်တာ လုပ်ငန်း စီမံချက် ၂၀၁၈-၂၀၂၂ နှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်မှုအကြောင်းအရာများကို ရှင်းလင်းပြော ကြားခဲ့သည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)မြန်မာမှ Chief of Mission Mr. Akio Nakayama နှင့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။
(သတင်းစဉ်)