အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မန္တလေးရုံးခွဲ ဖွင့်လှစ်

မန္တလေး မေ ၁၁

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မန္တလေးရုံးခွဲဖွင့်လှစ်ခြင်းအခမ်းအနား ကို ယနေ့နံနက် ၈ နာရီက ချမ်းမြသာစည် မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၂ လမ်း၊ မြို့ဟောင်း ဘူတာဈေးအနီး ကွင်းအမှတ် (၄၀၇) ဗာဂျီးနီးယား ဆေးလုပ်ငန်း စက်ရုံ ဝန်း အတွင်းရှိ အဆိုပါရုံး အဆောက်အဦတွင် ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ မန္တလေးမြို့တော်ဝန်၊ တိုင်းဒေသကြီးဝန်ကြီး များ၊ UNDP နှင့် UNODC မှ တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း များ မှ ကိုယ်စားလှယ်များ၊ မီဒီယာများနှင့်ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဂတိ လိုက်စားမှုတိုက်ဖျက် ရေးသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဖွံ့ဖြိုးရန် အရှိန်ယူနေသည့် နိုင်ငံများနှင့် အသွင်ကူးပြောင်းရေး ကာလ တွင် ရောက်ရှိနေသည့် နိုင်ငံများအတွက် အလွန် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဟု ထင်မြင်ပါ ကြောင်း၊ အဂတိလိုက်စားမှုသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေမှုကို နှောင့်နှေးစေရုံသာမက လူတန်း စား မညီမျှမှုများနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခြင်းများဖြစ်စေနိုင်ကြောင်း။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ လုပ်ငန်းစဉ်များသည် တိုင်းပြည် အတွက်အလွန်အရေး ကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး နိုင်ငံအတွက်၊ ပြည်သူအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင် ရခြင်းဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများကို ကော်မရှင်တစ်ခုတည်းဖြင့် အောင်မြင်အောင်လုပ်ဆောင်၍ မရပါကြောင်း၊ ပြည်သူများ အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရမည် ဖြစ်ပါကြောင်း။
မန္တလေးတိုင်းဒေသကြီးအတွင်းမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားထားသည့် တိုင်ကြားစာပေါင်း ၁၆၇၇ စောင် ရှိပြီး အဂတိမမြောက်သည့် တိုင်စာ ၁၆၈ စောင်ကို မိမိတို့အစိုးရ အဖွဲ့ထံ ပြန်လည်ပေးပို့ထားကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မန္တလေးမြို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ရုံးခွဲ ဖွင့်လှစ်ခြင်းအတွက် ကြိုဆိုပါကြောင်းနှင့် အဆိုပါ ကော်မရှင်အဖွဲ့နှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်သည် ယခုရုံးခွဲကို ဗဟိုပြု၍ မန္တလေးတိုင်းဒေသကြီးနှင့် ဆက်စပ်နေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပညာပေးရေး လုပ်ငန်းများ၊ တာဆီးကာကွယ်ရေးလုပ်ငန်း များနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ပိုမိုထိရောက်လျင် မြန်စွာ ဆောင်ရွက်နိုင်မည့်အပြင် အစိုးရ ဌာနများ၊ စီးပွားရေးလုပ်ငန်း များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံလူထု အား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံ ဆွေးနွေးနိုင်ခွင့်လည်း ရရှိလာမည်ဖြစ်ပါကြောင်း။ ကော်မရှင်၏ အဓိကရည်ရွယ်ချက် များဖြစ်သော '' သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ထွန်းစေရန်၊ အများပြည်သူ ဆိုင်ရာ အုပ်ချုပ် ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုး တက်လာစေရန်၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်း နှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွား များ ထိခိုက်မှု မရှိစေရေးအတွက် အကာအကွယ်ပေး ရန်'' ဟူသော အချက်များ အကောင်အထည်ဖော် နိုင်ရေး အတွက် များစွာ အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည် ပါကြောင်း။
ကော်မရှင်မှ ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း အဂတိလိုက်စားမှု တိုက်ဖျက် ရေးလုပ်ငန်းများကို အထိုက်အလျောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတော်သမ္မတကြီးနှင့်တကွ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံရေး စိတ်ဆန္ဒပြင်းပြမှုနှင့် ပြည်သူ လူထုတစ်ရပ်လုံး၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး နိုးကြားမှုရေချိန် မြင့်မားလာမှုတို့ကြောင့် ဖြစ်သည်မှာ ထင်ရှားပါ ကြောင်း။ ထို့ကြောင့် နိုင်ငံတော် အစိုးရက ပေးအပ်ထားသော ကော်မရှင်၏ ရည်မှန်းချက်တာဝန်များကို အပြည့်အဝ အောင်မြင်သည်အထိ ထမ်းရွက်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အကြီး မှူးများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့ အစည်း များနှင့် ပြည်သူလူထုတစ်ရပ်လုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အဘက် ဘက်မှ ဆက်လက်ဝိုင်းဝန်းကူညီ ပေးကြပါရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မန္တလေးရုံးခွဲ အဆောက်အဦအတွင်းသို့ လှည့်လည်ကြည့် ရှုခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
ဓာတ်ပုံ- အောင်ဖြိုးကျော်