Yangon Investment Forum 2019 ကျင်းပပြုလုပ်

ရန်ကုန် မေ ၁၀

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ကမကထဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှု၊ Myanmar Investors Development Association (MIDA) နှင့် Pricewaterhouse Coopers Co. တို့၏ ပံ့ပိုးကူညီမှုတို့ဖြင့် Yangon Investment Forum 2019 ကို Lotte Hotel Yangon ၌ မေ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါဖိုရမ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

ဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ် များနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်မြို့အခြေစိုက် ပြည်ပသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံး အရာရှိကြီးများ၊ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်း ပြည်ပ သတင်း မီဒီယာများ စုစုပေါင်းလူဦးရေ ၁၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သော ဂုဏ်ပြုအမှာစကားကို ထုတ်လွှင့်ပြသခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အောင်မြင်စေရန် စုပေါင်းအားရဲ့ အရေးပါမှုကို ခိုင်မာစွာ ယုံကြည်ပါကြောင်း၊ အစိုးရပိုင်းက ခိုင်မာတဲ့ မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်း မူဘောင်များကို ချမှတ်အကောင်ထည်ဖော်ရာတွင် ပုဂ္ဂလိကကဏ္ဍနှင့်လည်း အတူတကွပူးပေါင်း၍ တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော စီးပွားရေး ဝန်းကျင်ဖြစ်စေဖို့ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမှာစကားကို သီးခြားဖော်ပြထားပြီး ဖြစ်ပါသည်။)

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက “ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် ပြင်ပရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ဖို့ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို အသစ်ဖွဲ့စည်း တည်ထောင်ထားပြီး ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့ပြင် စီးပွားရေးအသိုက်အဝန်း၏ လိုအပ်ချက်နှင့် ဆောင်ရွက်ချက်များကို ပိုမိုသိရှိနားလည်ရေးအတွက် မိမိအနေဖြင့် စီးပွားရေး အသိုက်အဝန်းက အသံများကို ဆက်လက်၍ အလေးအနက် နားထောင်ပြီး ပြည်သူများ၏ အကျိုးစီးပွားအတွက် အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ယနေ့ဖိုရမ်ရဲ့ ဆောင်ပုဒ်မှာ “Yangon Region: Investment Hub in Myanmar” ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေး အဓိက အချက်အချာကျသည့် နေရာသာမက အာရှတိုက်၏ ရင်းနှီးမြှုပ်နှံမှု အချက်အချာနေရာဖြစ်ရန် ရည်ရွယ်ပါကြောင်း”ပြောကြားခဲ့သည်။

ထို့နောက် Myanmar Investors Development Association (MIDA) ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး အခမ်းအနား အစီအစဉ်အရ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ တင်ပြချက်များနှင့် စကားဝိုင်းဆွေးနွေးပွဲများကို အသီးသီးကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ ပါဝင်တက်ရောက်သူများသည် ၂၀၁၉ ခုနှစ်မေလ ၁၁ ရက်နေ့တွင် သီလဝါ အထူးစီးပွားရေးဇုန်၊ လှိုင်သာယာ စက်မှုဇုန်နှင့် MICT Park တို့သို့ သွားရောက်လေ့လာကြမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဖိုရမ်သည် ပြည်တွင်း/ပြည်ပ ကုမ္ပဏီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ညနေပိုင်းတွင် Lotte Hotel ၌ Myanmar Investors Development Association (MIDA) က ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံရာ ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)