နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်အောင်ဆန်း၏ ဘိုးဘွား မိဘများ တည်ထားကိုးကွယ်ခဲ့ကြသည့် သစ္စာအောင်၊ မေတ္တာအောင်၊ ပညာအောင် စေတီတော် များအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်းနှင့် ငြိမ်းချမ်းရေးတံခွန်တိုင်၊ ငြိမ်းချမ်းရေး ခေါင်းလောင်းတော် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြည်ညို

နေပြည်တော် မေ ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နတ်မောက်မြို့ ဒီပင်္ကရာ ကျောင်းတိုက်အတွင်း၌ ကျင်းပသည့် ဗိုလ်ချုပ် အောင်ဆန်း၏ ဘိုးဘွားမိဘများ တည်ထား ကိုးကွယ်ခဲ့ကြသည့် သစ္စာအောင်၊ မေတ္တာအောင်၊ ပညာအောင် စေတီတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင် လှူပူဇော်ခြင်းနှင့် ငြိမ်းချမ်းရေး တံခွန်တိုင်၊ ငြိမ်းချမ်းရေး ခေါင်းလောင်းတော် ရေစက်ချမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။

အခမ်းအနား မစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သစ္စာအောင်၊ မေတ္တာအောင်၊ ပညာအောင် စေတီတော်များ အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ပြီး နတ်မောက်မြို့ ဒီပင်္ကရာကျောင်းတိုက် ပဓာန နာယကဆရာတော်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တစန္ဒဝံသအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနတို့က နတ်မောက်မြို့ ဒီပင်္ကရာကျောင်းတိုက်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေး ခေါင်းလောင်းတော်အား (၉)ချက် ထိုး၍ ဗိုလ်ချုပ်အောင်ဆန်း၏ ဘိုးဘွားမိဘများ တည်ထားကိုးကွယ်ခဲ့ကြသည့် ဘိုးမြတ်အေး-မယ်သူဇာ စေတီတော်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းကပ်လှူပူဇော်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဟာဗောဓိပင်အား ရေစင်သွန်းလောင်း ပူဇော်သည်။

အဆိုပါ မဟာဗောဓိညောင်ပင်ကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက မြန်မာနိုင်ငံလွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအား ရည်စူး၍ စိုက်ပျိုးပူဇော်ရန်အတွက် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှ ပင့်ဆောင်လာပြီး ၁၉၅၄ ခုနှစ် စက်တင်ဘာ ၂၅ ရက် နံနက်တွင် ဒီပင်္ကရာကျောင်း တိုက်အတွင်း စိုက်ပျိုးပူဇော်ခဲ့ကြောင်း သိရသည်။

ထို့နောက် သစ္စာအောင်၊ မေတ္တာအောင်၊ ပညာအောင် စေတီတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ခြင်းနှင့် ငြိမ်းချမ်းရေး တံခွန်တိုင်နှင့် ငြိမ်းချမ်းရေးခေါင်းလောင်းတော် ရေစက်ချမင်္ဂလာ အခမ်းအနားကို ကျင်းပရာ ဒီပင်္ကရာကျောင်းတိုက် ပဓာနနာယကဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပရိတ်သတ်များက ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူသည့် ပရိတ်တရားတော်များ ကို နာယူကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။

ယင်းနောက် နတ်မောက်မြို့ ဒီပင်္ကရာကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တစန္ဒဝံသ၏ သာရဏိယဩဝါဒကထာကို ခါတော်မီ ဆရာတော် ဘဒ္ဒန္တသုမနက ဖတ်ကြားတော်မူ သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပရိတ်သတ်များက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက ဓမ္မာဓိပတိကျောင်းဆရာတော် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဘဒ္ဒန္တ ဣန္ဒကာလင်္ကာရာဘိဝံသမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။

ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်း မိဘဘိုးဘွားများ၏ ကောင်းမှုစေတီတော် ပန်းလည်တိုင် ဟောင်းဖြင့် ထုလုပ်ထားသည့် လေးမျက်နှာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဆရာတော်နိမ္မလ (နတ်မောက် ဘုန်းနွယ်) က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးအပ်ချီးမြှင့်တော်မူသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မင်္ဂလာအခမ်းအနားသို့ ကြွရောက်တော ်မူလာကြသည့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်း သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်က နတ်မောက်မြို့ ၊ ဒီပင်္ကရာကျောင်းတိုက်တွင် (၃) နှစ်တာ နေထိုင်ပြီး မူလတန်းပညာများနှင့် လောကုတ္တရာပညာရပ်များကို သင်ကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျား စာကြည့်တိုက်အား ကြည့်ရှုသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နတ်မောက်ပြည်သူ့ဆေးရုံ၌ ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ဒုတိယမြောက် မြန်မာ-တရုတ်ချစ်ကြည်ရေး ဆေးရုံအဖြစ် လှူဒါန်းပြီး မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှ ပူးပေါင်းကူညီဆောင်ရွက်သည့် နတ်မောက်မြို့ ပြည်သူ့ဆေးရုံ ပြုပြင်မွမ်းမံခြင်း၊ အရေးပေါ်နှင့် ပြင်ပလူနာဌာန အဆောက် အအုံသစ် လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားနှင့် ဆေးရုံရှေ့၌ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၊ မြန်မာ- တရုတ် ပူးပေါင်း ဆက်ဆံရေး ဗဟိုအသင်းမှ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးချောင်တို့က နတ်မောက် ပြည်သူ့ဆေးရုံ အရေးပေါ်နှင့် ပြင်ပလူနာဌာန အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ် သံအမတ်ကြီးတို့က အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ပုံတူရုပ်တုကို မင်္ဂလာကြိုးဆွဲ၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်သူ့ဆေးရုံ အရေးပေါ်နှင့် ပြင်ပလူနာဌာန အဆောက်အအုံသစ် ကဗ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးပြီး အရေးပေါ်နှင့် ပြင်ပ လူနာဌာနအတွင်းနှင့် ဆေးရုံတက်လူနာ များကို လိုက်လံကြည့်ရှုအားပေးသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နတ်မောက်မြို့ ပြည်သူ့ဆေးရုံ အရေးပေါ်နှင့် ပြင်ပလူနာဌာန အဆောက်အအုံသစ် လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် န်ိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ပြည်သူများ အရည်အချင်းရှိရန် လိုအပ်သလို ကျန်းမာရန်လည်း လိုအပ်ပါကြောင်း၊ ထို့အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးကို အလေးထားရန် လိုအပ်ပါကြောင်း၊ ယခု ဆေးရုံပြုပြင် မွမ်းမံနိုင်သည့်အတွက် နတ်မောက်မြို့နယ်မှ ပြည်သူများသာမက မကွေးတိုင်းဒေသကြီးမှ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးကို ထိခိုက်နိုင်မည့် အပြုအမူများကို ရှောင်ရှားကြမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးကို စေတနာထား ဆောင်ရွက်ပေးနေသည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ ပြည်သူများအနေဖြင့် ကျန်းမာရေးကောင်းမွန်ရန်၊ စည်းကမ်းရှိရန်၊ တာဝန်သိရန်၊ ဇွဲကောင်းရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တရုတ်သံအမတ်ကြီးက နတ်မောက်မြို့ ပြည်သူ့ဆေးရုံ အရေးပေါ်နှင့် ပြင်ပလူနာ ဌာန အဆောက်အအုံသစ် လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နတ်မောက်မြို့ ပြည်သူ့ဆေးရုံအား ပြုပြင် မွမ်းမံပြီး အရေးပေါ်နှင့် ပြင်ပလူနာဌာန အဆောက်အအုံသစ် ဆောက်လုပ်လှူဒါန်းသည့် အတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို တရုတ်သံအမတ်ကြီးထံ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တရုတ်သံအမတ်ကြီးက နတ်မောက်မြို့ ပြည်သူ့ဆေးရုံ အရေးပေါ်နှင့် ပြင်ပ လူနာဌာန အဆောက်အအုံသစ်၊ မူလအဆောင်များ ပြုပြင်မွမ်းမံရန်နှင့် ဗိုလ်ချုပ်အောင်ဆန်း ပုံတူ ရုပ်တုတို့နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် က နတ်မောက်မြို့ ပြည်သူ့ဆေးရုံ အရေးပေါ် နှင့် ပြင်ပလူနာဌာန အဆောက်အအုံသစ် ဆောက်လုပ်ရာတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ သည့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း၊ အရည်အသွေး ကောင်းမွန်စွာ တာဝန်ယူ တည်ဆောက်ပေးခဲ့သည့် Art Wave Co., Ltd၊ ဆေးရုံသုံးပစ္စည်း ကိရိယာများ တပ်ဆင်ပေးသော China Sinopharm International Corporation၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူရုပ်တုအား ထုလုပ်လှူဒါန်းသော Fujian Nanshan Group နှင့် ဆေးရုံအတွက် ရေစင်လှူဒါန်းသော ၁၉၇၆-၁၉၈၂ ဆေးတက္ကသိုလ် (၁) ကျောင်းသား၊ ကျောင်းသူဟောင်းများ အဖွဲ့တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနတို့က ဆေးရုံအတွက် လှူဒါန်းသည့် အလှူငွေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးထံ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တရုတ်သံအမတ်ကြီး၊ ဆေးရုံ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်လှူဒါန်း ခဲ့ကြသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် နတ်မောက်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများက လျှပ်စစ်မီးရရှိရေးနှင့် ကျေးရွာများ မီးလင်းရေး၊ မြေယာကိစ္စများ အမြန်ဆုံး ရှင်းလင်းပေးနိုင်ရန် ဦးစားပေးဆောင်ရွက် ပေးရေး၊ ဒေသခံတောင်သူများအတွက် နှမ်းနက်ကဲ့သို့ လိုအပ်သော မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရေး၊ ဒေသတွင်း အလားအလာကောင်းမွန်သည့် ဆိတ် မွေးမြူရေး၊ ရွှေစက်တော် ပွဲတော်ကျင်းပရာ နေရာများတွင် အမှိုက်သန့်ရှင်းရေး၊ လမ်း၊ တံတား၊ မြောင်း စသည်တို့ကို ဦးစားပေး အလိုက် လျာထား ဆောင်ရွက်ပေးရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ သင်ကြားနိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မြစ်ရေတင် လုပ်ငန်းများ ကြံ့ခိုင် ထိန်းသိမ်းရေးနှင့် အဆင့် မြှင့်တင်ရေး၊ နေပြည်တော်-ကံပြားလမ်းတွင် နေပြည်တော်ဘက်ခြမ်း လမ်းပိုင်း ကောင်းမွန်စေရေး၊ ဘတ်ဂျတ်သုံးစွဲမှုများ စနစ်တကျ အလေအလွင့်မရှိစေဘဲ ထိထိ ရောက်ရောက် ဖြစ်စေရေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့က ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ချက်ချင်းဆောင်ရွက်ပေး မည့် အစီအစဉ်များ၊ အချိန်ယူ၍ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရေရှည် စနစ်တကျ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ သွားရောက်ကြည့်ရှုပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် နတ်မောက်မြို့မှ ထွက်ခွာပြီး တောင်တွင်းကြီးမြို့နယ် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ရောက်ရှိကြရာ ဗိဿနိုး ရှေးဟောင်း ယဉ်ကျေးမှု ပြတိုက်ခန်းမ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ဗိဿနိုးမြို့ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဆိုင်ရာ အချက်အလက်များနှင့် တူးဖော်တွေ့ရှိသည့် ရှေးဟောင်းပစ္စည်း များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗိဿနိုးရှေးဟောင်း ယဉ်ကျေးမှု ပြတိုက် အတွင်း လိုက်လံကြည့်ရှု သည်။

ဗိဿနိုးမြို့ဟောင်းသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှ အနောက်ဘက် (၁၂) မိုင်ခန့်အကွာတွင်တည်ရှိပြီး မြို့ဟောင်း၏ မြောက်ဘက်တွင် ယင်းချောင်း၊ စတုံချောင်းနှင့် တောင်ဘက်တွင် တောင်ဦးချောင်း၊ ရန်ပယ်ချောင်းတို့ စီးဆင်းလျက်ရှိပြီး စိုက်ပျိုးမြေကောင်းမွန် သော ယင်းလွင်ပြင်နှင့် တောင်တွင်းကြီးလွင်ပြင်တို့ကို အမှီပြုကာ တည်ဆောက် ထားသည့် အေဒီ (၁) ရာစု မှ အေဒီ (၅) ရာစုအတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့သော မြို့ဟောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

ဗိဿနိုးမြို့ဟောင်း၏ အကျယ်အဝန်းမှာ ၃ ဒသမ ၃ စတုရန်းမိုင်ခန့် ကျယ်ဝန်း၍ မြို့ရိုး (၃) ဘက်ရှိပြီး မြို့ဟောင်း၏ အလယ်အနောက်မြောက်ဘက် မကျတကျတွင် အတွင်းနန်းတော်ရာ မြို့ရိုး ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

ဗိဿနိုးမြို့ဟောင်းကို ၁၉၀၅ ခုနှစ်က မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနဌာနမှ ပထမဦးဆုံး စူးစမ်းလေ့လာခဲ့ပြီး ၁၉၅၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း ရှေးဟောင်းကုန်းပေါင်း (၂၅) ကုန်းကို စနစ်တကျ တူးဖော်သုတေသနပြုခဲ့ရာမှ ၁၉၉၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကုန်းပေါင်း (၄၁) ကုန်းကို ထပ်မံတူးဖော် သုတေသနပြုခဲ့ကြောင်း သိရသည်။ ထို့ပြင် မြို့ရိုး၊ အရံအတား (၁၄) ခု၊ မြို့ဝင်ပေါက် (၆) ခု၊ လူနေအဆောက်အအုံ (၁၀) ခု၊ ဘာသာရေး (သို့မဟုတ်) ထုံးထမ်းဆိုင်ရာ အဆောက်အအုံ (၃၀) ခု၊ အထွေထွေ (၆) ခု စုစုပေါင်း (၆၆) ကုန်းကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဗိဿနိုးမြို့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား ရဟတ်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုပြီး ဆက်လက်ထွက်ခွာခဲ့ကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

(သတင်းစဉ်)