ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့ကျင်းပ

နေပြည်တော် မေ ၁၀

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပဥ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော့သောင်း မဲဆန္ဒနယ်မှ ဦးခင်ဇော်၏ လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများအပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွှတ်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် လွှတ်တော် ရပ်နားချိန်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များအတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လွှတ်တော် အတွေ့အကြုံ ရှင်းလင်းခြင်း၊ ဒေသဆိုင်ရာ အခမ်းအနားများ တက်ရောက်ခြင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ ဖိတ်ကြားသော အစည်းအဝေးများသို့ တက်ရောက်ခြင်းများမှာ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်သည့် ကိစ္စရပ်များသာ ဖြစ်ပါကြောင်း၊ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ နယ်မြေအတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ဒေသဖွံ့ဖြိုးရေး ထူးခြားမှုသတင်းများအား ရယူပြီး ဒေသတွင်းရှိ အရေးကြီး အဆောက်အဦ များနှင့် အရေးကြီးပုဂ္ဂိုလ်များအား မသမာသူများမှ ဖောက်ခွဲဖျက်ဆီးခြင်း၊ လုပ်ကြံ သတ်ဖြတ်ခြင်း မခံရစေရေး အတွက်လည်း ကြိုတင်သတင်းရယူခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များကို ပုဂ္ဂိုလ်ရေး ဆိုင်ရာ ရည်ရွယ်ချက်ဖြင့် စောင့်ကြည့်သတင်းရယူခြင်းမျိုး မဟုတ်ပါကြောင်း။

အဆိုပါ ကိစ္စရပ်များမှာလည်း တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များသာမက ပြည်သူလူထု၊ သတင်းမီဒီယာ အပါအဝင် အခြားသူများ အလွယ်တကူ တွေ့မြင်သိရှိနိုင်သည့် ကိစ္စရပ်များဖြစ်သည့်အပြင် ထိုကဲ့သို့ လူထုအား ပွင့်လင်းမြင်သာစွာ ထိတွေ့ဆောင်ရွက်မှုများမှာ လွှတ်တော်ကိုယ်စားလှယ်များသာမက တပ်မတော် အပါအဝင် အခြား သက်ဆိုင်ရာ အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှာလည်း ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံပိုင် သတင်းဌာနများတွင်လည်းကောင်း၊ အခြားပုဂ္ဂလိက သတင်းမီဒီယာများတွင်လည်းကောင်း၊ လူမှုကွန်ရက်များ တွင်လည်းကောင်း ဖော်ပြဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည့် ကိစ္စရပ်များ ဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များ၏ လူထုအခြေပြုဆောင်ရွက်မှုများနှင့် အစိုးရအဖွဲ့အစည်းများ၏ ဖိတ်ကြားမှုကြောင့် အစည်းအဝေး တက်ရောက်မှုများအား သတင်းရယူမှုကို ဥပဒေနှင့် ညီညွတ်မှုမရှိဟု သတ်မှတ်လိုက်မည်ဆိုပါက တပ်မတော်စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင် များသာမက အခြားသတင်းရယူသူအားလုံးပါ အကျုံးဝင် သက်ရောက် သွားနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစား ရမည် ဖြစ်ပါကြောင်း။

လူထုအကြားတွင်ဖြစ်စေ၊ တရားဝင်အခမ်းအနားများတွင်ဖြစ်စေ အစိုးရအဖွဲ့အစည်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ လှုပ်ရှားဆောင်ရွက်မှုများမှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် သတင်းရယူနိုင်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် နည်းလမ်းများစွာ ရှိနေနိုင်ပါကြောင်း၊ ထိုအခြေအနေတွင် တပ်မတော် စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သတင်းရယူမှုအား ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်း ဖြစ်သည်ဟု မဆိုနိုင်ဘဲ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏ ဆောင်ရွက်မှု၊ ပြောကြားမှု များအပေါ် မမှန်မကန် လုပ်ကြံဖန်တီး၍ သတင်းမှားများ ဖန်တီးပြုလုပ်ခြင်းခံရမှသာ သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်ရ မည့် ကိစ္စရပ်ဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ ပုဂ္ဂိုလ်ရေးဆိုင်ရာ နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်း ပြုလုပ်မှသာ သတင်းရရှိနိုင်မည့် ကိစ္စရပ်များ မဟုတ်ဘဲ လူသိ ရှင်ကြားပွင့်လင်းမြင်သာစွာ ဆောင်ရွက်သည့် ကိစ္စရပ် ဖြစ်သောကြောင့် အလွယ်တကူ သတင်းရရှိနိုင်သည့် ကိစ္စရပ်များဖြစ်သည့်အတွက် ၎င်းကိစ္စရပ်အပေါ် သတင်းရယူခြင်းမှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေအား ဆန့်ကျင် ချိုးဖောက်သည်ဟု ဆိုနိုင်မည် မဟုတ်ပါကြောင်းနှင့် အများပြည်သူနှင့်အတူ ပွင့်လင်းမြင်သာစွာ သတင်းရယူခြင်းသာ ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၏ ကျောက်တန်းမြို့ နယ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့က လုပ်ပိုင်ခွင့် ရယူဆောင်ရွက်နေသော ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းများမှ နိုင်ငံတော်အတွက် အကျိုးအမြတ်ရရန် မည်သို့ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အောင်ချမ်းသာ ရေငန်ငါးပုစွန်မွေးမြူရေးစခန်းသည် ၂၀၀၀ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ အထိ ရရှိဝင်ငွေ စုစုပေါင်း ငွေကျပ် ၂၀၅၄ ဒသမ ၈၁ သိန်းဖြစ်ပြီး ကျောက်တန်းရေငန်ငါးပုစွန် မွေးမြူရေးစခန်းသည် ၂၀၀၀ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီအထိ ရရှိဝင်ငွေ စုစုပေါင်းငွေကျပ် ၄၂၉၆ ဒသမ ၁၈ သိန်း ဖြစ်ပါကြောင်း၊ မွေးမြူရေးစခန်းများမှ ရရှိသောဝင်ငွေများကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၏ ရငွေစာရင်းသို့ပေးသွင်း၍ မြို့နယ်အလိုက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်္မတီအနေဖြင့် အဆိုပါ စခန်းမြေများကို ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် မရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်း ဖြေကြားသည်။

ဆက်လက်၍ ညောင်လေးပင် မဲဆန္ဒနယ်မှ ဒေါက်တာဦးမြင့်သိန်း၊ ရမ်းဗြဲ မဲဆန္ဒနယ်မှ ဦးကျော်ရွှေ၊ တန့်ယန်း မဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်နှင့် မုံရွာမဲဆန္ဒနယ်မှ ဦးညွန့်အောင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့် ဦးလှကျော်တို့က ရှင်းလင်း ဖြေကြားကြသည်။

ထို့နောက် ကနီ မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်က လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင် ဒေသအလိုက် စိုက်ပျိုးဖြစ်ထွန်းသော ဈေးကွက်ဝင် သီးနှံပင်များ ပိုမိုစိုက်ပျိုးဖြစ်ထွန်းလာ စေရေး၊ စိုက်ပျိုးရေးပညာရှင်များဖြင့် လက်တွေ့နည်းပညာရပ်များ ပေးနိုင်မည့် စံပြစိုက်ကွက် များဖော်ဆောင်ပေးခြင်း၊ စိုက်ကွင်းစိုက်ကွက်များအရောက် ကွင်းဆင်း၍ စိုက်ပျိုးရေး နည်းပညာရပ်များ ကူညီပံ့ပိုးပေးခြင်းတို့ဖြင့် လယ်ယာသီးနှံစိုက်ပျိုးရေး နည်းပညာရပ်များ ပိုမိုထွန်းကားလာစေရေး အင်တိုက်အားတိုက် ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးအပေါ် မှီခိုနေရ သည့် နိုင်ငံဖြစ်ပါကြောင်း၊ ၇၀ ရာခိုင်နှုန်းကျော်သော ကျေးလက်နေ ပြည်သူများသည် စိုက်ပျိုးရေးမှလွဲ၍ အခြားအလုပ်အကိုင် အခွင့်အလမ်းများ မရှိဘဲ စိုက်ပျိုးရေးလုပ်ငန်းများ အပေါ်တွင်သာ ယခုတိုင် မှီခိုနေရဆဲ ဖြစ်ပါကြောင်း၊ မိမိတို့၏ ကျေးလက်နေပြည်သူများ မှီခိုနေရသော စိုက်ပျိုးရေး လုပ်ငန်းများသည် ရာသီဥတုဖောက်ပြန်မှု၊ ပိုးမွှားအန္တရာယ် မြေဆီလွှာပျက်စီးလာမှု၊ စိုက်ပျိုး ထုတ်လုပ် စရိတ်ကြီးမြင့်မှု၊ အထွက်နှုန်း လျော့ကျလာမှု၊ ဈေးကွက်မရေရာမှုနှင့် အကျိုးအမြတ်နည်းပါးလာမှုများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် စိုက်ပျိုးရေး နည်းပညာရပ်များ ချို့တဲ့နေမှုများကြောင့် နိုင်ငံ၏ စိုက်ပျိုးရေးသည် များစွာခေတ်နောက်ကျ ကျန်နေခဲ့ပြီ ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ တောင်သူလယ်သမားထုကြီး၏ စားဝတ်နေရေး အကျပ်အတည်းများမှ ထွက်ရပ် လမ်းသည် စိုက်ပျိုးရေး နည်းပညာများကို ထိထိရောက်ရောက်နှင့် ပံ့ပိုးပြန့်ပွားစေခြင်းမှတစ်ပါး အခြားမရှိပါကြောင်း၊ စိုက်ပျိုးရေးအတွက် အစိုးရမှ နည်းပညာနှင့် သွင်းအားစုများကို ထိထိ ရောက်ရောက် ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုအပ်သကဲ့သို့ ပုဂ္ဂလိက လုပ်ငန်းရှင်ကြီး များနှင့်လည်း အကျိုးတူးပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက်လည်း တိကျသည့် မူဘောင် လုပ်ငန်းစဉ်များကိုလည်း ရေးဆွဲချမှတ်ပေးထားရန် လိုအပ်ပါကြောင်း၊ သို့မှသာ စိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံမှု များနှင့်အတူ နည်းပညာများ ပိုမိုထွန်းကားလာနိုင်မည်ဖြစ်ပါကြောင်း။

စိုက်ပျိုးရေးအပေါ်တွင်သာ အခြေပြုနေရဆဲ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးနည်းစနစ်များ အားနည်းနေသည့်အတွက် ဆင်းရဲမွဲတေမှု များပြားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ တရားမဝင်ရွှေ့ပြောင်း အလုပ်လုပ်ကိုင်မှု များလာခြင်း၊ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ ပြည်ပမှ ပြန်တင်သွင်းနေရမှုများကြောင့် ကုန်သွယ်မှုလိုငွေများ ပိုမိုဖြစ်ပေါ် စေခြင်း စသည့်အဆိုးသံသရာထဲမှ လွတ်မြောက်နိုင်ရန်အတွက် အဆင့်ဆင့်သော စိုက်ပျိုးရေး ဦးစီးဌာနများ သက်ဝင်နိုးကြား လုပ်ဆောင်လာစေရန်နှင့် ဒေသအလိုက်စိုက်ပျိုးဖြစ်ထွန်းသော ဈေးကွက်ဝင်သီးနှံပင်များ ပိုမိုစိုက်ပျိုး ဖြစ်ထွန်းလာစေရေး စိုက်ပျိုးနည်းပညာရပ်များ ဖြန့်ဖြူး ပေးနိုင်ရန်အတွက် မိမိအဆိုအား လွှတ်တော်မှ လက်ခံဆွေးနွေး ပေးနိုင်ပါရန် တင်သွင်းအပ် ပါကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်းက အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဥာဏ်လင်းက စွန့်ပစ်ပစ္စည်းအမှိုက်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းပပျောက်စေရန် နေ့စဉ် မီးရှို့နိုင်သော အမှိုက်တန် (၂၀၀၀) ကျော်္ထွက်ရှိသော မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် အနည်းဆုံးတန် (၆၀) ထွက်ရှိသော တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့ကြီးများ တွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းတည်ဆောက်ခဲ့သည့် နေ့စဉ် အမှိုက်တန်(၆၀)ကို မီးရှို့၍ ထွက်ရှိလာသော အပူရှိန်ကို အသုံးပြုကာ လျှပ်စစ်ဓာတ်အား ၇၆၀ KW ထုတ်လုပ်သည့်စက်ရုံ (Waste to Energy Plant) နှင့် အမှိုက်မီးရှို့စက် (Furnace) တို့ ကဲ့သို့သော စက်ရုံများကို ပိုမိုတိုးမြှင့်တည်ဆောက်ရန် နိုင်ငံတော် အစိုးရကို တိုက်တွန်း ကြောင်း အဆိုကို တင်သွင်းသည်။

ဆက်လက်၍ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်စင်ထွန်းက အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသော ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏သဘောထားရယူရာ အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက် အတိုင်း သဘောတူ အတည်ပြုကြောင်းနှင့် ယင်းဥပဒေကြမ်းကို လွှတ်တော် နှစ်ရပ်လုံးက သဘောတူခြင်းဖြစ်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူပြီး ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို မေ ၁၅ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်

(သတင်းစဉ်)