ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ UNDP နှင့် UNHCR ဌာနေကိုယ်စားလှယ်တို့အား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၉

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ သည် UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Peter Batchelor နှင့် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Johan Cels တို့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်ကို အကူအညီပေးနိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ UNDP နှင့် UNHCR တို့အကြား ၂၀၁၈ ခုနှစ် ဇွန် ၆ ရက်က လက်မှတ် ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) ကို သက်တမ်းတိုးမြှင့်ရေး အတွက် UNDP နှင့် UNHCR တို့မှ တင်ပြဆွေးနွေးသည်။

အဆိုပါ နားလည်မှုစာချွန်လွှာ(MoU) သည် ၂၀၁၉ ခုနှစ် ဇွန် ၆ ရက် တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသဖြင့် UNDP နှင့် UNHCR တို့က တစ်နှစ် သက်တမ်းတိုးမြှင့်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ် မတ် ၇ ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ရာ ယင်းဝန်ကြီးဌာနမှ မူအားဖြင့် သဘောတူ ပါကြောင်း ၂၀၁၉ ခုနှစ် မတ် ၉ ရက်တွင် ပြန်ကြားခဲ့ပြီးဖြစ်သည်။

ယနေ့တွေ့ဆုံစဉ် နားလည်မှု စာချွန်လွှာ (MoU) ၏ သက်တမ်းအား တစ်နှစ် ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်မံအတည်ပြု ပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်