အာဆီယံ ယူ- ၁၅ ပြိုင်ပွဲတွင်မြန်မာနှင့် တီမော ယနေ့ကစားမည်

ရန်ကုန် မေ ၉

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် ၂၀၁၉ အာဆီယံ ယူ- ၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (က) ပထမနေ့ကို မေ ၁၀ ရက် (ယနေ့) တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် တီမောအသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။

မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စု (က) ၌ ပါဝင်နေပြီး ဗီယက်နမ်၊ တီမော၊ ဖိလစ်ပိုင်တို့နှင့် ကျရောက်နေသည်။ မြန်မာအသင်းသည် ပြီးခဲ့သည့်ပြိုင်ပွဲ တွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သောကြောင့် အုပ်စုချောင်ခဲ့ခြင်းဖြစ်ပြီး တီမောအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပ လျက်ရှိပြီး အုပ်စု (ခ) ပွဲစဉ်များကို မေ ၉ ရက်မှစ၍ ကျင်းပလျက်ရှိသည်။ မြန်မာအသင်းသည် အခြေခံပညာကျောင်းများ၊ အား/ကာသိပ္ပံများမှ ကစားသမား များဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဒေါ်မေသူထွန်းက ကိုင်တွယ်လျက် ရှိသည်။ မြန်မာအသင်းပါဝင်သော အုပ်စုအနေအထားအရ နောက်တစ်ဆင့် တက်ရန် မြန်မာနှင့် ဗီယက်နမ်အသင်းတို့ အလားအလာကောင်းနေပြီး ရှေ့နှစ်ပွဲ တွင်သာ အမှားအယွင်းမရှိ အနိုင်ရခဲ့ပါက နှစ်သင်းထိပ်တိုက်တွေ့ဆုံမည့် နောက်ဆုံးပွဲမှာ အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ဖြစ်လာမည် ဖြစ်သည်။ အုပ်စု (က) ပထမနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် မြန်မာနှင့် တီမော၊ ညနေ ၆ နာရီတွင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင် ရမည် ဖြစ်သည်။

ရဲရင့်ရှိုင်း