ပုံနှိပ်သူများ ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေး ( ၁ / ၂ဝ၁၃ ) ကျင်းပခြင်း

ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေး (၁/၂ဝ၁၃) ကို နေပြည်တော် ၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက်၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြသည်။ ကြီးကြပ်မှု ဗဟိုအဖွဲ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ပြုလုပ်သော အစည်းအဝေးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေးအမှတ် ၁ /၂ဝ၁၃ ဖြစ်ပါကြောင်း၊ အဖွဲ့၏ တာဝန်များမှာ ပုံနှိပ်ပြီး စာအုပ်စာတမ်းများကို မူလ ခွင့်ပြုချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ခြင်းနှင့် စည်းကမ်း ဖောက်ဖျက်သော ပုံနှိပ်သူများနှင့် ထုတ်ဝေသူများအား အရေးယူဆောင်ရွက်ခြင်းတို့ ပါဝင်ကြောင်း ၊ စာနယ်ဇင်းလောက အနေဖြင့်လည်း ပြည်သူလူထုက အမှန်တကယ် ယုံကြည် အားကိုး လက်ခံသော စစ်မှန်တဲ့ စတုတ္ထမဏ္ဍိုင် တစ်ရပ်ဖြစ်လာဖို့ အထူးလိုအပ်မှာ ဖြစ်ပါကြောင်း၊ Freedom of Press လို့ခေါ်တဲ့ လွတ်လပ်စွာ ရေးသားခွင့်ရှိမှာ ဖြစ်သလို တစ်ဖက်မှာလည်း Code of Ethics လို့ ဆိုတဲ့ စာနယ်ဇင်းသမားများရဲ့ ကျင့်ဝတ်များကို လိုက်နာ ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံ Society of Professional Journalists (SPJ) ရဲ့ ကျင့်ဝတ်တွင် '' အမှန်တရားကို ရှာဖွေဖော်ပြပါ ၊ သက်ဆိုင်သူများကို နစ်နာမှု နည်းနိုင်သမျှ နည်းပါစေ၊ လွတ်လွတ် လပ်လပ် ပြုမူလုပ်ကိုင်ပါ၊ တာဝန်ခံမှုရှိပါစေ'' ဆိုပြီး အခြေခံမူ (၄)ချက်ကို ပြဌာန်းထားပါကြောင်း၊ ထို့အပြင် သတင်းသမားများ သတင်းစုဆောင်း တင်ပြရာတွင် ရိုးသားပြီး မျှတမှုရှိဖို့၊ သတင်းအရင်းအမြစ်များနဲ့ သက်ဆိုင်သူများ အပါအဝင် လုပ်ဖော် ကိုင်ဖက်များသည် လူသားများသာ ဖြစ်သည့်အတွက် ရိုသေလေးစားမှုရှိဖို့ ၊ ပြည်သူလူထု သိသင့်သိထိုက်သည်များကို လွတ်လပ်စွာ သိရှိခွင့်ပေးဖို့နဲ့ မိမိဖော်ပြတဲ့ အကြောင်းအရာ အားလုံးအတွက် တာဝန်ခံမှုရှိဖို့ စသဖြင့် သတ်မှတ်ထားသည်မှာ နမူနာယူစရာ ဖြစ်ပါကြောင်း၊ ကျင့်ဝတ်ဆိုသည်မှာ စည်းမျဉ်းဥပဒေ မဟုတ်သော်လည်း တစ်ဦးချင်း၏ အပြုအမူ ၊ အနေအထိုင်၊ လုပ်ကိုင်ပုံ အနေအထားများကို စံတစ်ခုအဖြစ် လမ်းညွှန်ပြသခြင်း ဖြစ်သည့်အတွက် ဂုဏ်သိက္ခာ ရှိသော သတင်းသမားတိုင်း မဖြစ်မနေ လိုက်နာ စောင့်ထိန်းကြဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း မှာကြားပါသည်။ ထို့နောက် ကြီးကြပ်မှု ဗဟိုအဖွဲ့ တွဲဖက် အတွင်းရေးမှူး ၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးရဲတင့်က ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြရာတွင် အစိုးရသစ် ပေါ်ထွက်လာပြီးနောက် ၂ဝ-၄-၂ဝ၁၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄ဝ/၂ဝ၁၁ဖြင့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ကြီးကြပ်မှု ဗဟိုအဖွဲ့အနေဖြင့် စာပေစိစစ်ရေး မူဝါဒများအား အဆင်ဆင့်လျှော့ပေါ့ ပြောင်းလဲကျင့်သုံးခဲ့ရာ ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ (၂ဝ)ရက်နေ့ မှစ၍ ထုတ်ဝေစာ အားလုံးသည် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ကြိုတင်တင်ပြ ခွင့်ပြုချက် ရယူရန် မလိုအပ်တော့ဘဲ လွတ်လပ်စွာရေးသား ထုတ်ဝေခွင့်ရရှိခဲ့ပြီး ဖြစ်ကြောင်း၊ ထုတ်ဝေပြီးမှသာ မှတ်တမ်းအဖြစ် လာရောက် ပေးပို့စေခဲ့ကြောင်း၊ ထို့အပြင် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်ခြင်းကို လွယ်ကူ လျှင်မြန်စေရေး အတွက် Online မှ လျှောက်ထားခြင်း၊ ခွင့်ပြုပေးခြင်းတို့ကို ၂ဝ၁၂ခုနှစ် နိုဝင်ဘာလမှ စတင်၍ ဆောင်ရွက်ပေးလျှက် ရှိကြောင်း၊ ထို့သို့ ထုတ်ဝေစာများကို လွယ်ကူ လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့်ပြုခဲ့ချိန်တွင် အချို့ ဂျာနယ်၊ မဂ္ဂဇင်းတို့သည် စာနယ်ဇင်း ကျင့်ဝတ်များနှင့် မကိုက်ညီသည့် ရေးသား ဖော်ပြလာမှုများ ရှိလာသဖြင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ အကြောင်းကြားပေးခြင်းများကို ဆောင်ရွက်ခဲ့ရကြောင်း၊ စာနယ်ဇင်းကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ စာနယ်ဇင်းကောင်စီ (ယာယီ) ကလည်း စာနယ်ဇင်း ကျင့်ဝတ်(၁၅)ချက်ကို ၁၇-၉-၂ဝ၁၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် စာပေလောကနှင့် ပတ်သက်သည့် အငြင်းပွားမှုများ အပေါ် ဖြေရှင်းပေးခြင်း၊ စာနယ်ဇင်း ကျင့်ဝတ်နှင့်အညီ ရေးသားနိုင်ရေး တိုက်တွန်း နှိုးဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ၂ဝ၁၂ခုနှစ်တွင် ထုတ်ဝေ ခွင့်ပြုထားသည့် မဂ္ဂဇင်း (၂၂ဝ)နှင့် ဂျာနယ် (၃၁ဝ)ရှိကြောင်း၊ ယခုအခါ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းနှင့် ပတ်သက်၍ မူလ လျှောက်ထား ခွင့်ပြုခဲ့သည့် ဘာသာရပ် အမျိုးအစားမှ ကျော်လွန် ထုတ်ဝေမှုများ ရှိသည်ကို တွေ့ရကြောင်း၊ ထိုသို့ ထုတ်ဝေသော မဂ္ဂဇင်း(၁)အုပ်နှင့် ဂျာနယ် (၆)စောင် ရှိကြောင်း၊ ညှို့မဂ္ဂဇင်း အတွဲ (၁) အမှတ်(၁) အဖြစ် ဒီဇင်ဘာလတွင် ထုတ်ဝေမည့် မဂ္ဂဇင်းကို နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ဖြန့်ခဲ့ကြောင်း၊ ၎င်းမဂ္ဂဇင်းမှာ မူလလျှောက်ထားစဉ်က ဖက်ရှင် ဦးစားပေး မဂ္ဂဇင်းအဖြစ် လျှောက်ထားခဲ့သော်လည်း အမှန်တကယ် ထွက်ရှိလာသည့်အခါ လိင်ပညာပေး (Sex Education) အဖြစ် ဖော်ပြ ထုတ်ဝေလာသည်ကို တွေ့ရကြောင်း၊ လိင်ပညာပေးဟု ဖော်ပြသော်လည်း မဂ္ဂဇင်းပါ ဓါတ်ပုံနှင့် အရေးအသားများမှာ လိင်ကိစ္စ အသားပေးဖော်ပြပြီး စိတ်ကို နှိုးဆွရာ ရောက်စေသည့် ဖော်ပြချက်များ ဖြစ်ကြောင်း၊ မူလလျှောက်ထားသည့် ဖက်ရှင် ဦးစားပေးဆိုသည့် အချက်မှ ရာနှုန်းပြည့် ကွဲလွဲသည့် လိင်ကိစ္စ အကြောင်းအရာများကိုသာ ရေးသား ထုတ်ဝေထားသည့် မဂ္ဂဇင်း ဖြစ်ကြောင်း၊ မဂ္ဂဇင်း ထွက်ရှိပြီးနောက် စာပေလောကသား အချို့နှင့် ပြည်သူလူထု အတွင်း လူကြီး၊ လူငယ်၊ လူလတ် အများစုက ထိုမဂ္ဂဇင်းတွင် ပါရှိသည့် ရေးသား ဖော်ပြချက်များကို မနှစ်မြို့ကြောင်း ဖော်ပြသည့်အသံများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေကြောင်း၊ အလားတူ မူလက လျှောက်ထားသည့် အကြောင်းအရာနှင့် ကွဲလွဲ၍ အခြား အကြောင်းအရာများကို ၄ဝ % ခန့်နှင့်အောက် ထည့်သွင်း ဖော်ပြနေသော ဂျာနယ် (၆)စောင်ရှိကြောင်း၊ ၎င်းတို့မှာ Media One ဂျာနယ်၊ The Farmer ဂျာနယ်၊ ကြော်ငြာကမ္ဘာဂျာနယ်၊ မြနန္ဒာဂျာနယ်၊ High Speed Car ဂျာနယ်တို့မှာ စီးပွားရေးဂျာနယ် အဖြစ် လျှောက်ထားသဖြင့် ခွင့်ပြုပေးထားသော်လည်း ခွင့်ပြုချက်နှင့် မသက်ဆိုင်သော အခြားသတင်းများ ထည့်သွင်း ဖော်ပြနေသည်ကို တွေ့ရကြောင်း၊ သွေးသစ်ဂျာနယ်မှာ အနုပညာ သုတရသဂျာနယ် ဖြစ်သော်လည်း အလားတူ အခြားသတင်းများ ဖော်ပြထားသည်ကို တွေ့ရကြောင်း၊ ၎င်းတို့မှာ မူလတင်ပြ ခွင့်ပြုသည့် ဘာသာရပ်နှင့် လုံးဝ ကွဲလွဲထုတ်ဝေခြင်း မဟုတ်သော်လည်း အခြား အကြောင်းအရာများ ၃ဝ % မှ ၄ဝ % ခန့်ထိ ပါနေသည်ကို တွေ့ရကြောင်း ရှင်းလင်း တင်ပြပါသည်။ ထို့နောက် တက်ရောက်လာသူများက ၂ဝ၁၂ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် ဂျာနယ်၊ မဂ္ဂဇင်းများအား အထောက် အထားများဖြင့် စစ်ဆေး ဆွေးနွေးခဲ့ကြပြီး မူလက ဖက်ရှင် မဂ္ဂဇင်းအဖြစ် လျှောက်ထား၍ ဖက်ရှင်မဂ္ဂဇင်း အဖြစ် ခွင့်ပြုထားသော်လည်း အမှန်တကယ် ထွက်ရှိလာသောအခါ မူလလျှောက်ထားသည့် အကြောင်းအရာမှ ရာနှုန်းပြည့် ကွဲလွဲ၍ လိင်ပညာပေးမဂ္ဂဇင်း အဖြစ်ဖော်ပြ ထွက်ရှိလာသော ညှို့မဂ္ဂဇင်းအား တည်ဆဲဥပဒေ ပုဒ်မ (၁ဝ)အရ ထုတ်ဝေခွင့် မှတ်ပုံတင် သက်သေခံ လက်မှတ်ကို ရုပ်သိမ်းရန်၊ မူလ လျှောက်ထားစဉ်က အကြောင်းအရာနှင့် မသက်ဆိုင်သော အခြားအကြောင်းအရာများ ၄ဝ % အောက် ပါဝင်နေသည့် ဖော်ပြပါ ဂျာနယ် (၆)စောင်ကို ခေါ်ယူသတိပေးပြီး (၁)လအတွင်း မူလဘာသာရပ် လမ်းကြောင်း အမှန်အတိုင်း ထုတ်ဝေရေး ဆောင်ရွက်သွားရန်၊ ကြီးကြပ်မှု ဗဟိုအဖွဲ့ကို အနည်းဆုံး နှစ်လ တစ်ကြိမ် ခေါ်ယူစိစစ် ဆောင်ရွက်သွားရန် ဆုံးဖြတ်ကြပါသည်။ ထို့နောက် ကြီးကြပ်မှုဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်ကြည်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းပါသည်။