သတင်းထုတ်ပြန်ချက်

Wed, 02/08/2017 - 05:51 -- user3

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစတင်၍ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်းသာ ဖမ်းယူရရှိနိုင်သည့် “မေယု FM ရေဒီယို ” အစီအစဉ်ကို အချိန်ပိုင်း စမ်းသပ်ထုတ်လွှင့်နေမှုနှင့်ပတ်သက်၍ ပြည်သူများ သိရှိစေရေးအတွက် အောက်ပါအတိုင်း သတင်း ထုတ်ပြန်အပ်ပါသည်-                                                                                                                  

(၁) မေယု FM အစီအစဉ်သည် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင် နေထိုင်ကြသူတို့အတွက် သတင်းအချက် အလက်များ အချိန်နှင့် တစ်ပြေးညီ ဖြန့်ချိပေးနိုင်ရန် ထုတ်လွှင့်သော အစီအစဉ်ဖြစ်ပြီး မည်သည့် ပြင်ပပုဂ္ဂိုလ် အစုအဖွဲ့ကိုမျှ အသံလွှင့်ခွင့်ပေးခြင်းမဟုတ်ပါ။

(၂) အဆိုပါ ဒေသတွင် မကြာမီက ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ယင်းတို့နှင့်စပ်လျဉ်းသည့် မမှန်သတင်းများလည်း အများအပြား ထွက်ပေါ်လျက်ရှိရာ ဒေသတွင်း နေထိုင်သူတို့ သတင်းအချက်အလက်မှန်များ ရရှိရန်နှင့် ဒေသအတွက် နိုင်ငံတော်အစိုးရ     ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်ပေးလျက်ရှိသည့် အစီအစဉ်များ ကိုလည်း  အများသိရှိအောင် ထုတ်ပြန်ပေးရန် လိုအပ်နေပါသည်၊။

(၃) မေယု FM သည် နယ်မြေ အကန့်အသတ် တစ်ခုအတွင်း လတ်တလော လိုအပ်ချက်များအတွက် ဆောင်ရွက်သည့် အစီအစဉ် တစ်ရပ်ဖြစ်ပြီး ဒေသတွင်း နေထိုင်သူ အားလုံးတို့ ကြားသိကြရန် ရည်ရွယ်၍ ရခိုင်၊ ဗမာ ၊ ဘင်္ဂါလီ ဘာသာတို့ဖြင့် ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေးအဖွဲ့