သတင်းထုတ်ပြန်ချက်

Tue, 12/23/2014 - 06:56 -- Anonymous (not verified)
၁။ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ(၂ဝ-၂၆) ထုတ်မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းအတွဲ(၃) အမှတ်(၄၁) စာမျက်နှာ (၁၅)တွင် ''နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်များသည် သတင်း ရေးသားသူမှစကာ ပြည်ထောင်စု ဝန်ကြီးအထိ တာဝန်ရှိ'' ခေါင်းစဉ်ဖြင့် ဖော်ပြထားသော သတင်းတွင် ''ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်များ၏ ကျင့်ဝတ်ဖောက်ဖျက် ရေးသားဖော်ပြချက်ကြောင့် ထိခိုက်နစ်နာမှုများဖြစ်ပေါ်လျှင် စာနယ်ဇင်းကောင်စီသို့ တိုင်ကြားနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထားသော်လည်း အစိုးရပိုင်သတင်းစာများ ကျင့်ဝတ်ဖောက်ဖျက် ရေးသားမှုများရှိပါက တိုင်ကြားနိုင်ရန် အစိုးရဘက်က အသိပေးကြေညာထားခြင်း မရှိသည့်အပေါ် မီဒီယာအကြား၌ ဝေဖန်မှုများလည်းဖြစ်ပေါ်လျက်ရှိသည်''ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
၂။ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့် နေ့စဉ်ထုတ်ဝေသော မြန်မာ့အလင်း၊ ကြေးမုံနှင့် သည်နယူးလိုက်အော့ဖ်မြန်မာ (ယခုGNLM) သတင်းစာတို့မှ စာတည်းအဖွဲ့ဝင်များ၊ သတင်းထောက် များသည် အများပြည်သူ ဝန်ဆောင်မှုသတင်းစာ အုပ်ချုပ် ရေးအဖွဲ့ကထုတ်ပြန်ထားသော စာနယ်ဇင်း ကျင့်ဝတ်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)က ထုတ်ပြန်သောစာနယ်ဇင်းကျင့်ဝတ်ပါ အချက်များကို လေးစားလိုက်နာလျက်ရှိကြောင်းနှင့် အဆိုပါစာနယ်ဇင်းကျင့်ဝတ်များနှင့် မကိုက်ညီသည့် ရေးသား ဖော်ပြခြင်းများ တွေ့ရှိပါက ဆက်သွယ်တိုင်ကြားနိုင်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် သည်နယူးလိုက်အော့ဖ် မြန်မာသတင်းစာ တိုက်များမှ စာတည်းမှူးချုပ်များ၏ ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများ၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း သတင်းဌာနနှင့် အထွေထွေမန်နေဂျာတို့၏ ဖုန်းနံပါတ်များကို ဖော်ပြထားသည့် ထုတ်ပြန် ကြေညာချက်ကို ၂ဝ၁၄ ခုနှစ် ဩဂုတ် ၅ ရက်နှင့် ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း၊ ကြေးမုံနှင့် သည်နယူးလိုက်အော့ဖ်မြန်မာ သတင်းစာသုံးစောင်တွင် ''စာနယ်ဇင်းကျင့်ဝတ် များအတိုင်း လိုက်နာဆောင်ရွက် လျက်ရှိ''ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။
၃။ အဆိုပါထုတ်ပြန်ချက်နှင့်အညီ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများ၏ ရေးသား ချက်များနှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီ(ယာယီ)မှတစ်ဆင့်ဖြစ်စေ၊ စာတည်းမှူးချုပ် များထံသို့ဖြစ်စေ တိုင်ကြားလာသည့် ကိစ္စများကိုလည်း စာနယ်ဇင်းကျင့်ဝတ်များနှင့်အညီ ဖြေရှင်းပေးလျက်ရှိပါသည်။
၄။ သို့ဖြစ်၍ ဒီဇင်ဘာ (၂ဝ-၂၆) မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းအတွဲ(၃)အမှတ် (၄၁)စာစောင်ပါ ကိုကိုလွင်(ဝိုင်းမော်)ရေးသားသည့်သတင်းသည် သတင်းအချက်အလက်များကို မှန်ကန်မှုရှိ/မရှိ ဆန်းစစ်ခြင်း မရှိဘဲ ရေးသားဖော်ပြခဲ့ခြင်းသာ ဖြစ်သည့်အတွက် ယင်းကိစ္စ နှင့်ပတ်သက်၍ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း