အမျိုးသားစာပေကဗျာဆုနှင့်ပတ်သက်၍ အသိပေးရှင်းလင်းချက်

Thu, 06/07/2018 - 05:14 -- user3

၁။ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကို အဓိကရှေးရှု၍ အမျိုးသား စာပေ ဆုကို နိုင်ငံတော်မှ ချီးမြှင့်လျက်ရှိရာ နိုင်ငံတော်ကိုယ်စား ပြန်ကြားရေး ဝန်ကြီးဌာနမှ ဆုချီးမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် တစ်နှစ်သက်တမ်းရှိသော အမျိုးသား စာပေ ဆု စိစစ်ရွေးချယ်ရေး ကော်မတီကို ဌာနဆိုင်ရာဝန်ထမ်းများ လုံးဝ မပါ ရှိစေဘဲ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ် ပညာရှင်များထဲမှ ထင်ပေါ်ကျော်ကြားသူများဖြင့် ဖွဲ့စည်းဆောင်ရွက်စေခြင်းမျိုး ဖြစ်ပါသည်။ ဆုများ ကို ရွေးချယ်ချီးမြှင့်ရာတွင်လည်း လွတ်လပ်သော စာပေပညာ ရှင်များဖြင့် ဖွဲ့စည်းထားသည့် အဆိုပါ ကော်မတီမှပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်များ သတ်မှတ်ရွေးချယ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနသို့ တင်ပြကာ ယင်းအားဌာနက အပြီးသတ် အတည်ပြု ဆုချီးမြှင့်ပေးခြင်း ဖြစ်ပါသည်။

၃။ ၂ဝ၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော် မတီ ကိုလည်း ပြန်ကြားရေး ဝန်ကြီးဌာန၏ (၂ဝ-၃-၂ဝ၁၈) ရက်စွဲပါ အမိန့်ကြော်ငြာ စာဖြင့် ဥက္ကဋ္ဌ စည်သူဒေါက်တာသော်ကောင်း၊ ဒုဥက္ကဋ္ဌ (၁) ဒေါက်တာ ခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဒုဥက္ကဋ္ဌ (၂) ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း) အပါအဝင် စာရေးဆရာကြီး၊ ဆရာမကြီး (၆၅) ဦးဖြင့် ဖွဲ့စည်း ခဲ့ပါသည်။ အဆိုပါ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော် မတီ အနေဖြင့် (၁၉-၅-၂ဝ၁၈) ရက်နေ့တွင် စုံညီအစည်းအဝေးကျင်းပခဲ့ရာ သတ်မှတ် မည့် ဆုအမျိုးအစား၊ အရေအတွက်၊ တစ်သက်တာ ဆုရှင်ရွေး ချယ်မှု စသည်တို့ကို ဆွေးနွေးညှိနှိုင်း ကြရာ၌ ကဗျာဆုချီးမြှင့်ရာတွင် ဆု တစ်ဆုတည်းသာ ချီးမြှင့်မည် (သို့မဟုတ်) အစဉ်အလာ ကဗျာနှင့် ခေတ်ပေါ် ကဗျာဟူ၍ နှစ်ဆုခွဲ၍ ချီးမြှင့်မည်ဆိုသည့်အချက်ကိုလည်း ဆွေးနွေးညှိနှိုင်း ခဲ့ကြ ပါသည်။

၄။ အဆိုပါကိစ္စရပ်သည် ယခုမှစတင်ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ယမန်နှစ်က အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော် မတီအစည်း အဝေးကျင်းပစဉ်ကလည်း ကဗျာဆုကို တစ်ဆုတည်းပေးမည်လား၊ နှစ်ဆု ခွဲ၍ ပေးမည်လား ဆွေနွေးခဲ့ကြပြီး ဖြစ်ပါသည်။ ထိုစဉ်က ကော်မတီဝင်များ မဲခွဲဆုံးဖြတ်ခဲ့ရာ ကဗျာဆုတစ်ဆုတည်းချီးမြှင့်ရန် (၃၆) မဲနှင့် ကဗျာဆုနှစ် ဆုချီးမြှင့်ရန် (၂၁) မဲ ရရှိသဖြင့် ကဗျာဆုကို နဂိုမူလအတိုင်း တစ်ဆုတည်း သာ ချီးမြှင့်ရန် လျာထားဆောင်ရွက်ခဲ့ပါသည်။

၅။ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် စာပေအဖွဲ့အစည်းများ၏ စည်းရုံးဆော်ဩ မှုဖြင့် စာပေညီလာခံ တစ်ရပ် ကျင်းပခဲ့ပါသည်။ “လွတ် လပ်သော စာပေ၊ လွတ်လပ်သောအသံ စာပေညီလာခံ” ဟူသော ကြွေးကြော်သံ အတိုင်း အဆိုပါညီလာခံသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ဦးဆောင်မှု မပါဝင်ဘဲ စာပေအဖွဲ့အစည်းများက လွတ်လပ်စွာဖြင့် ကျင်းပ ခဲ့ခြင်းဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ညီလာခံ ကျင်းပရေး လုပ်ငန်းအောင်မြင်ရေးအတွက် လိုအပ်သော ကိစ္စရပ်များတွင် တတ်နိုင် သမျှဖြည့် ဆည်းဆောင်ရွက်ခြင်းမျိုးသာ ပြုလုပ်ပေးခဲ့ပါသည်။ ထိုစာပေ ညီလာခံမှ ဆုံးဖြတ်ချက် (၄ဝ) ချမှတ်ရာတွင် ကဗျာဆုအား နှစ်ဆု ချီးမြှင့်ရေး လည်းအပါအဝင် ဖြစ်ခဲ့ပြီး ယင်းတို့အား စာပေညီလာခံမှ တာဝန်ရှိသူများက ပြန်ကြားရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ပါ သည်။

၆။ ယခုနှစ်ဆောင်ရွက်သည့် ၂ဝ၁၇ ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေး ချယ်ရေးကော်မတီ ၏ စုံညီအစည်းအဝေးတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဧည့်သည်တော် အဖြစ် တက်ရောက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ ဆွေးနွေးညှိနှိုင်းမှုများကို နားထောင်ကာ စာပေညီလာခံအနေဖြင့်လည်း ကဗျာဆုနှစ်ဆုပေး လိုသည် ကို သိရှိရကြောင်း၊ မနှစ်က အစည်းအဝေးများ တွင်လည်း ကဗျာဆုနှစ်ဆု/ တစ်ဆုပေးလိုသည့် ဆွေးနွေးမှုများရှိခဲ့ကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့်မူ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဗျာဆုတစ်ဆုချီးမြှင့် သည်ဖြစ်စေ၊ နှစ်ဆုချီးမြှင့်သည်ဖြစ်စေ သဘောတူပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

၇။ သို့သော် အဆိုပါနေ့က ဆွေးနွေးမှုများတွင် ဝိဝါဒ ကွဲပြားမှုများ ရှိနေ သဖြင့် ကော်မတီအဖွဲ့ဝင် (၆၅) ဦး အနေဖြင့် မိမိတို့ဆန္ဒအသီးသီးကို စာဖြင့်ရေးသားတင်ပြပြီး ယင်းမှထွက်ပေါ်လာသည့် အများစု သဘော ထားအတိုင်း ဆောင်ရွက်ကြရန် အမျိုးသားစာပေဆု စိစစ်ရွေး ချယ်ရေးကော် မတီက ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်များအရ ပြန်လည်ရရှိသော သဘောထားဆန္ဒများကို (၂-၆-၂ဝ၁၈) ရက်နေ့ အစည်း အဝေးတွင် ရေတွက်သည့်အခါ အမျိုးသားစာပေကဗျာဆုကို တစ်ဆုတည်း သာပေးလိုသည်ဟု ဆန္ဒပြုသူ (၄ဝ) ဦးနှင့် နှစ်ဆုပေးလိုသည်ဟု ဆန္ဒပြုသူ (၂၄)ဦးတို့ ရှိခဲ့ကြောင်းကို သိရှိရပါသည်။

၈။ ထိုသို့ အမျိုးသားစာပေကဗျာဆုကို တစ်ဆုသာပေးမည်ဟူသော ကိစ္စရပ်နှင့် ပတ်သက်၍ ကျေနပ်နှစ်သက်မှုမရှိကြသည့် စာပေပညာရှင် အချို့က ဆုရွေးချယ်ရေးအဖွဲ့မှ နုတ်ထွက်ကြောင်း ပြောဆိုကြရာတွင် ၎င်းတို့၏နုတ်ထွက်သည့်အကြောင်းရင်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေး ဝန်ကြီး ဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့အပေါ် ဝေဖန်ပြစ် တင်ပြောကြားမှုများပါ ပါဝင်နေ သည်ကို တွေ့ရှိရပါသည်။ အမှန် စင်စစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ လုပ်ငန်း ဆောင်ရွက် မှုများကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဆုများချီးမြှင့်ပေးနိုင် ရန် ဘဏ္ဍာငွေပေး အပ်ခြင်း၊ ဆုများရွေးချယ်နိုင်ရေးအတွက် အစည်း အဝေးပြု လုပ်ရာတွင် အုပ်ချုပ်ထောက်ပံ့မှုများဆိုင်ရာ ကိစ္စရပ်များ အား ကူညီဆောင် ရွက်ပေးခြင်း၊ ကော်မတီ၏အခြားလိုအပ်သော အုပ်ချုပ်မှု ကိစ္စရပ်များအား ဆောင်ရွက်ပေး ခြင်းမှအပ တစ်စုံတစ်ရာ ဝင်ရောက် စွက်ဖက်ဆောင် ရွက်ခဲ့ခြင်း မျိုးမရှိခဲ့ဘဲ အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်များကိုသာ လုပ်ထုံး လုပ်နည်းနှင့် အညီဖြစ်စေရန် ကူညီဆောင်ရွက် ပေးနေခြင်းဖြစ်ပါသည်။

၉။ သို့ဖြစ်၍ ကဗျာဆု တစ်ဆု၊ နှစ်ဆု ပေးခြင်းဟူသည့်ကိစ္စရပ်မှာလည်း ပြန်ကြားရေး ဝန်ကြီး ဌာန၏ အစီအမံမဟုတ်ဘဲ သက်ဆိုင်ရာ အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၏ ပိုင်းခြားဝေဖန်မှုဖြင့် ဆုံးဖြတ်ခြင်းသာဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်မူ မြန်မာ စာပေ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် မည်သည့် လုပ်ငန်း ရပ်မဆို အားပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပေးဖော်ပြ အပ်ပါသည်။

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန

ပြန်ကြားရေးဝန်ကြီးဌာန