ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီ လုပ်ငန်းများအား ခွင့်ပြုပေးနေမှုအခြေအနေ

Thu, 04/27/2017 - 14:43 -- user3

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘော တူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းနည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂ဝ၁၄)ဖြင့် ၂ဝ၁၄ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြု လက်မှတ်လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေး လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးခဲ့ရာ ၂၄-၄-၂ဝ၁၇ ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် ၂ဝ-၃-၂ဝ၁၇ ရက်နေ့မှ ၃၁-၃-၂ဝ၁၇ ရက်နေ့ထိ လုပ်ငန်းအသိအမှတ်ပြု လက်မှတ် လျှောက်ထား လာသည့် ပုံနှိပ်ခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ နှစ်ဦးကိုလည်းကောင်း၊ ထုတ်ဝေခြင်းလုပ်ငန်း အတွက် အသစ်လျှောက်ထားသူ ဂျာနယ်နှစ်ဦး၊ မဂ္ဂဇင်းနှစ်ဦးနှင့် အထွေထွေနှစ်ဦး၊ ပေါင်းခြောက်ဦးကိုလည်းကောင်း၊ သတင်း အေဂျင်စီ လုပ်ငန်း လုပ်ကိုင်လိုသူ သုံးဦးကိုလည်းကောင်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများပြဋ္ဌာန်းသည့် ၁ဝ-၁ဝ-၂ဝ၁၄ ရက်နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၄၂၁ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၂ဝ၈၆ ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း ၆၄ ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၃၅၇၁ ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန