ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ သတင်းကြေညာချက်

Sat, 10/20/2018 - 02:39 -- user3

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ

သတင်းကြေညာချက်

၁၃၈၀ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း (၁၀)ရက်

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်

၁။      သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီသည် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂။      ရောင်းချပွဲတွင် တင်ပြရောင်းချမည့် ကျောက်မျက်ရတနာများ စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်း၊ ခင်းကျင်းနေရာချထားခြင်းများကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့မှ (၃၁) ရက်နေ့အထိ သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၃။      ကျောက်မျက်ရတနာရောင်းချပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာတူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ ကျောက်မျက်ရတနာကုမ္ပဏီမှတ်ပုံတင် ရရှိပြီးသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။

၄။      မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရယူထားသူများကို ဝယ်ယူခွင့်ပြုမည် ဖြစ်ပါသည်။ ကျောက်မျက်ရတနာရောင်းချပွဲသို့ တက်ရောက်ဝယ်ယူလိုသော နိုင်ငံသားရတနာ ကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံစပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည်ဖြစ်ပါသည်။

၅။      ရောင်းချပွဲသို့ တက်ရောက်လိုသော နိုင်ငံသားရတနာကုန်သည်များကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့မှစ၍ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမရှိ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံတွင် ရောင်းချပွဲ တက်ရောက်ဝယ်ယူခွင့်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ ဝန်ကြီးဌာန Website www.mining.gov.mm နှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း Website www.mge. gov.mm တွင် နိုင်ငံသားရတနာကုန်သည်များ မှတ်ပုံတင်ရာ၌ ဖြည့်သွင်းရမည့်ပုံစံများကို Download ရယူနိုင် ပါသည်။ On-line မှတစ်ဆင့် လျှောက်ထားလိုပါက Website www.mge.gov.mmOn-line Pre-Registration System တွင် မှတ်ပုံတင်၍ ရောင်းချပွဲ တက်ရောက်ခွင့်ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။

၆။      ရောင်းချပွဲကျင်းပသည့် နေ့ရက်များတွင် သတင်းမီဒီယာများကို မဏိရတနာကျောက်စိမ်း ခန်းမအတွင်း နေ့စဉ်ဝင်ရောက် သတင်းရယူနိုင်ရေး ဆောင်ရွက်ထားရှိပါသည်။ ရောင်းချပွဲဆိုင်ရာ သတင်းရယူလိုသည့် သတင်း မီဒီယာများအနေဖြင့် ဝင်ခွင့်ကတ်ပြုလုပ်နိုင်ရေးအတွက် နိုဝင်ဘာလ (၇)ရက်နေ့ နောက်ဆုံးထား၍ ယခင်ပြပွဲ များနည်းတူ သတ်မှတ်ပုံစံဖြည့်စွက်ကာ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်သို့ ပေးပို့ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

၇။      ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေ ဖြင့် ရောင်းချပွဲ တက်ရောက်ဝယ်ယူခွင့် ကိစ္စများနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းရုံးချုပ်(နေပြည်တော်) ဖုန်းနံပါတ် ၀၆၇ ၄၁၄၄၉၇၊ ၄၁၄၄၉၈ သို့ ဆက်သွယ်စုံစမ်းခြင်းဖြင့်လည်းကောင်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ် ရေးလုပ်ငန်း၏ Website  www.mge.gov.mm တွင် ရောင်းချပွဲဆိုင်ရာ သတင်းအချက်အလက်များကို ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ