ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

Thu, 08/20/2015 - 18:08 -- user3

ဩဂုတ်လ (၂ဝ)ရက်

၁၈-၈-၂၀၁၅ ရက်နေ့ထုတ် စောင့်ကြည့်သတင်းဂျာနယ် (News Watch WEEKLY) အတွဲ (၁၀)၊ အမှတ် (၁၅)တွင် “နိုင်ငံတကာ အကူအညီများအား အစိုးရတံဆိပ်ကပ်၍ လှူဒါန်းမှု အပေါ် ဝေဖန်မှုများ မြင့်တက်” ခေါင်းစဉ်ဖြင့် သတင်းပါရှိခဲ့ပါသည်။ အဆိုပါသတင်းတွင် ဩစတြေးလျမှ လှူဒါန်းသည့် အိမ်ထောင် ၁ စုတွင် ပစ္စည်း ၃၆ မျိုးပါ ပလပ်စတစ်ဘူး ၁ ဘူး လှူဒါန်းမှုအပေါ် နိုင်ငံတော် သမ္မတမှ လှူဒါန်းသည့်ပုံစံ တံဆိပ်ကပ်မှုအပေါ် ဝေဖန်မှုများ ရှိနေကြောင်း ဖော်ပြထားပါသည်။ နိုင်ငံတော်အစိုးရမှ လှူဒါန်းသည့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို နိုင်ငံပိုင် သတင်းစာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့တွင် ၁၂-၈-၂၀၁၅ ရက်နှင့် ၁၅-၈-၂၀၁၅ ရက်နေ့များတွင် ထုတ်ပြန် ဖော်ပြပြီး ဖြစ်ပါသည်။ ထို့ကြောင့် စောင့်ကြည့် သတင်းဂျာနယ် (News Watch WEEKLY) အနေဖြင့် ယခုကဲ့သို့ မှားယွင်းစွာ ရေးသား ဖော်ပြခြင်းသည် ရေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့နေသည့် လုပ်ငန်းများအပေါ် အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေသည့်အပြင် အကူအညီ ပေးနေသည့် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများ၊ ပြည်တွင်း စေတနာရှင် အလှူရှင်များကလည်း နိုင်ငံတော် အစိုးရအပေါ် အထင်အမြင် လွဲမှား စေနိုင်ပါသည်။ ထို့ကြောင့် ဂျာနယ်အနေဖြင့် ကျင့်ဝတ်နှင့် အညီ ဖြေရှင်း ဆောင်ရွက် ပေးနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)သို့ ၁၉-၈-၂၀၁၅ ရက်နေ့တွင် စာဖြင့်ညှိနှိုင်း အကြောင်း ကြားထားပါကြောင်း၊ ညှိနှိုင်းမှု အဆင်မပြေပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန် အပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန