သတင်းထုတ်ပြန်ချက်

Sat, 04/25/2015 - 14:28 -- Anonymous (not verified)

၂၄-၄-၂၀၁၅ ရက်နေ့ထုတ် Daily Eleven သတင်းစာတွင် ရွှေစင်စင်္ကြာ ကုမ္ပဏီလီမိတက်က နို့တစ်စာတစ်စောင် ဖော်ပြခဲ့ပါသည်။ အဆိုပါ နို့တစ်စာတွင် ၅-၄-၂၀၁၅ ရက်နေ့ ညတွင် ဘတ်စ်ကား(၂)စီး ယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ "Sky Net in house channels , mntv ၏ ပေါ့ဆစွာ မမှန်မကန် သတင်း ထုတ်လွှင့် ခြင်းကို Shwe Than Lwin Media Co., Ltd , Sky Net တို့အပြင် MRTV-4, မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV), 4 Digital  တို့ကလည်း မြန်မာနိုင်ငံ တစ်နံတစ်လျား ထုတ်လွှင့်ပေးခဲ့ကြပါသည်။ ထို့ကြောင့် ၎င်းတို့ သည်လည်း  mntv နှင့်အတူ ကျွန်ုပ်အမှုသည် ကုမ္ပဏီ၏ အရပ်ရပ် နစ်နာမှုအတွက် တာဝန် ရှိလာခဲ့ပါသည် "  ဟု ဖော်ပြထားပြီး အဆိုပါ နစ်နာမှုအတွက် နှစ်လအတွင်း လျော်ကြေးငွေပေးအပ်ရန်နှင့် ပျက် ကွက်ပါက တရားစွဲ တောင်းခံသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ယူ ထုတ်လွှင့်လျက် ရှိသော MRTV News Channel , MRTV Entertainment  Channel, တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC) တို့တွင် ရွှေစင် စင်္ကြာ ကုမ္ပဏီလီမိတက်၏ နို့တစ်စာပါ ယာဉ်မတော်တဆမှုသတင်းအား လုံးဝ(လုံးဝ)ဖော်ပြ ထုတ်လွှင့် ခဲ့ခြင်း မရှိပါ။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အနေဖြင့် အဆိုပါ ယာဉ်မတော်တဆမှု သတင်းကို ဖော်ပြထုတ်လွှင့်ခြင်း မရှိခဲ့သော်လည်း ရွှေစင်စင်္ကြာ ကုမ္ပဏီလီမိတက်၏ နို့တစ်စာပါ စွပ်စွဲဖော်ပြချက်များသည် မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏ ဂုဏ်သိက္ခာကို များစွာထိခိုက်နစ်နာစေသကဲ့သို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်သံလိုင်းများကို ကြည့်ရှုနေသော ပြည်သူများ၏ ယုံကြည်မှုကိုလည်း များစွာ လျော့နည်းထိခိုက်စေပါသည်။

သို့ပါ၍ ရွှေစင်စင်္ကြာ ကုမ္ပဏီလီမိတက်၏ နို့တစ်စာပါ မမှန်မကန် စွပ်စွဲ ပြောဆိုမှုအပေါ် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား အနေဖြင့် တရားဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား