ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

Tue, 02/24/2015 - 17:13 -- Anonymous (not verified)
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း အသစ်လျှောက်ထားခြင်းများနှင့် သက်တမ်းတိုးခြင်းများနှင့်ပတ်သက်၍ ရှင်းလင်း ထုတ်ပြန်ခြင်း ပြန်ကြားရေး ဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့် အညီ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိ အမှတ်ပြုလက်မှတ်အသစ် လျှောက်ထားခြင်း၊ သက်တမ်း တိုးလျှောက် ထားခြင်း၊ လုပ်ငန်း အမည် ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ထုတ်ဝေသူ အမည် ပြောင်းလျှောက်ထားခြင်းတို့ကို စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး များတွင် စိစစ်၍ ခွင့်ပြုပေး လျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်ပေးခဲ့ရာ (၁၉-၂-၂၀၁၅)ရက်နေ့ က ပြုလုပ်သော ပြန်ကြားရေး ဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးက အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီမှ ဦးမြသန်း က ရွှေသံစဉ်ဂျာနယ် အမည်ဖြင့် ထုတ်ဝေခွင့် လျှောက်ထားခဲ့ပြီး ယခင် လျှောက်ထား ချက်အရ ခွင့်ပြုပြီးဖြစ်သော အမျိုးသား ညီညွတ်ရေး ကွန်ဂရက် ပါတီမှ ထုတ်ဝေသူ ဦးခင်မောင်ချို အမည်ဖြင့် ထုတ်ဝေလျက်ရှိ သည့် ညီညွတ်ရေး သံစဉ်ဂျာနယ်ကို ထုတ်ဝေခွင့် ရုပ်သိမ်းပေး ရန် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ထိုသို့ နိုင်ငံရေးပါတီ တစ်ခုတည်းက ဂျာနယ်နှစ်စောင် လျှောက်ထားလာခြင်းနှင့် ကန့်ကွက်မှု ရှိလာ သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ စုံစမ်းမေးမြန်း ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း ပါတီ အတွင်းသဘော ထားတိုက်ဆိုင်မှု မရှိသော အုပ်စုနှစ်စု ရှိကြောင်း တွေ့ရပြီး တစ်ခုတည်းသော အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ အတွက် ကတိဝန်ခံချက် လက်မှတ်ရေးထိုးပေးမည့် ပုဂ္ဂိုလ်မရှိသေး ပါသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီနှင့် တရားဝင် ဆက်သွယ်မှု အားလုံးကို ယာယီရပ်ဆိုင်း ထားကြောင်း၊ ပါတီညီလာခံကျင်းပ၍ အများသဘောတူ လက်ခံသောဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရွေးချယ်တင်ပြရန် တရားဝင်စာဖြင့် အကြောင်းကြား ထားကြောင်းသိရပါသည်။
ထို့ကြောင့် အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီမှ စာပေနှင့် ယဉ်ကျေးမှုရေးရာဌာနတာဝန်ခံ ဦးမြသန်းက လျှောက်ထားသော ရွှေသံစဉ်ဂျာနယ်ကို ခွင့်မပြုကြောင်းနှင့် ယခင် ဦးခင်မောင်ချို အမည်ဖြင့် ထုတ်ဝေခွင့်ပြု ထားသော ညီညွတ်ရေးသံစဉ် ဂျာနယ် ထုတ်ဝေခြင်းကို ယာယီ ရပ်ဆိုင်းကြောင်း၊ တစ်ခုတည်း သော ပါတီ အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုသည့် အထောက်အထား ရရှိပြီးမှသာ ထုတ်ဝေခွင့် ပြုနိုင်ရေး ပြန်လည်လျှောက်ထားရန် အတွက် (၂၃-၂-၂၀၁၅) ရက်နေ့ ရန်ကုန်မြို့တွင် ပြန်ကြားရေး ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်မှ ဦးခင်မောင်ချိုနှင့် ဦးမြသန်းတို့အား ခေါ်ယူရှင်းလင်း ဆွေးနွေးခဲ့ပြီး ၎င်းတို့နှစ်ဦးထံသို့ တရားဝင်စာဖြင့် အကြောင်းကြားထားပြီး ဖြစ် ပါသည်။
ထုတ်ဝေခြင်းလုပ်ငန်း သက်တမ်းတိုး လျှောက်ထားလာသည့် ရှင်စာပေနှင့် အနုပညာ ဂျာနယ်ကိုလည်း ၎င်းဂျာနယ်များတွင် မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော ညစ်ညမ်းသည့် ပုံများကို ဖော်ပြလေ့ရှိသဖြင့် နောက်နောင်တွင် ထိုသို့ ညစ်ညမ်းသည့်ပုံများ ထည့်သွင်းဖော်ပြခြင်း မပြုရန်နှင့် ညစ်ညမ်းသည့် ပုံများ ထည့်သွင်း ဖော်ပြပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက် သွား မည်ဖြစ်ကြောင်း၊ ရှင်စာပေနှင့် အနုပညာ ဂျာနယ် ထုတ်ဝေသူ ဦးထိန်လင်းဦး ပြည်ပသို့ ခရီးလွန်နေသဖြင့် ၎င်းကိုယ်စား ဦးသန်းဦးအား (၂၄-၂-၂၀၁၅) ရက် နေ့တွင် ပြန်ကြားရေး ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး က ခေါ်ယူတွေ့ဆုံ ပြောကြားပြီး ဝန်ခံချက် ရယူကာ ဂျာနယ်အား သက်တမ်း တိုး ခွင့်ပြုပေးထားပြီးဖြစ်ပါသည်။
(၂၀-၂-၂၀၁၅)ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ရဲဘော်ကြင်မောင် ရေးသားသော ပြည်သူ့ အာဏာဆောင်းပါးများ (၂၀၀၉-၂၀၁၃) စာအုပ်အား တရားမဝင် ထုတ်ဝေစာမဟုတ်ကြောင်း အမိန့်တစ်စုံ တစ်ရာ မချမှတ်မီ ဖြန့်ချိခြင်း မပြုရန် ယာယီတား ဝရမ်း ထုတ်ဆင့်ခြင်းနှင့် ပတ်သက်၍ ပုံနှိပ်သူ၊ ထုတ်ဝေသူ၊ ဖြန့်ချိသူ တို့ အား (၂၃-၂-၂၀၁၅)ရက် နေ့ ရန်ကုန်မြို့တွင် တွေ့ဆုံရန် ခေါ်ယူခဲ့သော်လည်း ဖြန့်ချိသူမှာ ခရီးလွန်နေ သဖြင့် မလာရောက် နိုင်ဘဲထုတ်ဝေသူ ဦးချစ်ညွန့်(ဇင်ရတနာစောစာပေ)နှင့် ဦးကျော်ကျော် (သုခရွှေစင်ပုံနှိပ်တိုက်)တို့အား ညွှန်ကြားရေးမှူးချုပ်ဦးရဲတင့်မှ တရားရုံး၏ ဆုံးဖြတ်ချက်အတိုင်း နောက်ထပ် အမိန့်တစ်စုံတစ်ရာမချမှတ်မီ ၎င်းစာအုပ်အား ဆက်လက်ပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်းမပြုရန် သတိပေး ပြောကြားခဲ့ ပါသည်။ ထုတ်ဝေသူအနေဖြင့် ၎င်း၏ထုတ်ဝေခွင့်ကတ် ကိုငှား ၍ ထုတ်ဝေခြင်းပြုခဲ့သဖြင့် နောင်တွင် အလားတူ ထုတ်ဝေခွင့်ကတ်ကို ငှားရမ်းခြင်းမပြုရန် သတိပေးဆောင်ရွက်ထားပါကြောင်း သိရှိနိုင်ပါ ရန် သတင်း ထုတ်ပြန်အပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန