ဒုတိယအကြိမ်မြောက် သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းဖွင့်လှစ်

Sat, 06/16/2018 - 11:28 -- user3

နေပြည်တော် ဇွန် ၁၁

ဒုတိယအကြိမ်မြောက် သတင်းရေးသား ထုတ်ပြန်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဒီမိုကရေစီ လူ့ဘောင် တစ်ခုတွင် အုပ်ချုပ်သည့် အစိုးရကို ပြည်သူများက ရွေးချယ်ပြီး နိုင်ငံတော်အတွက် လိုအပ်သည့် အခွန်အခ များကို ပြည်သူများက ထည့်သွင်းပေးရပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့ ရွေးချယ် လိုက်သည့် အစိုးရမှ  တိုင်းပြည်အား မည်သို့ စီမံခန့်ခွဲအုပ်ချုပ်၍ မိမိတို့၏ အခွန်အခများကို မည်သို့ စီမံ ခန့်ခွဲ သုံးစွဲနေသည်ကို သိရှိပိုင်ခွင့်ရှိပါကြောင်း။

ပြည်သူ့ဘဏ္ဍာဖြင့် လုပ်ငန်းလည်ပတ်သော အဖွဲ့အစည်းများ၊ ဌာနများနှင့် အများပြည်သူ ဝန်ဆောင်မှု အတွက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည့် လုပ်ငန်းကြီးများအနေဖြင့် ပြည်သူများ သိရှိလိုသည့် သတင်း အချက်အလက်များကို ထုတ်ပြန်ပေးရန် တာဝန်ရှိပါကြောင်း၊ အများပြည်သူ သိသင့်သိထိုက်သည့် သတင်း အချက်အလက် များကို စနစ်တကျ ထုတ်ပြန်နိုင်ရန်အတွက် သတင်းထုတ်ပြန်ရန် တာဝန်ရှိသည့် အဖွဲ့ အစည်းများ၊ ဌာနများနှင့် လုပ်ငန်းများတွင် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်းထား ရှိပြီး ဆောင်ရွက်ရ ပါကြောင်း။

ယခုသင်တန်းတွင် သတင်းထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်အားလုံးကို စနစ်တကျ ပို့ချသွားရန်    ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သဖြင့် အလေး အနက်ထား လေ့လာသင်ယူသွားကြစေလိုကြောင်း မှာကြား သည်။

သင်တန်းသို့ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတို့မှ သင်တန်း သား၊ သင်တန်းသူ ၂၂ ဦး တက်ရောက်ကြပြီး ဇွန်   ၁၅ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။