ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် စာတတ်သူတိုင်းစာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

Thu, 12/20/2018 - 22:17 -- admin

ပည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားရာတွင် အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်မှာ စာပေကို အထွတ်အမြတ်၊ အလေး အမြတ်ပြုလိုသည့် သဘော၊ စာပေချစ်မြတ်နိုးမှုကိုပို၍ အခိုင်အမာပြုလိုသည့် သဘော၊ စာပေချစ်မြတ်နိုးသည့် စိတ်ဓာတ်များ၊ နိုင်ငံအဝန်း လူကြီး၊ လူငယ်များအကြား ပျံ့နှံ့ သွားစေလိုသည့် သဘောထား ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ပါကြောင်း။

တိတိကျကျ ပြောရမည်ဆိုပါက စာတတ်သူတိုင်းစာဖတ်ရေးလှုပ်ရှားမှု ပြုလုပ် ရသည့်ရည်ရွယ်ချက်သည် နိုင်ငံသူနိုင်ငံသားများ အသိပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ပါကြောင်း၊ စာဖတ်သည့်လူမျိုးများ တိုးတက်ကြီးပွား ကြသည်ကို အများလက်ခံထား ပြီးဖြစ်ပါကြောင်း၊ အပြန်အလှန်အားဖြင့် တိုးတက်ကြီးပွား နေသည့် တိုင်းပြည်မှ ပုဂ္ဂိုလ် များသည် စာအလွန်ဖတ်ကြပါကြောင်း။

တိုင်းပြည်တစ်ပြည်တွင် သိသည့်၊ တတ်သည့်ပုဂ္ဂိုလ်များ၊ များလာပါက အခြား တိုင်းပြည်ထက်ပို၍ သာသွားမည်ပင်ဖြစ်ပါကြောင်း၊ ယခုစာတတ်သူတိုင်းစာဖတ်ရေး လှုပ်ရှားမှုသည် မိမိတို့တိုင်းပြည်တွင် သိသူ၊ တတ်သူများပိုမိုပေါများလာအောင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
မိမိအနေဖြင့် နိုင်ငံသူနိုင်ငံသားများကို စာဖတ်ကြစေချင်ပါကြောင်း၊ အသက် အရွယ်နှင့် လက်တွေ့ဘ၀ သဘာဝကို လိုက်၍ အမျိုးအစားခွဲခြား ကြည့်ပါကြောင်း၊ ထိုသို့ ခွဲခြားရာတွင် စာသင်သားအရွယ်၊ အလုပ်လုပ်သည့်အရွယ်နှင့် အလုပ်နားသည့် အရွယ်ဟူ၍ သုံးမျိုး တွေ့ရပါကြောင်း၊ စာသင်သားအရွယ်ဆိုသည်မှာ ကလေးသူငယ် များနှင့် လူငယ်များ ပါဝင်ပါကြောင်း၊ အလုပ်လုပ်သည့် အရွယ်ဆို သည်မှာ အလုပ်လုပ် နိုင်သည့် လူငယ်လူရွယ်၊ လူလတ်များနှင့် အလုပ်လုပ်နေနိုင်သည့် လူကြီးများ ပါဝင်ပါကြောင်း၊ အလုပ်မလုပ်တော့သည့် အရွယ်ဆိုသည်မှာ လူဘ၀၌ ပြည့်စုံ၍ဖြစ်စေ၊ ဝန်ထမ်းဆိုလျှင် ပင်စင်ယူသွား၍ဖြစ်စေ၊ အလုပ်မလုပ်တော့ဘဲ အချိန် ပို၊ အချိန်အား ကျန်းမာနေဆဲ အရွယ်ဖြစ်ပါကြောင်း။

စာဖတ်ရာတွင် မည်သည့်စာအုပ်ကို ဖတ်ရမည်နည်း ဟူသည့် အကြောင်းအရာ ကို စဉ်းစားသင့်ပါကြောင်း၊ စာဖတ်မည့်သူများကို မည်သို့သော စာအုပ်များ ဖန်တီး ပေးကြမည်နည်း ဟူသည့် အပိုင်းကိုလည်း စဉ်းစားကြရမည်ဖြစ်ပါကြောင်း။

ကလေးများ စာဖတ်စေရန်နှင့် ကလေးစာပေ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ကလေး စာပေပွဲတော်များ ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု နှင့် စိတ်ဝင် စားမှုများ ရှိလာပါကြောင်း၊ ကလေးနှင့် ပတ်သက်သည့် စာအုပ်စာတမ်းများ လည်း ပိုမိုထွက်ရှိလာပါကြောင်း၊ ကလေးစာပေများကို ပြုစုသည့် ပုဂ္ဂိုလ်များနှင့် ထုတ်လုပ်သည့်သူများကို ကျေးဇူးတင်ပါကြောင်း၊ အရည်အသွေးပိုင်းတွင် ယခုထက် ပိုမို၍ ကျယ်ပြန့်ပြည့်စုံ သန့်စင်စေရေးကို စဉ်းစားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဘာသာပြန် ကလေးစာပေများသာမက ပိုမိုကောင်းမွန်သည့် ကလေးစာပေများ ဖန်တီး ပြုစုနိုင်ရန် စိတ်ကူးစိတ်သန်းများဖြင့် အားပေးစေလိုပါကြောင်း၊ သို့မှသာ ကလေးများ အတွက် စာအုပ်စာပေအသစ်အဆန်းများ တိုးပွားလာမည်ဖြစ်ပါကြောင်း။

မိမိတို့ တိုင်းပြည်ကို ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စာဖတ်ခြင်းသည် လူသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးကြီး သည့် ကဏ္ဍအဖြစ် ပါဝင်နေသည်ဟု ယုံကြည်ပါကြောင်း၊ အဆိုပါကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရန် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့၊ တစ်စုဖြင့် လုပ်ဆောင်၍ မပြီးဘဲ အသိပညာ ကိစ္စရပ်တွင် စိတ်ဝင်စားသူတိုင်း၊ တိုင်းပြည်ကို မြတ်နိုးသောသူတိုင်း ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ ဖြစ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စာအုပ်စာပေဖြင့် အလုပ် လုပ်ကိုင်သောသူများ၊ ထုတ်ဝေသူများ၊ ဖြန့်ချိရောင်းချသူများ၊ စာကြည့်တိုက်လုပ်ငန်း လုပ်ကိုင်သူများ၊ ကလေးများ၊ ဆရာဆရာမများ၊ စာပေစာအုပ်အသိပညာနှင့် ပတ်သက်ဆက်စပ်သူများ အနေဖြင့် စွမ်းအားရှိသမျှ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။