(၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Thu, 01/10/2019 - 08:41 -- cytron_user

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က

(၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်

ချစ်ကြည်လေးစားအပ်ပါသော ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျား-

ယနေ့ ဇန်နဝါရီလ (၁ဝ)ရက်နေ့သည် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ နေ့ထူးနေ့မြတ် အခါသမယဖြစ်ပါသည်။

ယခုကဲ့သို့ နေ့ထူးနေ့မြတ် အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခွင့်ရသည့်အတွက် အထူးပင်ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် ကချင်ပြည်နယ်အတွင်း ချစ်ခင်ရင်းနှီးစွာ မှီတင်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသားများနှင့်တကွ ပြည်ထောင်စုတစ်ဝန်းလုံးတွင်ရှိကြသည့် မိဘပြည်သူ ညီအစ်ကို မောင်နှမများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၁ဝ)ရက်နေ့တွင် ကျင်းပခဲ့သော ကချင်ပြည်နယ် ကောင်စီညီလာခံကြီး၏ ပထမဆုံးအစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့် ဇန်နဝါရီလ(၁ဝ)ရက်နေ့ကို 'ကချင်ပြည်နယ်နေ့'အဖြစ် သတ်မှတ်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၇၁)နှစ်မြောက်ခဲ့ပြီဖြစ်ပါသည်။

ချစ်ကြည်ရင်းနှီးစွာ စုပေါင်းနေထိုင်

မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီး စတင်မြစ်ဖျားခံရာဒေသဖြစ်သည့်အပြင် အဖိုးတန်သဘာဝသယံဇာတများ ပေါများကြွယ်ဝကာ နှင်းဖုံးတောင်တန်းများအပါအဝင် သာယာလှပသည့် သဘာဝ ပတ်ဝန်းကျင်များရှိသော ကချင်ပြည်နယ်သည် ကချင်မျိုးနွယ်စုများ၊ ရှမ်းမျိုးနွယ်စုများနှင့် ဗမာမျိုးနွယ်စုများအပြင် အခြားတိုင်းရင်းသားမျိုးနွယ်စုများ အပါအဝင် တိုင်းရင်းသားလူမျိုးစုများစွာ အတူတကွချစ်ကြည်ရင်းနှီးစွာ စုပေါင်း နေထိုင်ကြသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ မချုပ်ငြိမ်းနိုင်သေးသည့် ရလဒ်အကျိုးဆက်အဖြစ် မိမိတို့နိုင်ငံ၏ ပုံရိပ် နှင့် ဖွံ့ဖြိုးမှုသည် ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ အလယ်တွင် နိမ့်ကျနေဆဲဖြစ်သည်ကို အားလုံးသိရှိကြပြီး ဖြစ်ပါသည်။ မတူကွဲပြားမှုများ များပြားစွာရှိနေသော မိမိတို့နိုင်ငံတွင် တိုင်းရင်းသားများအားလုံး တန်းတူရည်တူမှု ဖြင့် သဟဇာတရှိစွာ ရေရှည်အတူယှဉ်တွဲ နေထိုင်နိုင်မှသာလျှင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး မိမိတို့၏ ပြည်ထောင်စုကြီးလည်း ထာဝစဉ်တည်တံ့ခိုင်မြဲနိုင်မည်ဟု ယုံကြည်ပါသည်။ ထိုသို့ ယုံကြည်သည့်အားလျော်စွာ မိမိတို့အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပါသည်။

ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းသွားပါက ဆယ်နှစ်တာကာလအတွင်းမှာပင် အရှိန် အဟုန်ဖြင့် ထူးထူးကဲကဲ တိုးတက်လာနိုင်မည့်အနေအထားကို စိတ်ကူးပုံဖော် မျှော်မှန်းကြည့်ကြစေလိုပါသည်။ ပြည်နယ်သူပြည်နယ်သားများအနေဖြင့်လည်း ငြိမ်းချမ်းသာယာဖွံ့ဖြိုးသည့် ကချင်ပြည်နယ်၏ အိပ်မက်ကို နှစ်ပေါင်း များစွာ မျှော်လင့်လျက်ရှိကြပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေးများသို့ ကချင်ပြည်နယ်ကိုယ်စားပြု တက်ရောက်မှုများ မြင်တွေ့ရမည့်နေ့ကို အားလုံးကလည်း မျှော်လင့်စောင့်စားလျက် ရှိနေကြပါသည်။

အတွေ့အကြုံများကို သင်ခန်းစာရယူ

ယခုအချိန်အခါသည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအနေဖြင့် အတိတ်သမိုင်းမှ အတွေ့အကြုံများကို သင်ခန်းစာရယူပြီး တိုင်းရင်းသားအချင်းချင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် လက်နက်ကိုင်ပဋိပက္ခများ အကြွင်းမဲ့ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့သည့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိအောင် ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အချိန်ကောင်း အခါကောင်းဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လျှောက်လှမ်းနေသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ခရီးလမ်းပေါ်တွင် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး က ခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စုစည်းညီညွတ်စွာ၊ တွဲလက်မြဲမြံကာ ကြိုးပမ်းအကောင်အထည်ဖော် သွားကြရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ယခုလို ကချင်ပြည်နယ်နေ့ နေ့ထူးနေ့မြတ်အခါသမယတွင် ကချင်ပြည်နယ်သူ ပြည်နယ်သားအပေါင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်းနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီးကို အောင်မြင်စွာ တည်ဆောက် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ချစ်ကြည်ရင်းနှီးစွာဖြင့် သဝဏ်လွှာပေးပို့အပ်ပါသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

Featured News: 
0