နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အထက်နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပူတာအို၊ ဇန်နဝါရီ ၉

ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူနှင့် ဦးအုန်းဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အထက်နမ့်ထွမ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားကို အထက်နမ့်ထွမ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အနီးရှိ ယာယီမဏ္ဍပ်၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့ဝင်များနှင့် အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က "လျှပ်စစ်ဓာတ်အားစက်ရုံဖွင့်နိုင်တယ်ဆိုတာ ဝမ်းသာစရာ ကိစ္စတစ်ခု ဖြစ်ပါ တယ်။ ကျွန်မကိုယ်တိုင် ဒီလိုဖွင့်ပွဲမှာ ပါဝင်နိုင်တဲ့အတွက်လည်း ဝမ်းသာပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့ ဒေသခံတွေနဲ့ တွေ့ဆုံခွင့်ရလို့ ကျွန်မဝမ်းသာပါတယ်။ လျှပ်စစ်ဓာတ်အားရအောင် တစ်နိုင်ငံလုံးမှာ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလို လျှပ်စစ်ဓာတ်အားရအောင် ဘာဖြစ်လို့ လုပ်သလဲဆိုတာကို တိုတိုလေးနဲ့ အများ နားလည်အောင် ပြောရရင် ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေ၊ ပြည်ထောင်စုသား သမီးတွေရဲ့ ဘဝထဲကို အလင်းရောင်ဝင်သွားဖို့ပါပဲ။ အလင်းရောင်ဆိုတာ လျှပ်စစ် အလင်းရောင်တွေကို ပြောတာမဟုတ်ပါဘူး။ လျှပ်စစ်ဓာတ်အားရရှိရေးကြောင့် နောက်ထပ်ရလာမယ့် အကျိုးတွေရဲ့ အလင်းရောင်ကို ပြောတာပါ။

ဒီလိုလျှပ်စစ်ဓာတ်အားရခြင်းအားဖြင့် ကလေးတွေရဲ့ ဘဝကိုရော၊ ကလေး မိဘတွေရဲ့ ဘဝကိုရော ပိုပြီးတော့ ထိန်လင်းသွားစေပါတယ်။ သူတို့ရဲ့ အနာဂတ် အတွက် လမ်းပြသလို ဖြစ်သွားစေပါတယ်။ လျှပ်စစ်ဓာတ်အား ရခြင်းအားဖြင့် စီးပွား ရေးလုပ်ငန်းတွေလည်း ပိုပြီးတိုးတက်အောင် ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်း တွေလည်းရောက်လာပါတယ်။ ဒါကြောင့် ကျွန်မတို့က လျှပ်စစ်ဓာတ်အားကို အားပေးတယ်ဆိုတာ ကျဉ်းမြောင်းတဲ့ အမြင်နဲ့မဟုတ်ပါဘူး။ ကျွန်မတို့ ပြည်ထောင် စုအတွက် အကျိုးရှိစေမယ့် ကျယ်ဝန်းတဲ့ အမြင်နဲ့ဖြစ်ပါတယ်။

ကျွန်မဒီကိုလာတဲ့လမ်းမှာ ရေခဲတောင်ကြီးကို ရှင်းရှင်းလင်းလင်း မြင်ရပါ တယ်။ မြူတွေဆိုင်းနေရင် မြင်ရမှာမဟုတ်သလို မိုးရွာနေရင်လည်း မြင်ရမှာ မဟုတ်ပါဘူး။ မှောင်နေရင်လည်း မြင်ရမှာမဟုတ်ပါဘူး။ အလင်းရောင်ရမှပဲ ကျွန်မ တို့ဟာ မှန်မှန်ကန်ကန် အလှကို မြင်နိုင်ပြီး သူရဲ့အနေအထားကိုလည်း သုံးသပ် လို့ရမှာဖြစ်ပါတယ်တယ်။ တောင်တန်းမှာနေတဲ့ လူမျိုးစုတွေဟာ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် တစ်ကမ္ဘာလုံးမှာ ခံနိုင်ရည်ရှိတဲ့သူတွေဖြစ်ပါတယ်။ တောင်တန်းဒေသ တွေမှာ နေတယ်ဆိုတာဟာ ခံနိုင်ရည်ရှိရတယ်၊ သတ္တိရှိရတယ်။ ကြမ်းကြမ်း တမ်းတမ်းဘဝကို ရင်ဆိုင်နိုင်ရတယ်။

ကျွန်မတို့နိုင်ငံနဲ့ အလွန်ဝေးတဲ့ နိုင်ငံတစ်နိုင်ငံကလူမျိုးစုတွေ ရေးခဲ့တဲ့ ကဗျာတစ်ခုရှိပါတယ်။ အဲဒါကတောင်တွေကိုကြည့်လိုက်ရင် သူရသတ္တိကိုရရှိတယ်၊ နောင်လာမယ့်နေ့တွေအတွက် မျှော်လင့်ချက်၊ မျှော်မှန်းချက်တွေလည်းရရှိတယ်၊ ဦးဆောင်နိုင်တဲ့ အင်အားလည်းရတယ်။ ယုံကြည့်ချက်နဲ့ သစ္စာတရားလည်းရတယ် ဆိုပြီးဒီလိုပြောပါတယ်။ တောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အရအကျိုးပေးပုံပါ။ ဒါပေ မယ့်ကျွန်မတို့က စိတ်ပိုင်းဆိုင်ရာတွေကို အားကိုးနေလို့မရဘူး၊ ရုပ်ပ်ိုင်းဆိုင်ရာ ဘက်ကလည်း ပံ့ပိုးပေးဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာအရအင်အားနဲ့သတ္တိ၊ ယုံကြည် ချက်သစ္စာနဲ့ပြည်စုံတဲ့ ကျွန်မတို့ရဲ့ တောင်တန်းနေ ပြည်သူပြည်သားတွေရဲ့ ရုပ်ပိုင်း ဆိုင်ရာ တိုးတက်မှုအတွက် ကျွန်မတို့လုပ်ဆောင်နေတဲ့ ကိစ္စရပ် တွေထဲမှာ ဦးစား ပေးထားတာက လမ်းပမ်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားရရှိ ရေးပဲဖြစ်ပါ တယ်။

ကျွန်မတို့ တိုင်းရင်းသားတွေအားလုံး ကြားမှာပိုမိုပြီးတော့ နီးစပ်နိုင်အောင်၊ ပိုမိုပြီးတော့ ကျွန်မတို့အချင်းချင်း ချိတ်ဆက်နိုင်အောင် လမ်းပမ်းဆက်သွယ်ရေးက အရေးကြီးတယ်။ စီးပွားရေးတိုးတက်ဖို့အတွက်လည်း လမ်းပမ်းဆက်သွယ်ရေးက အရေးကြီးတယ်။ လျှပ်စစ်ဓာတ်အားဆိုတာကစောစောက ကျွန်မပြောသွားသလိုပဲ ကျွန်မတို့ ဘ၀တွေ တိုးတက်ဖို့အတွက်တင်မကဘူး၊ နောင်လာနောက်သားတွေ အတွက် ရှေ့လမ်းပွင့် သွားဖို့၊ ရှေ့လမ်းလင်းသွားဖို့ အခွင့်အရေးတွေပေးနိုင်တဲ့ စွမ်းအင်တစ်ခုဖြစ်တယ်ဆိုပြီး ကျွန်မတို့ ဒီဟာကို ဦးစားပေးလုပ်ဆောင်တာဖြစ်ပါ တယ်။

ကျွန်မအခုလိုပူတာအိုကိုလာတဲ့အချိန်မှာ ပူတာအိုမှာတိုင်းရင်းသားပေါင်းများ စွာနေတာကို တွေ့တဲ့အခါ ကျွန်မတို့နိုင်ငံရဲ့ ပြည်ထောင်စုအင်အားကို ကျွန်မအထူး နှလုံးသွင်းပြီးတော့ အားရမိတယ်။ ဒီလိုပြည်ထောင်စုအင်အားနဲ့ ကျွန်မတို့ဟာ ရပ်တည်ရမှာပါ။ ကျွန်မတို့နိုင်ငံဟာ အင်အားကြီးတဲ့ နိုင်ငံကြီးလည်းမဟုတ်ဘူး၊ ချမ်းသာတဲ့ နိုင်ငံကြီးလည်းမဟုတ်ဘူး။ အခုအချိန်မှာ မဟုတ်သေးဘူး။ သို့သော် လည်း ကျွန်မတို့ရဲ့ပြည်သူပြည်သားတွေ၊ ပြည်ထောင်စုသားသမီးတွေရဲ့ စွမ်းဆောင် မှုအင်အားနဲ့ ကျွန်မတို့ နိုင်ငံကိုအင်အားကြီးတဲ့နိုင်ငံ၊ ကမ္ဘာအလယ်မှာ တင့်တင့် တယ်တယ် သတ္တိရှိရှိနဲ့၊ ယုံကြည်မှု အပြည့်အဝနဲ့ ရပ်တည်နိုင်တဲ့ နိုင်ငံတစ်ခုဖြစ် လာအောင် ကျွန်မတို့ ဆောင်ရွက်နိုင်မယ်ဆိုတာအဓိကယုံကြည်ပါတယ်။ ဒီအတွက် လည်း အားလုံးဝိုင်းပြီးတော့ လုပ်ပေးစေချင်ပါတယ်။ ဒီလို လျှပ်စစ်ဓာတ်အားရရှိရေး ဆိုတာ ဆက်သွယ်ရေးကိုအားပေးပါတယ်။ ဆက်သွယ်ရေးဆိုတာတစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်မှုပါ။

ကမ္ဘာ့အတိုင်းအတာနဲ့ဆိုရင် အင်မတန်မှကြီးမားတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံမဟုတ်ပေမယ့် ကျွန်မတို့နိုင်ငံအတွက်တော့ အရေးကြီးပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ အချက်အခြာကျတဲ့နေရာ တစ်ခုမှာရှိလို့၊ မြောက်ပိုင်းရောက်တဲ့ ဒေသ၊ တောင်တန်းဒေသမှာဖြစ်တဲ့အတွက် ပူတာအိုမြို့နယ်ထဲမှာ လျှပ်စစ်ဓာတ် အားတစ်ခုထူထောင်နိုင်တယ်ဆိုတာ နိုင်ငံရဲ့သိပ္ပံနည်းပညာအရ တိုးတက်မှုကို လည်းပြတာဖြစ်တယ်။ ပြည်ထောင်စုတိုင်းရင်းသားတွေအပေါ်မှာထားတဲ့ စေတ နာကိုလည်း အများမြင်အောင် ပြနိုင်တာဖြစ်ပါတယ်။

စေတနာဆိုတာ မြင်နိုင်ဖို့လည်းလိုပါတယ်။ စိတ်ထဲမှာစေတနာဘယ်လောက် ပဲရှိရှိဒီစေတနာကိုမမြင်နိုင်၊ မတွေ့နိုင်ရင် စေတနာရဲ့ အကျိုးဟာသက်ရောက်သင့် သလောက် မသက်ရောက်ပါဘူး။ စေတနာဟာပေးသူနဲ့ယူသူရှိပါတယ်။ စေတနာ ထားပြီး လုပ်ပေးတာကိုသိတဲ့အခါမှ စေတနာနဲ့ လုပ်ပေးတဲ့ ပုဂ္ဂိုလ်နဲ့၊ စေတနာနဲ့ လုပ်ပေးခံရတဲ့ ပုဂ္ဂိုလ်တွေကြားမှာ နွေးထွေးတဲ့ ဆက်ဆံမှု ရှိသွားပါလိမ့်မယ်။ ကျွန်မတို့ရဲ့အစိုးရဟာ ပြည်ထောင်စုသားသမီးတွေ အားလုံးအပေါ်မှာစေတနာ မေတ္တာထားပြီး ကြိုးစားနေတယ်ဆိုတာကို သိစေချင်ပါတယ်။ သိစေချင်တယ်ဆိုတာ ဂုဏ်ယူချင်လို့မဟုတ်ဘူး။ မင်္ဂလာယူချင်လို့လည်းမဟုတ်ပါဘူး။ ကျွန်မတို့ကြားမှာ ရှိတဲ့ ဆက်နွယ်မှုတွေ ပိုပြီးခိုင်မာစေချင်လို့ပါ။ ဘယ်လိုပဲကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ စီမံကိန်းတွေရဲ့ အဓိကပံ့ပိုးမှုကတော့ စေတနာနဲ့ လုပ်ပုံကိုင်ပုံမှန်ကန်မှု အပေါ်မှာ မူတည်ပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကလည်း မိမိတို့တာဝန်ကို ကျေပွန်စွာ ထမ်း ဆောင်တယ်လို့ မျှော်လင့်ပါတယ်။ ယုံကြည်ပါတယ်။ ဝန်ထမ်းတွေနဲ့ပတ်သက်လို့ ကြုံတုန်းပြောရမယ်ဆိုရင် အထူးသဖြင့် ဒီလိုဒေသတွေမှာ တာဝန်ထမ်းဆောင်ရတဲ့ ဝန်ထမ်းတွေမှာ အခက်အခဲတွေ၊ ကြိုးပမ်းဆောင်ရွက်ရမှုတွေကိုသိပါတယ်။ ဒီဟာ ကိုလည်း ကျွန်မတို့ တန်ဖိုးထားပါတယ်။ ဒီလိုလုပ်ပေးနိုင်တဲ့အတွက် ဂုဏ်ယူစေ ချင်တယ်။ ဝမ်းသာစေချင်တယ်။ ဒီလိုလုပ်ပေးနိုင်တဲ့ အခွင့်အရေးဆိုတာ လူတိုင်း ရတာမဟုတ်ပါဘူး။ အခုလို ပြည်ထောင်စုအတွက် အရေးကြီးတဲ့ လုပ်ငန်းတွေ လုပ်ပေးနိုင်တဲ့၊ တိုင်းရင်းသားများ အချင်းချင်းပိုပြီးတော့ မေတ္တာပွားများအောင် ခိုင်မာတဲ့ သံယောဇဉ်နဲ့ သစ္စာတည်ရှိနိုင်အောင် လုပ်ပေးနိုင်တဲ့ အခွင့်အရေးဟာ ဘယ်အခွင့်အရေးနဲ့မှ မတူပါဘူး။ အဲဒီအတွက် ဂုဏ်ယူစေချင်တယ်။ ကျေနပ်စေချင် တယ်။

ဒါကြောင့် ဝန်ထမ်းတွေအနေနဲ့ ဒီလိုနေရာမှာ တာဝန်ထမ်းဆောင်နိုင်တဲ့ အတွက် ဂုဏ်ယူစေချင်တယ်။ ဝမ်းသာစေချင်တယ်။ ဒါဟာကိုယ့်ရဲ့ ပြည်ထောင်စု အတွက်၊ နိုင်ငံကြီးပွားတိုးတက်ဖို့အတွက် ကိုယ်တိုင်လုပ် ပေးလိုက်တဲ့အရာကိစ္စ တစ်ခုဖြစ်တယ်ဆိုပြီး အမြဲပဲစွဲစွဲမြဲမြဲမှတ်ထားစေချင်တယ်။ အရေးကြီးတာကတော့ ဒီလိုလုပ်တဲ့ အချိန်မှာ ပြည်ထောင်စုစိတ်ဓာတ်တွေပွားအောင် ဒေသခံပြည်သူလူထု တွေရဲ့လိုအပ်ချက်၊ ဒေသခံပြည်သူလူထုတွေရဲ့စိုးရိမ်မှုတွေ မျှော်လင့်ချက်တွေ ဒီဟာတွေကိုလည်း နားလည်အောင် ကြိုးစားစေချင်တယ်။ ဒါဟာ ဝန်ထမ်းတွေ ရဲ့တာဝန်ဖြစ်တယ်။ ဝန်ထမ်းတွေဆိုတာ နိုင်ငံတော်ရဲ့ ဝန်ထမ်းတွေ၊ နိုင်ငံတော်ရဲ့ ဝန်ထမ်းတွေဆိုတာ ကချင်ပြည်နယ်ရဲ့ ဝန်ထမ်းတွေလည်းဖြစ်တယ်။ နေပြည်တော် ရဲ့ဝန်ထမ်းတွေလည်း ဖြစ်တယ်။ ခွဲခြားပြီးတော့ လုပ်လို့မရဘူး။ တို့ကနေပြည်တော် ကလာတဲ့ ဝန်ထမ်းဆိုပြီး စိတ်ဓာတ်ထားလို့မရဘူး။ ငါတို့ကတော့ ဒေသခံဝန်ထမ်း တွေဆိုပြီး စိတ်ဓာတ်ထားလို့မရဘူး။

အားလုံးဟာ တစ်နိုင်ငံလုံးရဲ့ဝန်ထမ်းတွေဖြစ်တယ်။ တစ်ဦးချင်းတစ်ဦးချင်းဟာ တစ်နိုင်ငံလုံးအပေါ်မှာ သစ္စာခံရမယ်။ တစ်နိုင်ငံလုံးအတွက် တာဝန်ယူရမယ်။ ဒါကြောင့် အခုပူတာအိုဘက်ကိုလာတဲ့အခါမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက် ပြီးလုပ်တဲ့ ရိုးရိုးသာမာန်ပြည်သူလမ်းလုပ်သားတွေ၊ နိုင်ငံတော်ရဲ့ ဝန်ထမ်းတွေ၊ စီမံကိန်းတွေမှာပါဝင်တဲ့ သာမန်ပြည်သူတွေထဲက လုပ်သားတွေ၊စီမံကိန်းထဲမှာ ပါဝင် နေတဲ့ ဝန်ထမ်းတွေအားလုံးဟာတန်းတူညီတူအရေးကြီးပါတယ်။

နိုင်ငံတော်အတွက်ဆိုရင် နိုင်ငံသူနိုင်ငံသား တစ်ဦးချင်းတစ်ဦးချင်းဟာ တန်ဖိုးရှိပါတယ်။ အဲဒါကြောင့် ကျွန်မတို့ရဲ့ ပြည်ထောင်စုသားသမီးများ အားလုံးကို ဒီလိုအခွင့်အခါ ကြုံတုန်းမှာမှာချင်ပါတယ်။ ကျွန်မတို့အားလုံးဟာတစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ဆိုတာတကယ်ပါ။ ကချင်ပြည်နယ်လိုနေရာနဲ့ တောင်ပိုင်းက ရန်ကုန်တိုင်းလိုနေရာနဲ့ အင်မတန်မှကွာခြားပါတယ်။ ကွာခြားပေမယ့် ကျွန်မတို့ သွားနေတဲ့ အနာဂတ်လမ်းကတော့ တစ်လမ်းတည်းပါပဲ။ ဒီနိုင်ငံဟာအားလုံး တစ်လမ်းတည်းသွားနေတာပါ။ ကျွန်မတို့သွားတဲ့လမ်းဟာ ထိန်ထိန်လင်းနေစေချင် တယ်။ ထိန်ထိန်လင်းနေစေချင်တယ်ဆိုတာ လျှပ်စစ်ဓာတ်အားနဲ့လည်း လင်းစေချင် သလို ကျွန်မတို့ရဲ့ စိတ်ဓာတ်နဲ့လည်း ထိန်လင်းနေစေချင်ပါတယ်။

ကျွန်မတို့တွေရဲ့ မျှော်လင့်ချက်တွေ ကြီးမားခြင်းအားဖြင့်လည်းထိန်လင်း နေစေချင်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် အားလုံးမှာ တာဝန်ရှိသလို အားလုံးမှာ အခွင့်အရေးလည်းရှိပါတယ်။ ကိုယ့်မှာရှိတဲ့အခွင့်အရေးကို မှန်မှန်ကန်ကန်သုံးခြင်း အားဖြင့် ကိုယ့်တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ဒီမှာရောက်တုန်း၊ ကျွန်မတို့ ပြည်ထောင်စုဖွားတွေရဲ့ မျှော်လင့်ချက်တွေ၊ အခက်အခဲတွေအကြောင်းကိုသိရပါတယ်။

ကျွန်မတို့ လာတယ်ဆိုတာကလည်းအခက်အခဲတွေအကြောင်း၊ မျှော်လင့် ချက်တွေအကြောင်း သိဖို့လာတာဖြစ်တယ်။ အခက်အခဲတွေ ဘယ်လိုဖယ်ရှားပေး ရမယ်၊ မျှော်လင့်ချက်တွေကို ဘယ်လိုဖြည့်ဆည်းပေးရမယ်။ ဒါဟာအစိုးရ တာဝန်ကို ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ အစိုးရ တာဝန်ကို ထမ်းဆောင် တဲ့အထဲမှာ စောစောက ကျွန်မတို့ပြောသလို နိုင်ငံတော်သမ္မတကြီးကနေအစ အောက်ဆုံး ဝန်ထမ်းအထိအပါအဝင် အားလုံးဟာအစိုးရတာဝန်ကို ထမ်းဆောင်နေ တာပါ။

အစိုးရတာဝန်ထမ်းဆောင်ခြင်းဟာ တိုင်းပြည်တိုးတက်ရေး၊ တိုင်းပြည်ရဲ့ အနာဂါတ်၊ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ကျွန်မတို့အားလုံးလုပ်နေ တာဖြစ်ပါတယ်။ ကိုယ့်နေရာကိုယ့်ကဏ္ဍကနေပြီးတော့ ကျွန်မတို့ရဲ့ တိုင်းရင်းသား ပြည်သူပြည်သားအပေါင်းကလည်း အစိုးရဝန်ထမ်းများနဲ့ ပတ်သက်တဲ့အခါ ယုံကြည် စေချင်တယ်၊ စိတ်ချစေချင်တယ်၊ ညီရင်းအကိုတွေလို စိတ်ထားစေချင်တယ်။ အဲဒီ လိုစိတ်ထားစေဖို့ ဝန်ထမ်းတွေမှာလည်း တာဝန်ရှိတယ်။ ဝန်ထမ်းတွေကို ပြည်သူ ပြည်သားတွေကနေယုံကြည်ရမယ်၊ စိတ်ချရမယ်၊ ဝန်ထမ်းတွေဆိုတာ ငါတို့အတွက် လုပ်နေတယ်ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ဖြစ်အောင် လုပ်ပေးရမှာလူတိုင်းလူတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။

ဝန်ထမ်းလုပ်တယ်ဆိုတာ သူဋ္ဌေးဖြစ်ဖို့ လုပ်တာမဟုတ်ဘူး။သူဋ္ဌေးဖြစ်ချင် ရင်တော့ စီးပွားရေးလုပ်ဖို့ပဲရှိတယ်။ အဲဒီတော့ ဝန်ထမ်းတွေဟာ သူဋ္ဌေးဖြစ်ချင်လို့ အစိုးရအဖွဲ့ထဲဝင်တာ၊ အစိုးရဝန်ထမ်းလုပ်တာလုံး၀ မသင့်တော်ပါဘူး။ ဒါကို ဘာဖြစ်လို့ ကျွန်မသတိပေးရတာလဲဆိုတော့ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံ သားတွေဟာ ဝန်ထမ်းတွေအပေါ်မှာ အခုထက်ထိ ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုရှိတယ်လို့ ပြောလို့မရ သေးပါဘူး။ ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုရှိအောင် ကျွန်မတို့ ကြိုးစားရမယ်။ ဒီလိုကြိုးစားပြီးတော့ ပြည်သူပြည်သားတွေက နိုင်ငံ့ဝန်ထမ်းတွေအပေါ်မှာ ယုံကြည် မှုရှိနေမှ ကျွန်မတို့နိုင်ငံဟာ အမှန်တကယ်တိုးတက်တဲ့ နိုင်ငံလို့ခေါ်နိုင်မှာပါ။ ဖွံ့ဖြိုးတိုး တက်ခြင်းဆိုတာဟာ တချို့တွေကတော့ နိုင်ငံရဲ့ ဘဏ္ဍာအနေအထား၊ နိုင်ငံရဲ့တစ်ဦး ချင်းပျမ်းမျှခြင်းတွေကို ကြည့်ပြီးတော့ တွက်ကြပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ ချမ်းသာ သလား၊ ဆင်းရဲသလား။ ကျွန်မတို့ကတော့ ဒီလိုတွက်လို့မရဘူးလို့ထင်ပါတယ်။ နိုင်ငံတစ်နိုင်ငံချမ်းသာသလား၊ ဆင်းရဲသလားဆိုတာပထမဦးဆုံးက ဘယ်လောက် ညီညွတ်မှုရှိ သလဲဆိုတာ ကြည့်ပြီးတွက်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့်ညီညွတ် မှုရှိအောင် လုပ်နိုင်တဲ့အခွင့်အရေးတွေရှိလို့ ဒီအခွင့်အရေးတွေကို ယူကြပါလို့ ကျွန်မ အနေနဲ့ ကြုံတုန်းတိုက်တွန်းချင်ပါတယ်။

ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားတွေ၊ ပြည်ထောင်စုသားသမီးတွေ အားလုံးကို တိုက်တွန်းချင်ပါတယ်။ ပြီးတော့ပြည်ထောင်စု သားသမီးတွေနဲ့ တစ်စိတ်တစ်ဝမ်း တည်းဖြစ်တဲ့ ဝန်ထမ်းတွေကိုလည်း အခုလိုကြုံတုန်းမှာ အထူးတိုက်တွန်းချင်ပါ တယ်။ ဒီလို လျှပ်စစ်ဓာတ်အားရရှိတဲ့နေ့ တစ်နေ့မှာ ပြည်သူ ပြည်သားတွေရဲ့ ဘ၀ ထဲမှာ ပိုပြီးတော့ အလင်းရောင် ဝင်လာဖို့အတွက် အားလုံးလုပ်နိုင်တဲ့ အခွင့်အ ရေးတွေကို အကောင်းဆုံး သုံးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်" ဟု ပြောကြားသည်။

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်းမှရရှိမည့် အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အထက်နမ့်ထွမ်ရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုကို ပြသသည်။

ယင်းနောက် ဒေသခံပြည်သူ ဦးစောနွဲ့တင်လှ က ကျေးဇူးတင်စကားပြောကြား သည်။

ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအားဂုဏ်ပြု သစ်သီး ခြင်းများပေးအပ်သည်။

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အထက်နမ့်ထွမ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှေ့မျက်နှာစာ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ပြည်နယ်ဝန်ကြီး ဦးဝင်းညွန့်နှင့် ဦးဝေလင်း၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးခန်လင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် အခမ်းအနားသို့တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အထက်နမ့်ထွမ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ကမ္ဗည်းမော်ကွန်းကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

ထို့နောက် အဆိုပါကမ္ဗည်းမော်ကွန်းအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တို့က အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အထက်နမ့်ထွမ်ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း လျှပ်စစ်ဓာတ်အားထုတ်လွှတ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

အဆိုပါ အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်းသည် ပူတာအိုမြို့၏ အနောက် ဘက် ခုနှစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး စက်တပ်ဆင်အင်အား ၃ ဒသမ ၂ မဂ္ဂါဝပ်ရှိကာ နှစ်စဉ်ပျမ်းမျှကီလိုဝပ်နာရီ ၁၄ ဒသမ ၃ သန်းထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ဓာတ်အားကို ပူတာအိုမြို့ပေါ်ရပ်ကွက် (၁၀) ရပ်ကွက်နှင့် မချမ်းဘော့မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက် အပါအဝင် ပတ်ဝန်းကျင်ကျေးရွာ( ၂၃ ) ရွာသို့ ၂၄ နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးပြခန်းသို့ရောက်ရှိရာ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်ညီညီကျော်နှင့် ခါကာဘိုရာဇီအမျိုးသား ဥယျာဉ် အုပ်ချုပ်ရေးမှူးဦးအောင်မောင်း တို့ကခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီ ဘေးမဲ့တောဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြတိုက် အတွင်းခင်းကျင်းပြသထားသည့် ဇီဝမျိုးစုံမျိုးကွဲပညာပေးပြခန်းပြကွက်များနှင့် ဒေသရင်း သစ်ခွမျိုးစိတ်များကိုလှည့်လည်ကြည့်ရှုသည်။

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် ပူတာအိုခရိုင် နောင်မွန်မြို့နယ် ပန်နန်းဒင် ဒေသအတွင်းတည်ရှိပြီး ရေခဲဖုံးတောင်တန်းများနှင့် ဇီဝမျိုးစုံမျိုးကွဲများစုံလင်ရာ အမျိုးသား ဥယျာဉ်တစ်ခုဖြစ်သည်။ အဆိုပါ ဥယျာဉ်ကို ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် အမျိုးသား ဥယျာဉ်အဖြစ်သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် အာဆီယံအမွေအနှစ် စာရင်းဝင်ဥယျာဉ်အဖြစ်သတ်မှတ်ခဲ့သည်။ ဥယျာဉ်၏ အကျယ်အဝန်းမှာ ၁၄၇၂ စတုရန်းမိုင်ရှိကြောင်းသိရသည်။

ဖုန်ကန်ရာဇီ တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ဖွဲ့စည်းထူထောင်ခဲ့ပြီး ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ်နှင် နောင်မွန်မြိ့နယ်တို့တွင် တည်ရှိပြီး ဧရိယာအကျယ်အဝန်း ၁၀၄၄ စတုရန်းမိုင်ရှိကာ ဟိမဝန္တာအရှေ့ဖျားဒေသ မျိုးစိတ်များဖြစ်သည့် သားမင်း၊ ပန်ဒါနီ၊ တောင်ဆိတ်နီ စသည်တို့အပါအဝင် နို့တိုက်သတ္တဝါ မျိုးစိတ် ၃၆ မျိုး၊ ငှက်မျိုးစိတ် ၃၇၀ မျိုး၊ လိပ်ပြာ ၃၆၀ မျိုး၊ တွားသွားနှင့် ကုန်းနေရေနေ သတ္တဝါ ၈၂ မျိုးတို့ကို မှတ်တမ်းတင်ထားကြောင်းသိရသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြသည် ရဝမ်အမျိုး သားဥယျာဉ်သို့ရောက်ရှိရာ ရဝမ်ရိုးရာစာပေနှင့် ယဉ်ကျေးမှုအသင်းဝင် ဒေါ်နန်ဆိန်းက ရဝမ်ရိုးရာတဘက်ကို ဂုဏ်ပြုလွှမ်းခြုံပေးသည်။

ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရဝမ်ရိုးရာမနောကွင်း၌ ရဝမ်ရိုးရာ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့်အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ရဝမ်ရိုးရာကပြ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ရဝမ်အမျိုးသားပြတိုက်သို့ ရောက် ရှိပြီးပြတိုက်ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထားထိုးကာ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်း ပြကွက်များကို ကြည့်ရှုသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်များဖြင့် ပူတာအိုမြို့မှ နောင်မွန်မြို့ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် နောင်မွန်ရှေ့တန်းစခန်းသို့ရောက်ရှိကြသည်။

စခန်းတွင် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဇော်ထွန်း က စခန်းဆိုင်ရာအချက်အလက်များ၊ ဥယျာဉ်အတွင်း တောရိုင်းတိရိစ္ဆာန်များပျံ့နှံ့တည်ရှိမှု၊ ဖုန်ကန်ရာဇီတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ အမျိုးသားဥယျာဉ်၏တောင်ပိုင်းနှင့် အမျိုးသား ဥယျာဉ်တို့ပါဝင်သည့် ခါကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းထည့်သွင်းရန် အမည်စာရင်းတင်သွင်းနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ သုတေသနပြု လုပ်နိုင်သည့်အခြေအနေများ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းဝန်ဆောင်မှုများနှင့် လေ့လာကြည့်ရှုအပမ်းဖြေနိုင်သောအခွင့်အလမ်းများကိုရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် နောင်မွန်မြို့ လုံမောင် မြို့တော် ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖ ဒေသခံပြည်သူများ၊ တာဝန်ရှိသူများ နှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ဤဒေသများသည် အလားအလားကောင်း များစွာရှိပါကြောင်း၊ မြေပြန့်ဒေသများနှင့် နှိင်းယှဉ်လျှင် ဖွံ့ဖြိုးမှု နောက်ကျနေနိုင်သော်လည်း စိတ်အားငယ် စရာမလိုပါ ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဤဒေသတွင်ရှိသည့် လူသားအရင်း အမြစ်သည် ခိုင်မာပါကြောင်း၊ ထို့အတူဤဒေသတွင်ရှိသည့် သဘာဝအရင်း အမြစ်များသည် ရှားပါး ပြီးတန်ဖိုးရှိလှပါကြောင်း၊ ထိုကဲ့သို့ အရင်းအမြစ်များကို သေချာစွာထိန်းသိမ်း စောင့်ရှောက်ပြီးခိုင်မာသည့် လူသားအရင်းအမြစ်နှင့် ပေါင်းစပ်နိုင်ပါက ထူးခြားလှပ သည့် ပုံစံဖြင့် ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဖွံြ႕ဖြိုးမှု နောက်ကျနေပါကြောင်း၊ ထိုကဲ့သို့ နောက်ကျနေသည်မှာ အဖြစ်မှန်ဖြစ်ပြီး တစ်ဖက်မှကြည့်လျှင် ဝမ်းနည်းစရာဖြစ်သော်လည်းအခြားတစ်ဖက်မှကြည့်လျှင် ရှေ့က ဖွံ့ဖြိုးပြီးနိုင်ငံများမှ အားနည်းချက်များကို သင်ခန်းစာရယူနိုင်ပါကြောင်း၊ ဖွံ့ဖြိုးမှုကို ဦးတည်သည့်အတွက် ဖွံ့ဖြိုးမှုပုံစံမမှန်ကန်သည့် အားနည်းချက်များတွေ့ကြုံခဲ့ကြ ပါကြောင်း၊ ထိုကဲ့သို့သော သင်ခန်းစာယူပြီးမိမိတို့နိုင်ငံတွင် ဖွံ့ဖြိုးမှုပုံစံမှန်ကန်အောင် ဆောင်ရွက်နိုင်ပါ ကြောင်း၊ဖွံ့ဖြိုးရုံဖြင့် မလုံလောက်ပါကြောင်း၊ ဖွံ့ဖြိုးမှုပုံစံမှန်ကန်ရန်မှာ လည်း အရေးကြီးပါကြောင်း၊ မိမိတို့၏ နိုင်ငံတော်သီချင်းတွင် ပါဝင်သကဲ့သို့ တို့ပြည် တို့မြေ၊ တို့ပိုင်တဲ့မြေဆိုသော်လည်းဤမြေ၊ ဤပြည်ကိုနောင်လာနောင်သားများအတွက် မိမိတို့၏ လက်ထက်တွင် သေချာထိန်းသိမ်းစောင့်ရှောက်ပြီးကောင်းသည့် အမွေအဖြစ် လက်ဆင့်ကမ်းရမည်ဖြစ်ပါကြောင်း။

မိမိတို့ ပြည်ထောင်စုဖွားညီအစ်ကိုမောင်နှမများသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ ကောင်းမွန်စေရန် ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အင်အားနှင့် ပူးပေါင်းပြီးမှန်ကန်သည့် စိတ်ဓာတ်ကိုမွေးမြူရန် လိုအပ် ပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် ပတ်သက်သည့် ကျန်းမာရေးကောင်းမွန်စေရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်သည့် ပညာရေးကောင်းမွန်စေရန် ဖြည့်ဆည်းဆောင်ရွက်ပေးလိုပါကြောင်း၊ ထိုကဲ့သို့ ဖြည့်ဆည်းနိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန် ရန်မှာလည်း အရေးကြီးပါကြောင်း။

ပြည်သူများနှင့် တွေ့ဆုံသည့်အခါ ပထမအနေဖြင့် အခြေခံကျသည့် သောက်သုံး ရေလိုအပ်ချက်၊ ဒုတိယအနေဖြင့် လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်၊ တတိယ အနေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး လိုအပ်ချက်တို့ကို အများစုက အဓိက တင်ပြကြပါ ကြောင်း၊ ပြီးလျှင် စတုတ္ထအနေဖြင့် ပညာရေးနှင့် နောက်ဆုံးမှသာ ကျန်းမာရေး လိုအပ် ချက်ကို တင်ပြကြပါကြောင်း၊ သို့သော် ကျန်းမာမှ အခြားကိစ္စရပ်များကို ဆောင်ရွက်နိုင် မည်ဖြစ်သဖြင့် မိမိအနေဖြင့် ကျန်းမာရေးသည် အဓိကကျသည်ကို အမြဲပြောဆိုရပါ ကြောင်း၊ ယခုပြောခဲ့သည့် အခြေခံလိုအပ်ချက် ငါးချက်သည် ယခုအချိန် အထိ မပြောင်းလဲ သေးပါကြောင်း၊ ဤငါးချက်သည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျ သည့် အချက်များဖြစ်ပါကြောင်း။

မိမိတို့ ပြည်သူပြည်သားများသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာခိုင်မာမှန်ကန် တည်ကြည်နေမည်ဆိုပါကမိမိတို့နိုင်ငံအတွက် စိုးရိမ်စရာမလိုပါကြောင်း၊ ထို့ကြောင့် နောင်မွန်ဒေသခံများအနေဖြင့်လည်းစိတ်ဓာတ်ကျစရာ၊ အားငယ်စရာမလိုပါကြောင်း၊ အနာဂတ်သည် လင်းပါသည်ဟုပြောကြားလိုပါကြောင်း ပြောကြားသည်။

ထို့နောက် နောင်မွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်း က ဒေသဆိုင်ရာ အချက်အလက်များကိုရှင်းလင်းတင်ပြသည်။

ယင်းနောက် နောင်မွန်ဒေသခံပြည်သူ ဦးဆင်လုံဖုန်ဆန်း က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ဒေသနေပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက် ၊ ခေါက်ဆွဲခြောက် ၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီ စသည့် စားနပ်ရိက္ခာများကို တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများထံထောက်ပံ့ပေးအပ်သည်။

ယင်းနောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်ရဟတ် ယာဉ်များဖြင့် နောင်မွန်မြို့မှ ပူတာအိုမြို့သို့ရောက်ရှိကြပြီး ထိုမှတဆင့် လေကြောင်း ခရီးဖြင့် မြစ်ကြီးနားမြို့သို့ရောက်ရှိကြရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသနေပြည်သူ များနှင့် တာဝန်ရှိသူများက မြစ်ကြီးနားလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မော်တော်ယာဉ်ဖြင့်ခေတ္တတည်းခိုမည့် မြစ်ကြီးနားမြို့ Palm Spring ဟိုတယ်သို့ ရောက်ရှိ ပြီး ဟိုတယ်ခန်းမ ၌ ကချင်ပြည်နယ်မြောက်ပိုင်းပူတာအိုမြို့နယ် မလိခွမ်ရွာ မှ ဦးဆုန်ဒမ်းဒီးဆားရ်နှင့် ဦးထလာနမ်ဆင်၊ လေယာဉ်ကွင်းရပ်ကွက်မှ ဦးဆုန်ဒမ်းယုံဆန်းနှင့် ဦးထလာနမ်မင်၊ ပန်နန်းဒင်မြို့ အရွမ်ဒမ်း(ခရောင်)ရွာမှ မောင်ဇုံပလီဖုန်ဇီ၊ မောင်ဆုန်ဒမ်းအောင်တန်၊ မောင်ဇုံပလီခင်၊ မောင်အရွမ်းဒမ်းခင်၊ မောင်ဆုန်ဒမ်းဆာရ်ရမ် နှင့် မဇုံပလီနန်ဗေး တို့ကိုတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းရင်းသားများက ၎င်းတို့၏လိုအပ်ချက်နှင့် အခက်အခဲများ ကို ပွင့်ပွင့်လင်းလင်းတင်ပြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းပြောကြား၍ တင်ပြချက် များကို အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

Ref: Myanmar State Counsellor Office