ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြစ်ကြီးနားမြို့ ပရဟိတဂေဟာနှင့် နေရပ်စွန့်ခွာ ပြည်သူများ ရှိသော စခန်းများအား ထောက်ပံ့မှုများ ဆောင်ရွက်

မြစ်ကြီးနား၊ ဇန်နဝါရီ ၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေတ္တာရင်ခွင် ပရဟိတဂေဟာ နှင့် လယ်ကုန်းဗက်လင် နေရပ်စွန့်ခွာပြည်သူများရှိသော စခန်းများတွင် လူမှုကာကွယ်စောင့်ရှောက်ရေး နှင့် ကူညီထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ရှိ မေတ္တာရင်ခွင် ပရဟိတ ဂေဟာ၌ ကလေး သူငယ်များနှင့် တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများ ဖော်ဆောင်ပေးလျက်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြခြင်းဖြစ်၍ ပြည်ထောင်စု စိတ်ဓါတ်ဖြင့် အချင်းချင်းညီညွတ်မျှတစွာ ငြိမ်းချမ်းမှုကို ဖော်ဆောင်ကြရန်လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်မှု အားလုံးသာတူညီမျှ ခံစားရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်တက်ရောက်နေသူများနှင့် အခြေခံပညာအဆင့် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေကျပ် ၂,၃၄၄,၀၀၀ (နှစ်ဆယ့် သုံးသိန်း လေးသောင်း လေးထောင်)၊ ဆန်ဖိုးငွေ၊ စားစရိတ်နှင့် ဝတ်စုံစရိတ်တို့အတွက် ထောက်ပံ့ငွေကျပ် ၁၈,၃၆၀,၀၀၀ (တစ်ရာရှစ်ဆယ့်သုံးသိန်း ခြောက်သောင်း) ထောက်ပံ့ပေးအပ်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ကလည်း တီရှပ်၊ ပုဆိုး၊ ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ဂေဟာအတွင်းရှိ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းမှ လှူဒါန်းထားသော ကလေးပျော်နေရာတွင် ကလေးများအား တွေ့ဆုံ၍ အာဟာရမုန့်များနှင့် အရုပ်များဝေငှခဲ့ပြီး ပရဟိတဂေဟာအတွင်း ဆောင်ရွက်ထားသော နို့စားနွား မွေးမြူရေးခြံသို့ သွားရောက် လေ့လာကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ကုန်းဗက်လင် နေရပ်စွန့်ခွာပြည်သူ များရှိသော စခန်း သို့ ရောက်ရှိပြီး စခန်းနေ ပြည်သူများနှင့်တွေ့ဆုံသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ် တက်ရောက်နေသူများနှင့် အခြေခံ အဆင့် ကျောင်း သူ/သားများအတွက် ထောက်ပံ့ငွေကျပ် - ၂၆၁၈၀၀၀ (နှစ်ဆယ့် ခြောက်သိန်း တစ်သောင်းရှစ်ထောင်)၊ ဆန်၊ ဆီ၊ ဆား၊ ပဲ (၁) လစာ ထောက်ပံ့ငွေကျပ် - ၆၈၂၆၈၇၅ (ခြောက်ဆယ့်ရှစ်သိန်း နှစ်သောင်း ခြောက် ထောင် ရှစ်ရာ ခုနှစ်ဆယ့်ငါးကျပ်)၊ အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ ယာဉ် မောင်း သင်တန်းတို့အတွက် ထောက်ပံ့ငွေကျပ် - ၄၈၅၇၅၀၀(လေးဆယ့်ရှစ်သိန်း ငါးသောင်း ခုနှစ်ထောင့် ငါးရာကျပ်)နှင့် အသက်(၅)နှစ် အောက် ကလေး၊ ကိုယ်ဝန်ဆောင်မိခင်၊ အမျိုးသမီး ဦးဆောင်သော မိသားစုများအတွက် ထောက်ပံ့ငွေကျပ် ၁၀၅၀၀၀ (ဆယ်သိန်း ငါးထောင်ကျပ်) တို့ကို ထောက်ပံ့ပေးအပ် ကာ ကလေးငယ်များကို အာဟာရမုန့်များ ဝေငှခဲ့ပြီး ယနေ့ ထောက်ပံ့ငွေ စုစုပေါင်းမှာ ငွေကျပ် ၃၆,၀၅၆,၃၇၅ (သုံးရာ ခြောက်ဆယ်သိန်း ငါးသောင်း ခြောက်ထောင့်သုံးရာခုနှစ်ဆယ့်ငါးတိတိ) ဖြစ် ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့အတွင်းရှိ နေရပ်စွန့်ခွာ ပြည်သူ များစခန်းရှိရာ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)