ကန်တော်ကြီးရေပြင်အနီးရှိ ကန်သာယာစင်တာကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ်

ရန်ကုန် ဇန်နဝါရီ ၈

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးရေပြင်အနီးရှိ ကန်သာယာစင်တာဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် ကန်သာယာစင်တာနှင့် Wyndham Grand Yangon Hotel တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ Asia Myanmar Shining Star ဥက္ကဋ္ဌ Mr.Yan Yu နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံတကာအဆင့်မီ ရုံးခန်းများ၊ အဆင့်မြင့် လူနေအိမ်ခန်းများ၊ ဟိုတယ်နှင့်ဈေးဝယ်စင်တာများ ပါဝင်သော ကန်သာယာစင်တာကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

'' ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြိုးပမ်းဆောင်ရွက် တဲ့နေရာမှာ ပုဂ္ဂလိကကဏ္ဍရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဟာ အလွန်အင်မတန်အရေးကြီးပါတယ်။ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနဲ့ စနစ်တကျ လုပ်ငန်းစဉ်ကို လည်ပတ်နိုင်မှုတွေကို ဆောင်ရွက်နိုင်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာ ဖြစ်ပါတယ်'' ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနှစ်သစ်ကူးကာလ၌ ကန်တော်ကြီးအတွင်း၌ ရေအောက်လမ်းများပါဝင်သော နိုင်ငံတကာ အဆင့်မီ ငါးပြတိုက်ကိုလည်း ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆင့်မြင့်အခန်းများ ၁၆၈ ခန်း ပါဝင်သော အထပ်ပေါင်း ၂၂ ထပ်ရှိ တာဝါတွင် ခေတ်အမီဆုံး လုံခြုံရေးစနစ်များနှင့် ကားအစီးပေါင်း ၆၀၀ ရပ်နားနိုင်သော ကားပါကင် ဧရိယာပါဝင်ကြောင်း သိရသည်။ အဆိုပါစင်တာ အဆောက်အအုံကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံထားပြီး အရင်းကျေကာလမှာ ကိုးနှစ်ခန့် ခန့်မှန်းထားကြောင်း သိရသည်။

အဆိုပါအဆောက်အအုံ၌ ပါဝင်သည့် ဈေးဝယ်စင်တာတွင် စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ဖက်ရှင်ဆိုင်များ၊ Spa နှင့် အလှပြင်ဆိုင်များ၊ အားကစားပြုလုပ်နိုင်သည့် ခန်းမများ၊ ကုန်စုံဆိုင်များနှင့် အဆင့်မြင့်ဈေး ဝယ်စင်တာကြီးများတွင် ပါဝင်လေ့ရှိသော ရုပ်ရှင်ရုံလည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် Wyndham Grand Yangon Hotel ကိုကမ႓ာတစ်ဝန်းလုံး တွင် ဟိုတယ်အလုံးပေါင်း ၉၀၀၀ ကျော်ရှိသော အမေရိကန် ကုမ္ပဏီကို လုပ်ငန်းလည်ပတ်လုပ်ကိုင်နိုင်ရန်အတွက် အပ်နှံထားကြောင်း သိရသည်။ နိုင်ငံတကာခရီးသွားများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသော ဇိမ်ခံဟိုတယ်တစ်ခုဖြစ်ပြီး အခန်းပေါင်း ၂၉၁ ခန်း ပါဝင်ကြောင်း သိရသည်။

ကန်သာယာစင်တာကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ တင်ဒါအောင်မြင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သို့ ရသင့်ရထိုက်သော အခွန်အခများ ပေးဆောင် သွားမည်ဖြစ်ကာ လက်ရှိတွင် အဆိုပါစင်တာ၌ ပြည်တွင်း ဝန်ထမ်းပေါင်း ၅၀၀ အလုပ်အကိုင် ရရှိလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ရရှိငွေ၏ ၂ ရာခိုင်နှုန်းကို ပတ်ဝန်းကျင်ဒေသ ကောင်းကျိုးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)

ဓာတ်ပုံ-ထိန်လင်း