နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မဂွေဇ - ဆန်းလွတ်ချက် တောင်ထိပ် (၃၃ မိုင် ၆ ဖာလုံ) လမ်းပိုင်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် နောင်မွန်၊ မချမ်းဘော့နှင့် ပူတာအို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပူတာအို၊ ဇန်နဝါရီ ၈

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူနှင့် ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ကချင်ပြည်နယ် ပူတာအိုမြို့သို့ ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးခန်လင်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် တာဝန်ရှိသူများက ပူတာအိုလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် မလိခလော့ဒ် ဟိုတယ်သို့ ရောက်ရှိကြပြီး ဟိုတယ်ခန်းမ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က မဂွေဇ - ငါ့လုံဒမ်- ရီဒမ်း-ခေါင်လန်ဖူး (၆၅ မိုင် ၄ ဖာလုံ) လမ်းဖောက်လုပ်မှု အခြေအနေ၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အခြေအနေ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက် ရှိသည့် အခြေအနေ၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်က မဂွေဇ - ခေါင်လန်ဖူး လမ်းဖောက်လုပ်မှု အင်ဂျင်နီယာပိုင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မဂွေဇ - ငါ့လုံဒမ်- ရီဒမ်း- ခေါင်လန်ဖူး (၆၅ မိုင် ၄ ဖာလုံ) လမ်းဖောက်လုပ်မှုပုံစံငယ်ကို ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ တပ်မတော် ရဟတ်ယာဉ်များဖြင့် နောင်မွန်မြို့နယ် မဂွေဇယာယီမဏ္ဍပ်သို့ ရောက်ရှိကြပြီး မဂွေဇ - ဆန်းလွတ်ချက်တောင်ထိပ် (၃၃ မိုင် ၆ ဖာလုံ) လမ်းပိုင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ယခု ဒီကိုရောက်လာပြီးတော့ လမ်းဖွင့်ပွဲမှာ ပါဝင်တက်ရောက် နိုင်တဲ့အတွက် အင်မတန်မှဝမ်းသာပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့ ဒေသခံပြည်ထောင်စုနိုင်ငံသူ နိုင်ငံသားများနဲ့ တွေ့ရတဲ့ အတွက် အင်မတန်မှဝမ်းသာပါတယ်။ ဒီလိုနေရာကိုလာဖို့ဆိုတာ မလွယ်ပါဘူး။ လာတဲ့အခါမှာလည်း ကျွန်မတို့ပိုပြီးတော့ အချင်းချင်း နီးစပ်သွားတယ်လို့ ခံစားရပါတယ်။ ဒီလိုလမ်းတွေ ဖောက်တယ်ဆိုတာ အဓိကအားဖြင့် ကျွန်မတို့ ဒေသဖွံ့ဖြိုးရေး အတွက်လည်းဖြစ်တယ်။ ဒါပေမယ့် ပိုပြီးတော့အရေးကြီးတာက ကျွန်မတို့ပြည်ထောင်စု တိုင်းရင်းသားများ အားလုံးကြားထဲမှာ နီးစပ်လာအောင် လုပ်တာဖြစ်ပါတယ်။ လမ်းမဖောက်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုရှိဖို့ဆိုတာ မလွယ်ပါဘူး။ လမ်းဖောက်လိုက်တယ်ဆိုတာနဲ့ပဲ ထိတွေ့မှုတံတားကြီး တစ်ခုဆောက်လိုက်သလိုပါပဲ။ လမ်းတွေ၊ တံတားတွေ ဖောက်တယ်ဆိုတဲ့ အဓိကရည်ရွယ်ချက်က ဒါပဲဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုဆိုတာလည်း နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးပေမယ့် ပိုပြီးတော့ အရေးကြီးတာက ညီညွတ်မှုအင်အားပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုလမ်းဖောက်တဲ့အခါမှာ လမ်းဖောက်ဖြစ်အောင်လို့ လုပ်ပေးတဲ့ကျွန်မတို့ရဲ့ အလုပ်သမားတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

“ဒီမှာဆိုရင် တစ်နိုင်ငံလုံးက အလုပ်သမားတွေ ရောက်နေတယ်လို့ ကျွန်မနားလည်ပါတယ်။ ဒီအဓိပ္ပါယ်ကတော့ ကျွန်မတို့နိုင်ငံကို တည်ထောင်ဖို့ဆိုတာ တစ်နိုင်ငံလုံး ဒေသမရွေး အားလုံး ပါဝင်ပြီးတော့ ဆောင်ရွက်မှ အောင်မြင်နိုင်မယ် ဆိုတာကို ပြတာပဲဖြစ်ပါတယ်။ အခုဒီလိုလမ်းဖောက်တဲ့အချိန်မှာ ဘာတွေကို သင်ခန်းစာယူရမလဲဆိုတော့ ဒီလမ်းဟာ အင်မတန်မှ ခက်ခဲပါတယ်။ ဘယ်လိုပဲခက်ခဲခက်ခဲ တကယ်ဆန္ဒရှိတယ်၊ တကယ်ပဲလုံ့လ၊ ဝီရိယနဲ့ စုပေါင်းပြီးတော့ လုပ်သွားမယ်ဆိုရင် မကျော်လွှားနိုင်တဲ့ အခက်အခဲ ဘာမှမရှိပါဘူး။ ဒါကြောင့်ကျွန်မတို့ ဒီဟာတွေကို အဓိကထားပြီးတော့ လုပ်စေချင်ပါတယ်။

“ဒါပေမယ့် ကျွန်မဒီမှာလာတဲ့အခါ နည်းနည်းသတိထားမိတာက ကျွန်မတို့တိုင်းရင်းသားတွေက နည်းနည်းသေးတယ်။ အဲဒီတော့ အာဟာရပြည့်ပြည့်၀ဝနဲ့ ပိုပြီးတော့စားဖို့လိုလိမ့်မယ်ထင်တယ်။ ဒီလိုလမ်းဖောက်လိုက်ခြင်းအားဖြင့်လည်း ပိုပြီးတော့ အာဟာရပြည့်ဝတဲ့ အစားအစာတွေလည်း သယ်ယူဖို့ လွယ်ကူလာလိမ့်မယ်လို့ ကျွန်မတို့ထင်မိပါတယ်။ လူငယ်တွေပိုပြီး ကြီးထွားလာနိုင်အောင်လို့ အားလုံးပူးပေါင်း ဆောင်ရွက်ရမယ်။ လမ်းဖောက်ပြီးရင် ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ထိထိရောက်ရောက် လုပ်နိုင်မယ့် အခွင့်အရေးတွေ ကျွန်မတို့ ရလာမှာဖြစ်ပါတယ်။

“ဒီဖွံ့ဖြိုးရေးအစီအစဉ်တွေဟာ ကျွန်မတို့ရဲ့တိုင်းရင်းသားများအားလုံး စိတ်ပိုင်းဆ်ိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖွံ့ဖြိုးတိုးတက်ဖို့ပဲ ဖြစ်ပါတယ်။ အားလုံးကို ကျွန်မတို့ကတော့ တစ်စုတစ်စည်းတည်း တစ်ပြေးညီပဲ ဖြစ်ချင်ပါတယ်။ နိုင်ငံတစ် နိုင်ငံမှာ အားလုံးတစ်ပြေးညီ ဖြစ်တယ်ဆိုတာဟာလည်း နိုင်ငံ့ရဲ့ဂုဏ်သိက္ခာပါပဲ။ နိုင်ငံ တစ်နိုင်ငံမှာ ဆင်းရဲချမ်းသာ သိပ်ပြီးတော့ ကွာဟမှုရှိတယ်ဆိုတာ နိုင်ငံအတွက် ကောင်းတာမဟုတ်ပါဘူး။ ဒီလိုကွာဟမှုတွေ ဆိုတာကလည်း ဒေသရဲ့လမ်းပန်းဆက် သွယ်ရေး အခက်အခဲနဲ့လည်းဆိုင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုရှိတဲ့အခါ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်ဖို့ဟာကလည်း ခက်ခဲလာပါတယ်။ ဒါကြောင့် ကျွန်မတို့ လမ်းဖောက်တဲ့အလုပ်ဟာ အင်မတန်မှ မွန်မြတ်တဲ့အလုပ်လို့ ကျွန်မအနေနဲ့ ခံယူချင်ပါတယ်။

“တစ်နိုင်ငံလုံးသွားခဲ့တဲ့အခါမှာ လမ်းတွေဖောက်နေတဲ့ လမ်းလုပ်သားတွေ နေရာတိုင်းမှာတွေ့ခဲ့ရတယ်။ ဒါပေမယ့် လမ်းလုပ်သားတွေက ဒေသခံတွေတင် မဟုတ်ပါဘူး။ တစ်ချို့ဆိုရင် အင်မတန်မှဝေးတဲ့ တိုင်းတွေကနေ လာရောက်ပြီးတော့ အလုပ်လုပ်နေတာတွေ ကျွန်မတွေ့ရပါတယ်။ ဥပမာ ကချင်ပြည်နယ်မှာဆိုရင် ဖေ့ဖေ့ရဲ့ဇာတိဖြစ်တဲ့ မကွေးတိုင်းက အလုပ်သမားတွေကိုလည်း ကျွန်မတို့ ခဏခဏတွေ့ရပါတယ်။ လမ်းလုပ်သားတွေ။ ရှမ်းပြည်နယ်မှာလည်း တွေ့ရတယ်။ ကရင်ပြည်နယ်မှာလည်း တွေ့ရတယ်။ တစ်တိုင်းပြည်လုံးမှာ ကျွန်မတို့ တိုင်းရင်းသူ တိုင်းရင်းသားများဟာ ဖြန့်ပြီးတော့ တတ်နိုင်တဲ့ ဘက်ကနေပြီးတော့၊ ရတဲ့ဘက်ကနေပြီးတော့ လုပ်နေတယ်ဆိုတာ မြင်ရတဲ့အခါ အင်မတန်မှ အားတက်ရပါတယ်။ ဒါကြောင့်မို့လို့ အခုလိုအချိန်မှာဆိုရင် ဒီလိုစုဝေးနိုင်တာကိုလည်း အားလည်းရတယ်။ လာရောက်တဲ့သူတွေကိုလည်း ကျေးဇူး တင်တယ်။ ဒီလောက်တောင် စုဝေးနိုင်မယ်လို့လည်း မမျှော်လင့်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သွားလာရတာ အခုထက်ထိတော့ ခက်ခဲသေးတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့်လည်း အခုမော်တော်ဆိုင်ကယ်က ပေါက်နေပြီးတော့ နေရာတော်တော် များများမှာ အရင်ကထက်စာရင် အင်မတန်မှ လွယ်သွားပြီဆိုတာကို ကျွန်မတို့ အခုမြင်နေရပြီဖြစ်တယ်။ ဒီလိုလွယ်သွား တာကြောင့်မို့လို့လည်း တစ်ယောက်နဲ့တစ်ယောက် ပိုပြီးသိကျွမ်းဖို့၊ တစ်ယောက်နဲ့တစ်ယောက်ပိုပြီး နားလည်မှုယူဖို့၊ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးကူညီဖို့ ပေါ်ပေါက်လာတဲ့ အခွင့်အရေးတွေကိုလည်း သုံးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံ ချင်ပါတယ်။

“ကိုယ့်ကိုယ်ကို အားဖြည့်တာဆိုတာဟာ ကိုယ့်ပတ်ဝန်းကျင်ကို အားဖြည့်ပေးရဲမှ ဖြစ်နိုင်မှာပါ။ ဘယ်သူမှ တစ်ယောက်တည်း ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒေသတစ်ခု ဖွံ့ဖြိုးသွားပြီဆိုရင် အဝေးက ဒေသတွေကိုလည်း ပိုပြီးတော့ ဖွံ့ဖြိုးပေးဖို့ ကျွန်မတို့မှာ ကူညီနိုင်တဲ့ အခွင့်အရေးတွေ ရှိသလို အခွင့်အရေးပေးဖို့လည်း တာဝန်ရှိတယ်လို့ ကျွန်မအနေနဲ့ သဘောထားစေ ချင်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများ အားလုံးဟာ ကိုယ့်ရဲ့အခွင့်အရေးတွေကို ကာကွယ်ရမယ်။ စောင့်ရှောက်ရမယ်။ ဒါပေမယ့် ကိုယ့်ရဲ့တာဝန်တွေကိုလည်း ကျေပွန်အောင် ထမ်းဆောင်ရမယ်။ တစ်ဖက်သတ်ပဲကြည့်လို့ မရပါဘူး။ ထိုနည်း၎င်းပဲ အစိုးရများဆိုတာလည်း ပြည်သူလူထုရဲ့အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေရှိတဲ့နည်းတူ ပြည်သူလူထုကနေပြီးတော့ ယုံယုံ ကြည်ကြည်နဲ့ ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ဖို့လည်း အရေးကြီးပါတယ်။ အဲဒီလိုစုပေါင်းပြီးတော့ တာဝန်သိစိတ်နဲ့လုပ်မှ ဒီနိုင်ငံဟာတိုးတက်မှာပါ။ ရဟတ်ယာဉ်နဲ့ကြည့်လိုက်တဲ့အခါ ကျွန်မတို့ရဲ့ ကချင်ပြည်နယ်မှာ တောကြီးတွေဟာ အခုထက်ထိ ထူထပ်စွာနဲ့ ဟိုးပဝေသဏီ ကတည်းက တည်ရှိခဲ့ပြီးတော့ မပျက်မစီးမြင်ရတဲ့အခါ အင်မတန်မှ အားတက်တယ်။ တစ်ဖက်ကနေ စဉ်းစားလိုက်ရင် ကျွန်မတို့နိုင်ငံ ဘယ်လောက်လှပလဲ။ ကျွန်မတို့နိုင်ငံက ဘယ်လောက် တန်ဖိုးရှိတယ် ဆိုတာကိုလည်း ကျွန်မစိတ်ထဲမှာ ခံစားရတယ်။ ဒီလိုတန်ဖိုးရှိတဲ့၊ လှပတဲ့ နိုင်ငံတစ်ခုကို ကာကွယ်စောင့်ရှောက်ဖို့ ဆိုတာ တစ်ဦးချင်း တစ်ဦးချင်းမှာ တာဝန်ရှိတယ်။ စောင့်ရှောက်ချင်တဲ့ စိတ်ဓာတ်လည်းရှိရမယ်။ တန်ဖိုးထားတတ်တဲ့ သဘော ထားလည်းရှိရမယ်။ နေ့တိုင်းမြင်နေရလို့ ကိုယ့်ပတ်ဝန်းကျင်ကို အလေးမထားတဲ့ အခြေအနေ မဖြစ်သွားပါစေနဲ့။ နေ့တိုင်းနေ့တိုင်း ဒီလိုပတ်ဝန်းကျင်မှာ နေနိုင်တာဟာ ကိုယ့်ရဲ့ ကံကောင်းတယ်၊ ကံထူးတယ်လို့ စိတ်ထဲမှာ မှတ်စေချင်တယ်။ မှန်ပါတယ် ဒီလိုနေရာမျိုးဟာ ခက်ခဲတဲ့ဟာတွေ အများကြီးရှိပါတယ်။ ခက်ခက်ခဲခဲလာရတယ်။ သွားရတယ်။ စားဝတ်နေရေး အတွက် ရုန်းကန်ရတယ်။ ဒါပေမယ့် ဒီလိုခက်ခက်ခဲခဲ လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့အင်အားတွေကို တက်လာအောင် လုပ်နိုင်ပါတယ်။

“ဒါကြောင့် ကျွန်မတို့ရဲ့နိုင်ငံ၊ အင်မတန်မှလှပတဲ့ သဘာဝကနေ ပေးအပ်ထားတဲ့ နိုင်ငံကြီးကို ထိန်းသိမ်းဖို့ အင်မတန် အရေးကြီးပါတယ်။ ဖွံ့ဖြိုးမှု ရောက်လာပြီဆိုရင် တစ်ခါတလေ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ဖြစ်တတ်ပါတယ်။ ကျွန်မတို့ကစပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ကတည်းက သဘာဝပတ်ဝန်းကျင် မပျက်စီးအောင်လို့လည်း စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားစေချင်ပါတယ်။ ကိုယ့်ရဲ့သားသမီးတွေ၊ ကလေးတွေ ကိုလည်း ကိုယ့်ပတ်ဝန်းကျင်ရဲ့လှပမှုကို နားလည်အောင်၊ တန်ဖိုးထားအောင် ၊ ကျွန်မတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်တဲ့ စိတ်ဓာတ်တွေရှိအောင် သင်ပေးစေချင်ပါတယ်။ လူကြီးတွေဟာ ပိုက်ဆံချမ်းသာသည်ဖြစ်စေ၊ မချမ်းသာသည်ဖြစ်စေ၊ ရာထူးကြီးသည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ မိမိတို့ရဲ့ သားသမီးများ၊ နောင်လာနောက်သားများအတွက် ပေးကမ်းန်ိုင်တဲ့၊ ထားပစ်ခဲ့နိုင်တဲ့ အကောင်းဆုံး အမွေအနှစ်ကတော့ မှန်ကန်တဲ့ စိတ်ထားတွေ ပဲဖြစ်ပါတယ်။ အဲဒါကတော့ လူတိုင်းလူတိုင်း လုပ်နိုင်တယ်။ ပိုက်ဆံမရှိတဲ့သူလည်း လုပ်နိုင်တယ်။ ရာထူးမရှိတဲ့သူလည်း လုပ်နိုင်တယ်။

“တစ်ခါတလေ အင်မတန်မှ ချမ်းသာကြွယ်၀ပြီးတော့၊ ရာထူးကြီးမြင့်ပြီးတော့ သားသမီးများကို ကောင်းတဲ့စိတ်ဓာတ် အမွေအနှစ်ကို မပေးခဲ့ဘူးဆိုရင် ဒီသားသမီးများဟာ ဘယ်သူ့ကိုမှ အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ အခြားသူကို အကျိုးမပြု နိုင်တဲ့သူဆိုတာ နောက်ဆုံးကျတော့ မိမိကိုယ်မိမိလည်း အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့တိုင်းရင်းသားများ အားလုံး၊ ပြည်ထောင်စုသားများ အားလုံးဟာ ကိုယ့်ရဲ့သားသမီးတွေ၊ ကိုယ့်ရဲ့ကလေးတွေကို ကောင်းတဲ့အမွေအနှစ်တွေ ပေးခဲ့နိုင်အောင်လို့ ကိုယ်ကိုယ်တိုင်က မှန်မှန်ကန်ကန်ကျင့်ကြံပါ။ မှန်ကန်တဲ့စိတ်ထားတွေကိုထားပါ။ ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနဲ့ စုဖွဲ့ထားတဲ့နိုင်ငံဖြစ်တယ်။ ပြောတဲ့ ဘာသာစကား ချင်းလည်းမတူဘူး။ ကိုးကွယ်တဲ့ ဘာသာချင်းလည်း မတူဘူး။ နိစ္စဓူ၀ စားပုံ သောက်ပုံချင်းလည်း မတူဘူး။

“ဒါပေမယ့် မတူကွဲပြားမှုတွေဟာ ကျွန်မတို့အတွက် ကြောက်စရာမဟုတ်ဘူး။ စိုးရိမ်စရာမဟုတ်ဘူး။ ဒီဟာ ကျွန်မတို့အတွက် စိတ်ဝင်စားစရာ တစ်ဦးနဲ့တစ်ဦး အင်အားဖြည့်ပေးစရာလည်း ဖြစ်ပါတယ်။ အားလုံးဟာ တစ်ပုံစံတည်းဆိုရင် ကမ္ဘာကြီးဟာ အင်မတန်မှ ကျဉ်းမြောင်း သွားပါလိ်မ့်မယ်။ ဥပမာဆိုရင် တစ်ယောက်က သီချင်းဆိုတတ်တယ်။ တစ်ယောက်ကနေပြီးတော့ ဆိုင်းတီးတတ်တယ်ဆိုရင် သီချင်းဆိုတာဟာ ဆိုင်းမပါဘဲ သီချင်းဆိုတာထက် ဆိုင်းပါပြီး သီချင်းဆိုတာဟာ ပိုပြီးတော့ ဝေဆာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အင်အားတွေ ပေါင်းလိုက်တဲ့ဟာက ကိုယ်တစ်ယောက်တည်းရဲ့ အင်အားကို သုံးတာထက် အင်မတန်မှ အင်အားကြီးပါတယ်။ ဒါကြောင့် ကျွန်မတို့တိုင်းရင်းသားများ အခုဒီလိုနေရာမျိုးမှာ လာရတဲ့အခါမှာ ဒီလို ဝေးလံခေါင်သီ တဲ့နေရာမှာ တိုင်းရင်းသားလူမျိုးစု အမျိုးမျိုး ကျွန်မတို့တွေ့ရတယ်။ လူမျိုးစု တစ်မျိုးတည်း နေတာမဟုတ်ဘူး။

“ဒီလိုဝိုင်းဝန်းပြီးတော့ သိုက်သိုက်ဝန်းဝန်းဖြစ်အောင်လို့ နေန်ိုင်တာဟာ ဒီဒေသခံတွေရဲ့ အင်မတန်မှ ဂုဏ်သိက္ခာရှိတဲ့ အရည်အချင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအရည်အချင်းကို ထိန်းသိမ်းထားစေချင်တယ်။ အချင်းချင်းကြားမှာ အဆင်ပြေအောင် နေတတ်တာ၊ ချစ်ခင်မှုကို တစ်နေ့ထက်တစ်နေ့ တိုးပွားအောင် လုပ်တတ်တာဟာ ကျွန်မတို့နိုင်ငံရဲ့ အဓိက အင်အားဖြစ်ရမယ်။ ကမ္ဘာကြီးဟာ အမြဲပဲ မေတ္တာအပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်ကြတာမဟုတ်ပါဘူး။ မေတ္တာကို ပထမတန်းစား တန်ဖိုးအနေနဲ့ ထားပြီးတော့လှုပ်ရှားတဲ့ လူ့အသိုင်းအဝိုင်းတွေ ဆိုတာ တစ်နေ့ထက်တစ်နေ့ နည်းလာတာကိုလည်း မြင်ရပါ လိမ့်မယ်။

“ဒါပေမယ့် အဲဒီလို ကျွန်မတို့ရဲ့နိုင်ငံမှာ မေတ္တာကိုအခြေခံပြီးတော့ ဖွံ့ဖြိုးမှုရရှိအောင်လုပ်နိုင်မယ့် လူ့အသိုင်းအဝိုင်း ထူထောင်နိုင်မယ် ဆိုရင် ကျွန်မတို့ဟာ ဒီတစ်ကမ္ဘာကြီးနဲ့ အခြားနိုင်ငံတွေထက် ပိုပြီးတော့ သာလွန်တဲ့ချမ်းသာမှုကို ကျွန်မတို့ ရနိုင်မှာပါ။ စိတ်၏ချမ်းသာမှု၊ ကိုယ်၏ချမ်းသာမှု နှစ်မျိုးရှိပါတယ်။ ကိုယ်၏ချမ်းသာမှုဟာ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာချမ်းသာမှု လိုအပ်ချက်တွေဟာ ဒီလောက်များတာ မဟုတ်ပါဘူး။ စိတ်ကမကျေနပ်လို့သာ များများ များများလာတာပါ။ လူ့ရဲ့စိတ်ဆိုတာ ကျွန်မတို့ ဆိုရိုးစကားရှိပါတယ်။ လူ့အလို နတ်မဖြည့်နိုင်ဘူးဆိုတာ လူတွေက တစ်ခုပြီးတစ်ခု လိုနေတဲ့အခါကျတော့ နတ်များတောင်မှ မဖြည့်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ တကယ်ပဲ လိုအပ်သလားဆိုတော့ တကယ်တော့ လိုအပ်တာမဟုတ်ပါဘူး။ စိတ်ကလိုအပ်တာ ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့က စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်အောင်လည်းလုပ်ရမယ်။ ရုပ်ပိုင်းဆိုင်ရာ လည်း ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးအောင်လုပ်ရမယ်။ ဒီနှစ်ခုကိုတွဲပြီးမှ ကျွန်မတို့နိုင်ငံကြီးကို တိုးတက်သာယာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

“ကျွန်မတို့ အခုလို လမ်းဖွင့်လိုက်တယ်၊ လမ်းဖောက်လိုက်တယ် ဆိုတာဟာ ကျွန်မတို့ရဲ့နိုင်ငံ တကယ်တိုးတက်နိုင်မယ့် အခြေအနေကို သွားနိုင်မယ့်လမ်းကို ဖွင့်ပေးတာပဲဖြစ်ပါတယ်။ ဒါပေမယ့် လမ်းဆိုတာ ဖောက်လိုက်ပြီ၊ ဖွင့်လိုက်ပြီ ဒီလမ်းကို လျှောက်မှ ဒီလမ်းကိုအသုံးချမှ အသုံးချတဲ့သူအတွက် တန်ဖိုးရှိမှာပဲဖြစ်ပါတယ်။ လမ်းတစ်ခုကို ဖောက်ပေးတယ်၊ ဆောက်ပေးတယ်၊ ဖွင့်ပေးတယ် ဒါပေမယ့် ဒီမှာရှိနေတဲ့ ဒီလမ်းကိုသုံးနိုင်တဲ့ ပုဂ္ဂိုလ်များက မသုံးဘဲနဲ့ အရင်အတိုင်းပဲ အရင်ပုံစံ အတိုင်းပဲနေမယ်ဆိုရင် ဒီလမ်းဖောက်ရခြင်း၊ ဆောက်ရခြင်းရဲ့တန်ဖိုးဟာ ကျသွားမှာပါ။ ဒါကြောင့် အခုလို လမ်းသစ်ကြီး ပွင့်လာတဲ့ခါမှာ ဒီလမ်းသစ်ကြီးကို တန်ဖိုးရှိအောင်လို့သုံးကြပါ။ ကိုယ့်အချင်းချင်း ပိုပြီးတော့ ညီညွတ်မှုရှိအောင်၊ တစ်ယောက်အကြောင်း တစ်ယောက်ပိုပြီးတော့ သိနိုင်တဲ့ အခွင့်အရေးတွေကို ကောင်းကောင်းမွန်မွန် သုံးကြပါ။ ကိုယ့်ဒေသ အတွက် ဖွံ့ဖြိုးရေးဖြစ်နိုင်တဲ့ လုပ်ငန်းတွေလုပ်ဖို့ ဒီလမ်းကြီးကိုသုံးကြပါ။ ကျွန်မတို့ ဒီလမ်းကြီး ဖောက်လိုက်ခြင်းဟာ ကျွန်မတို့ ဒေသခံတွေအတွက် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ပိုပြီးရှိနိုင်အောင်လို့ လုပ်ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။

ယင်းနောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က မဂွေဇ - ဆန်းလွတ်ချက်တောင်ထိပ် (၃၃ မိုင် ၆ ဖာလုံ) လမ်းပိုင်းဖောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဖောက်လုပ်သွားမည့် လမ်းလုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒေသခံပြည်သူ ဦးဖုန်ယုက မဂွေဇ - ငါ့လုံဒမ်- ရီဒမ်း- ခေါင်လန်ဖူး လမ်းဖောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း နာယက ဦးအားတန် ဦးဆောင်သည့် အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက် လာကြသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လမ်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီးခြင်း ပေးအပ်သည်။

ယင်းနောက် မဂွေဇ - ဆန်းလွတ်ချက်တောင်ထိပ် (၃၃ မိုင် ၆ ဖာလုံ) လမ်းပိုင်း လမ်းဖွင့်ပွဲ အခမ်းအနားကို အဆိုပါ လမ်းမုခ်ဦးရှေ့၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး မော်တော်ယာဉ်ဖြင့် မဂွေဇ - ဆန်းလွတ်ချက်တောင်ထိပ် (၃၃ မိုင် ၆ ဖာလုံ) လမ်းပိုင်း လမ်းလုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တပ်မတော် ရဟတ်ယာဉ်ဖြင့် မဂွေဇမှ ခေါင်လန်ဖူးမြို့သို့ ရောက်ရှိပြီး ခေါင်လန်ဖူးမြို့ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ သည်။

တွေ့ဆုံပွဲတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိမိတို့အနေဖြင့် ဝေးလံခေါင်သီဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးပေး ကူညီဆောင်ရွက်ပေးလိုပါကြောင်း၊ နေရာတိုင်း တန်းတူညီရေးသည် အရေးပါပြီး ခက်ခဲသည့်နေရာများသည် ပို၍အရေးပါပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းသည့် ဒေသများအတွက် ဖွံ့ဖြိုးတိုးတက်မှု အမြန်ရရှိစေရန် ပံ့ပိုးရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသဖြင့် ဘက်ပေါင်းစုံ ကြည့်ရပါကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စု ဖြစ်သည်နှင့်အညီ တိုင်းရင်းသားများအားလုံး တန်းတူညီတူအခွင့်အရေးရရန် ဆောင်ရွက်ရပါကြောင်း။

မိမိအနေဖြင့် ယခုရောက်ရှိသည်မှာ လမ်းဖွင့်သည့် အခမ်းအနားတက်ရောက်ရန် ဖြစ်ပါကြောင်း၊ သို့သော် ယခုကဲ့သို့ ကြုံကြိုက်တုန်း တတ်နိုင်သမျှ ပြည်သူလူထုနှင့် ထိတွေ့မှုရှိလိုပါကြောင်း၊ ပြည်သူလူထုထဲမှ ကလေးများသည် အရေးအကြီးဆုံး ဖြစ်ပါကြောင်း၊ ကလေးများသည် နိုင်ငံ၏တာဝန်ကို ကြာမြင့်စွာ ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ဖြစ်ပါကြောင်း၊ ကလေးများ စာသင်မှ မိမိတို့နိုင်ငံ၏ အနာဂတ်သည် ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် အဓိကအရေးပေးပြီး ပြောကြား သည်မှာ ပညာရေးနှင့် ကျန်းမာရေးဖြစ်ပါကြောင်း။

မိမိတို့ နိုင်ငံသူနိုင်ငံသားများသည် ကျန်းမာမှ၊ ပညာရှိမှ နိုင်ငံ့အကျိုးကို ထမ်းဆောင်နိုင်မည်ဖြစ်သကဲ့သို့ မိမိအကျိုးကိုလည်း ထမ်းဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ဤဒေသများတွင် ကလေးများ အာဟာရပြည့်၀အောင် အထူးကြိုးစားပြီး လုပ်ဆောင် ပေးလိုပါကြောင်း၊ ကလေးများ အာဟာရပြည့်ဝမှ သန်သန်မာမာ၊ ကျန်းကျန်းမာမာဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ပညာတတ်မှလည်း အားလုံးကို ကူညီနိုင်မည်ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် ဒေသအတွက် အဓိကလိုအပ်ချက်များကို တင်ပြစေလိုပါကြောင်း၊ အစိုးရအနေဖြင့် ဘယ်လိုပုံစံမျိုးဖြင့် ပံ့ပိုးပေးနိုင်သည် ဆိုသည်ကိုလည်း ဆွေးနွေးတင်ပြစေလိုပါကြောင်း။

ဒေသခံများက တင်ပြသည့် ကြိုးပြင်တောကိစ္စနှင့်ပတ်သက်၍ ကြိုးပြင်တော ကာကွယ်ရေးဆိုသည်မှာ နောင်တွင် မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ထိန်းသိမ်းဆောင်ရွက်ရာတွင် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်နှင့် ညှိနှိုင်းပြီး လုပ်ဆောင်သွား မည်ဖြစ်ပါကြောင်း၊ ဤဒေသတွင်ရှိသည့် မျိုးပင်များသည် ဆေးဘက်ဝင်ပြီး တန်ဖိုးရှိသည်ဟု ကြားသိရပါကြောင်း၊ ထိုကဲ့သို့တန်ဖိုးရှိသည့် အရာများကို ဒေသခံများအတွက် အထောက်အကူ ဖြစ်စေရန် စဉ်းစားဆောင်ရွက်မည် ဖြစ်ပါကြောင်း။

မြွေမသေ၊ တုတ်မကျိုးဆိုသကဲ့သို့ နှစ်ဖက်စလုံးအတွက် အဆင်ပြေစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မျိုးပင်များ မပြုန်းတီးစေရန်နှင့် ဒေသခံပြည်သူလူထု၏ စားဝတ်နေရေးမထိခိုက်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ဤဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးတွင် တံတားများသည် လိုအပ်ချက် ဖြစ်သည်ဆိုသည်ကို နယ်စပ်ရေးရာဝန်ကြီးဌာနက တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး လိုအပ်သည့်တံတားများ အမြန်ဆုံးဖြည့် ဆည်းပေးနိုင်ရန် အထူးအလေးထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ကလေးများ အခြေခံပညာ အထက်တန်းအဆင့် အောင်နှုန်းနည်းခြင်းနှင့်ပတ်သက်၍ မိမိအနေဖြင့် ဆရာ၊ ဆရာမများကို သင်တန်းပေးရန် လိုအပ်နေသည်ဟု စဉ်းစားမိပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကလေးများကို အောင်နှုန်းကောင်းအောင် သင်ကြားပေးနိုင်ရန်အတွက် မွမ်းမံသင်တန်းပေးသည့် အစီအစဉ်များကို ကြိုးစားလုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် လုံလောက်သည့် သင်ထောက်ကူ ပစ္စည်းများကိုလည်း ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း။

ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးရုံအသစ်တည်ဆောက်ရန် လိုအပ်နေသည်ကို လက်ခံပါကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အမြန်ဆုံးဖြစ်မြောက်အောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း၊ အလားတူ လယ်ယာမြေနှင့် ပတ်သက်၍လည်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ညှိနှိုင်းပြီး တိမ်ကောလယ်ယာမြေများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် အမြန်ဆုံး ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူ စီဒီးထာရ်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသနေပြည်သူ များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက် ၊ ခေါက်ဆွဲခြောက် စသည့် စားနပ်ရိက္ခာများကို တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများထံ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် ခေါင်လန်ဖူးမြို့မှ မချမ်းဘော့မြို့သို့ ရောက်ရှိကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မချမ်းဘော့မြို့ဒေသ ဖွံ့ဖြိုးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မလိခ ကြိုးတံတား (မချမ်းဘော့) သို့ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့ (၁) မှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှက တံတားဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မလိခတံတား (မချမ်းဘော့) အား ဖြတ်သန်းကြည့်ရှု လေ့လာကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ပူတာအိုမြို့သို့ ရောက်ရှိကြပြီး မြစ်ကြီးနား - ဆွမ်ပရာဘွမ်- ပူတာအို လမ်းပေါ်ရှိ မူလာရှီးဒီ ဂျစ်ကားကူးကြိုးတံတားအား ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မလိခလောဒ့်ဟိုတယ်၌ ပူတာအို မြို့မိမြို့ဖ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ မြို့မိမြို့ဖများက တစ်ဦးချင်း မိတ်ဆက်ကြသည်။

တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများအတွက် အဓိကလိုအပ်ချက် အခြေခံအဆောက်အအုံများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဆောင်ရွက်ရန် ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့လာရောက်သည့်အခါ သာယာလှပပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေသည့် အခြေအနေများကို မြင်တွေ့ရသဖြင့် ဝမ်းမြောက် မိပါကြောင်း၊ မိမိတို့မြို့ရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့်စပ်လျဉ်းပြီး မြို့မိမြို့ဖများ၏ သဘောထားများကို ပွင့်ပွင့်လင်းလင်း သိရှိလိုပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးနိုင်သည် များအား ဖြည့်ဆည်းဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း တင်ပြကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြို့မိမြို့ဖများက ပူတာအိုဒေသအတွက် အဓိကအရေးကြီးသော ငြိမ်းချမ်းရေးရရှိရန် လိုအပ်ချက်၊ မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လိုအပ်ချက်၊ ပူတာအိုဒေသအတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန် လိုအပ်ချက်၊ ပူတာအိုမြို့ပတ်လမ်းနှင့် လမ်း၊ တံတားများ လိုအပ်ချက်၊ ဒေသခံဘွဲ့ရ လူငယ်များအား ဦးစားပေး၍ ဒေသတွင်း အလုပ်တာဝန် ပြန်လည်ခန့်ထားနိုင်ရေး စသည်တို့ကို တင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်၏မူဝါဒနှင့်အညီ မျှမျှတတ ဖြစ်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားသည်။

ယင်းတွေ့ဆုံပွဲသို့ ပူတာအိုမြို့မှ မြို့မိမြို့ဖ ဗုဒ္ဓဘာသာဝင် များဖြစ်ကြသည့် လေယာဉ်ကွင်းရပ်ကွက်မှ ရှမ်းရိုးရာယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးတင်လှ၊ ဟိုခိုရပ်ကွက်မှ ရှမ်းရိုးရာ ယဉ်ကျေးမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါ်စွဲ့ထွန်းထွန်းနွယ်၊ ပန်းလှိုင်ရပ်ကွက်မှ ကောင်းမှုလုံဂေါပကအဖွဲ့ဝင် ဦးစောနွဲ့သိုက်ရွှေ၊ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည့် ပူတာအိုမြို့ မြို့မရပ်ကွက်မှ ရဝမ်စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးမယစ်ယောရှု၊ လေယာဉ်ကွင်းရပ်ကွက်မှ ရဝမ်စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဦးဆရစ်ဒီး၊ ဒုတ္တန်ရပ်ကွက်မှ ရဝမ်စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း အဖွဲ့ဝင် ဦးဒိန်ခန်ဒါဝိ၊ ဟိုခိုရပ်ကွက်မှ လီဆူရိုးရာယဉ်ကျေးမှု ကော်မတီယာယီဥက္ကဋ္ဌ ဦးဂျေဖာဒါး၊ လုံးစွတ်ရပ်ကွက်မှ လီဆူရိုးရာ ယဉ်ကျေးမှု ကော်မတီအတွင်းရေးမှူး ဦးဒီးဒီရဲ၊ လုံးစွတ်ရပ်ကွက်မှ ဂျိန်းဖောရိုးရာယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဆင်ဝါး၊ ကောင်ကထောင်ရပ်ကွက်မှ ဂျိန်းဖောရိုးရာ ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ဦးအောင်ခမ်း၊ ဟိုခိုရပ်ကွက်မှ မြို့နယ်စည်ပင် ကော်မတီဥက္ကဋ္ဌ ဦးအခီယိုထ၊ မြို့မရပ်ကွက်မှ မြို့နယ်စည်ပင် ကော်မတီအဖွဲ့ဝင် ဦးခေါ်ဒုဆာရ်းတန်၊ ကောက်ကထောင် ရပ်ကွက်မှ မြို့နယ်စည်ပင်ကော်မတီအဖွဲ့ဝင် ဦးနိုခမ်း၊ မူလာရှီးဒီရပ်ကွက်မှ မြို့နယ်စည်ပင်ကော်မတီအဖွဲ့ဝင် ဦးရီလီဆာ၊ ကောင်ကထောင်ရပ်ကွက်မှ ဒေါ်နန်ဆိုင်း၊ မြို့မရပ်ကွက်မှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမလောင်ဒေးဗစ်၊ ဟိုခိုရပ်ကွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဒေါ်လာဖီးချာ၊ လေယာဉ်ကွင်းရပ်ကွက်မှ ဦးချန်းဂျောင်ဆာရ်း၊ လုံးစွတ်ရပ်ကွက်မှ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထမ်းတန်ဖီးရမ် တို့ တက်ရောက်ကြသည်။

ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပူတာအိုမြို့မိမြို့ဖ များသည် ကချင်ပြည်နယ် အစိုးရအဖွဲ့က တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ညစာစားပွဲတွင် ကပြဖျော်ဖြေကြသည့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များအား ဂုဏ်ပြုပန်းခြင်းများ ပေးအပ်သည်။

(သတင်းစဉ်)