နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေအိမ်၌ ကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ဝတ်ပြု ဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းအထိမ်းအမှတ် မိတ်ဆုံစားပွဲသို့ တက်ရောက်

နေပြည်တော် ဒီဇင်ဘာ၂၅

ခရစ်တော်မွေးနေ့(ခရစ္စမတ်) ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်ဆုံစားပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ နေအိမ်၌ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်သည်။

မိတ်ဆုံစားပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်နှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ သိက္ခာတော်ရဆရာတော်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်နှင့် မိသားစုက ကြိုဆိုနှုတ်ဆက်ကြပြီး ခရစ္စမတ် နှုတ်ခွန်းဆက် စကားများပြောကြားကာ ဆုမွန်ကောင်းများ တောင်းပေးကြ သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် မိတ်ဆုံစားပွဲသို့ တက်ရောက်လာကြ သူများသည် ခရစ်တော်မွေးနေ့ မိတ်သဟာယ နံနက်စာကို အတူတကွ သုံးဆောင်သည်။

မိတ်ဆုံစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာ ကြသူများနှင့်အတူ စုပေါင်း မှတ်တမ်း ဓာတ်ပုံရိုက်သည်။

နံနက် ၇ နာရီက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေအိမ်၌ ကျင်းပသည့် ခရစ်တော် မွေးနေ့ (ခရစ္စမတ်) ဝတ်ပြု ဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားတွင် သိက္ခာတော်ရ ဆရာများက ဂုဏ်တော်ချီးမွမ်းခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ သမ္မာ ကျမ်းစာဖတ်ကြားခြင်း၊ ခရစ္စမတ်ဒေသနာတော် ဟောကြားခြင်းနှင့် စုပေါင်း၍ ဓမ္မတေး များ သီဆိုချီးမွမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

(သတင်းစဉ်)