နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာများ မိတ်ဆုံညစာစားပွဲ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာများ မိတ်ဆုံညစာစားပွဲကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ တုံဂပူရိဟိုတယ်၌ ကျင်းပသည်။

ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ စာရေး ဆရာကြီးများ နှင့် ဆရာမကြီးများ တက်ရောက်ကြသည်။

မိတ်ဆုံညစာစားပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စာရေးဆရာများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိတ်ဆုံညစာစားပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် စာရေးဆရာများ ကိုယ်စား စာရေးဆရာမ ခင်ခင်ထူးက ကျေးဇူးတင် စကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မိတ်ဆုံညစာစားပွဲသို့ တက်ရောက် လာကြသူများနှင့် အတူ ညစာကို အတူတကွသုံးဆောင်ပြီး စာပေနှင့် နှီးနွယ်သည့် အကြောင်းအရာများကို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သည်။

(သတင်းစဉ်)