နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ မိတ်ဆက်ဖြန့်ချိခြင်းနှင့် အမျိုးသားအဆင့် ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကား ပြောကြား

နေပြည်တော် ဒီဇင်ဘာ ၁၉

မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ မိတ်ဆက် ဖြန့်ချိခြင်းနှင့် အမျိုးသားအဆင့် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လူမှုရေးဝန်ကြီးများ၊ ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံ၏ အရေးအကြီးဆုံး၊ တန်ဖိုးအရှိဆုံး အရင်းအမြစ်မှာ လူသား အရင်းအမြစ် ဖြစ်ပါကြောင်း၊  တကယ့် တန်ဖိုးအရှိဆုံး  အရင်းအမြစ် ဖြစ်သည့် မိမိတို့လူသားများ၏ ဖွံ့ဖြိုး တိုးတက်ရေး၊ တန်ဖိုးရှိရေးကို ဦးတည်ရန် လိုပါကြောင်း၊ ထိုသို့ဦးတည်လျှင် ကလေးများ မိခင်ဝမ်းထဲတွင်ရှိသည့်အချိန်မှစပြီး မိခင်များကို ပညာပေးခြင်းအားဖြင့်၊ မိခင်များ၏  ကျန်းမာရေးကို ဂရုစိုက်ပေးခြင်း အားဖြင့်၊ မိခင်များသည် ကလေးသူငယ်များ၏  ပထမဦးဆုံး ၂၄ လ ၊ နှစ်နှစ်အရွယ် အထိ ဖွံ့ဖြိုးတိုးတက်မှု မှန်ကန်ရန်၊ အာဟာရပြည့်ဝရန် မည်မျှ အရေးကြီးသည်ကို သိအောင် ပညာပေးခြင်းအားဖြင့် လူသားအရင်းအမြစ်များကို စတင်ပြီး စောင့်ရှောက်ထားရမည်၊  ဖွံ့ဖြိုးတိုးတက် အောင်လုပ်ထားရမည် ဖြစ်ပါကြောင်း။ 

ကလေးသူငယ်များသည်  နှစ်နှစ်မတိုင်မီ ဘယ်လောက် အာဟာရပြည့်ဝသလဲ ဆိုသည်မှာ အရေးကြီးပါကြောင်း၊  ကလေးငယ်များ၏  ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက်လည်း အလွန်အရေးကြီးသည်ကို သိပ္ပံနည်းအရ အများက တွေ့ရှိနား လည်ထားပါကြောင်း၊ မိမိတို့ နိုင်ငံလို ဖွံ့ဖြိုးတိုးတက်စ မချမ်းသာသေးသည့် နိုင်ငံအတွက်ဆိုလျှင်  ပိုပြီး  စိန်ခေါ်မှုက ကြီးမားပါကြောင်း၊  ချမ်းသာသည့်နိုင်ငံရှိ ကလေးသူငယ်များအတွက် သာမက မိခင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ အာဟာရ ပြည့်၀ရေး၊ ကျန်းမာရေး ဂရုစိုက်မှု အပြည့်အဝပေးနိုင်ရေးအတွက် လုပ်ပေးနိုင်သည့် အခွင့်အရေးများ အများကြီးရှိပါကြောင်း၊  ဖွံ့ဖြိုးစနိုင်ငံများတွင်  ထိုကဲ့သို့ အခွင့်အရေးမှာ နည်းပါကြောင်း၊  မိမိတို့ ပံ့ပိုးပေးချင်သလောက် ပံ့ပိုးမပေးနိုင်ပါကြောင်း၊ ယင်းကို ပညာဖြင့် ဖြေရှင်းရမည်ဖြစ်ပါကြောင်း၊ ပညာပေးခြင်းအားဖြင့်  ကိုယ်ဝန်ဆောင် မိခင်များသည် မွေးကင်းစ ကလေးငယ်လေးများ၏ အနာဂတ် ဘယ်လို အကောင်းဆုံးဖြစ်အောင်၊ ကိုယ့်မှာ ရှိသည့် အရင်းအမြစ်များဖြင့် ဘယ်လိုအကောင်းဆုံး ဖြစ်အောင် လုပ်မလဲ ဆိုသည့် ပညာကိုပေးရန် အင်မတန် အရေးကြီးပါကြောင်း။

မိမိတို့နိုင်ငံမှ ကလေးများ အာဟာရချို့တဲ့မှုကြောင့် ရေရှည်အကျိုးဆက်များ ရှိပါကြောင်း၊  ဥပမာ- အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မိမိတို့ တက္ကသိုလ် ကျောင်းသားကျောင်းသူ အားကစားသမားများ အောင်မြင်သင့်သလောက် မအောင်မြင်သည့်ကိစ္စမှာ ငယ်စဉ်က အာဟာရ ချို့တဲ့ခဲ့မှုကြောင့် ဖြစ်ပါကြောင်း၊  မိမိတို့ ဘောလုံး အသင်းများ အောင်မြင်မှုရအောင် ကြိုးစားသည့်နေရာတွင် ဘာတွေ့ရသလဲ ဆိုလျှင် ဒုတိယပိုင်း ကစားချိန်တွင် မိမိတို့ ကလေးများသည်  ချမ်းသာ ဖွံ့ဖြိုးပြီး နိုင်ငံများမှ  ကလေးများ၊ လူငယ်များ၊ အားကစားသမားများနှင့် စာလျှင် မယှဉ်ပြိုင်နိုင်ပါကြောင်း။ ယင်းမှာ  လုံ့လဝီရိယ မရှိ၍၊  စိတ်ဓာတ် မရှိ၍ မဟုတ်ဘဲ ငယ်ငယ်က အာဟာရ မပြည့်ဝခဲ့၍ ဖြစ်ပါကြောင်း၊ ရေရှည်ခံနိုင်ရည်ဟူ၍ ပြောရမည်ဖြစ်ပါကြောင်း။

ပထပိုင်းတွင်တော့ အားထုတ်၍ရပါကြောင်း၊  နည်းနည်းကြာလာသည်နှင့် အမျှ ကစားအား ကျလာပါကြောင်း၊ ကြက်ဥ၊ နွားနို့၊ အမဲသား ၀အောင်စား လာခဲ့ရသည့် အဖွဲ့များနှင့် နှိုင်းယှဉ်၍ မရပါကြောင်း၊  ငယ်ငယ်က အာဟာရပြည့်ဝမှုသည် မည်မျှ အရေးကြီးသလဲဆိုတာကို နိုင်ငံသူနိုင်ငံသား အားလုံး လွယ်လွယ်ကူကူနှင့် သဘောပေါက်မည်ဟု ထင်ပါကြောင်း၊ ဒါပေမယ့် ဦးနှောက်ဖွံ့ဖြိုးရေး ကိစ္စကိုတော့ သတိမထားမိကြပါကြောင်း၊  ကလေးတစ်ယောက် ကျောင်းစာဘက်မှာ မတော်လျှင် သူအာဟာရ မပြည့်ဝခဲ့ဘူးဟု စဉ်းစားကြမည် မဟုတ်ပါကြောင်း၊ ကလေးက စာမ ကျက်ဘူး လား၊ မိသားစုက စာကျက်နိုင်သည့် အနေအထား ဖန်တီး မပေးဘူးလားဟု သာ စဉ်းစားကြပါကြောင်း၊ နှစ်နှစ်အရွယ်မတိုင်ခင်က အာဟာရ မပြည့်ဝခဲ့သည့်အတွက် သူတို့၏ ဦးနှောက်က ဖွံ့ဖြိုးနိုင်သလောက် မဖွံ့ဖြိုးခဲ့ပါကြောင်း၊  ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးသင့် သလောက် မဖွံ့ဖြိုးသည်မှာ အစာအာဟာရ မပြည့်ဝခဲ့၍ ဖြစ်ပါကြောင်း။

ကလေးသူငယ် ပြုစုပျိုးထောင်ရေးအတွက် အားလုံးဝိုင်းပြီး လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ မိဘများလုပ်ရုံနှင့်လည်း မလုံလောက်ပါကြောင်း၊ ပညာပေးသည့် ဘက်မှနေပြီး မိမိတို့ ပံ့ပိုးပေးရမည် ဖြစ်ပါကြောင်း၊  ပညာပေးသည့်အခါ လုပ်သင့်သည်များကို ပြောရုံမဟုတ်ဘဲ လုပ်၍ရသည့် နည်းလမ်းများကို ရှာပေးရမည်ဖြစ်ပါ ကြောင်း။   

ကလေးများကို အာဟာရပြည့်၀ရုံသာမက ရောဂါကင်းဝေးအောင် လိုအပ်သည့် ကာကွယ်ဆေးများ အားလုံး ထိုးရမည်ဖြစ်ပါကြောင်း၊  မိခင်ကလည်း မမွေးခင်၊ ကိုယ်ဝန် ဆောင်ချိန်ကတည်းက ရောဂါကင်းအောင်နေရမည်၊  ကလေး မွေးဖွားပြီးသည်နှင့် သူ့အချိန်နှင့် သူလိုအပ်သော ကာကွယ်ဆေးများကို ထိုးရမည်ကို မိဘများဘက်က၊ နိုင်ငံတော်ဘက်က မပေါ့လျော့စေချင် ပါကြောင်း၊  လိုအပ်သည့်ကာကွယ်ဆေးကို ကလေးများ ထိုးနိုင်သည့် အခြေအနေအထိ မိမိတို့ ဖန်တီးပေးရမည်ဖြစ်ပါကြောင်း။

ယခု ပထမ(၅)နှစ် မဟာဗျူဟာကို ၂၀၁၈ မှ ၂၀၂၂ အထိ ရေးဆွဲထားပါကြောင်း၊ ထိုဗျူဟာအရ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို တစ်နိုင်ငံလုံးတွင် မျှမျှတတဖြစ်စေချင်ပါကြောင်း၊  ဖွံ့ဖြိုးမှုနည်းသည့် ဒေသဖြစ်စေ၊ များသည်ဖြစ်စေ ကလေးများအတွက် စောင့်ရှောက်မှု၊ ကာကွယ်မှု၊ ဖွံ့ဖြိုး တိုးတက်မှုရှိအောင် လုပ်ပေးရာတွင်   အားလုံးတန်းတူညီတူဖြစ်ရန် အရေးကြီးပါကြောင်း။ 

ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်အောင်လုပ်သည့် စီမံကိန်းမှန်သမျှ အောင်မြင်ရန်မှာ ကလေးသူငယ်များနှင့် မိဘများပါဝင်မှ အောင်မြင်မည်ဖြစ်ပါကြောင်း၊ ယခု အခမ်းအနားတွင် တိုင်းရင်းသား ဘာသာပေါင်းများစွာဖြင့် ပညာပေးထားသည့် စာရွက်၊ စာတန်းများ၊ စာအုပ်များ ပြသထားသည်ကို သတိပြုမိပါကြောင်း၊ ယင်းမှာ တိုင်းရင်းသား ကလေးသူငယ်များကို အထူးအလေးပေးပြီး  လုပ်ဆောင်နေခြင်း ဖြစ်ပါကြောင်း၊  အများအားဖြင့် တိုင်းရင်းသားများသည် မြို့ကြီးများနှင့် ဝေးလံခေါင်သီသည့်  နေရပ်ဒေသများ၊ ရွာများတွင် နေထိုင်ကြသူများပါကြောင်း၊ ထိုနေရာများအထိ ပညာပေး အစီအစဉ်များ ရောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။

မိဘများ ဘယ်မှာ နေနေ၊ ကလေးများ ဘယ်မှာမွေးမွေး၊  အပြည့်အဝ ဖွံ့ဖြိုးတိုး တက်န်ိုင်သည့် အခွင့်အရေးရအောင် လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊  မိမိတို့နိုင်ငံ သည် ငြိမ်းချမ်းရေး လုံး၀ အပြည့်အဝရသေးသည့် နိုင်ငံမဟုတ်ပါကြောင်း၊  ငြိမ်းချမ်းရေး အပြည့်အဝ မရသေးသည့်အတွက် တချို့ကလေးများသည် ရွှေ့ပြောင်းဒုက္ခသည် စခန်းများတွင်  အခုအချိန်အထိ နေနေရသည့် အခြေအနေတွင် ရှိပါကြောင်း၊ ထိုစခန်းများမှ တာဝန်ရှိသူများက ကလေးများကို အထူးဂရုစိုက်ရန် လိုပါကြောင်း၊ သာမန်မဟုတ်သည့် အခြေအနေတွင် နေရသည့် ကလေးများသည် ဖွံ့ဖြိုး တိုးတက်သည့် အခွင့်အလမ်းများ ဆုံးရှုံးတတ်ပါကြောင်း၊ ဒါတွေ မဆုံးရှုံးအောင် အထူး သတိထားရမည် ဖြစ်ပါကြောင်း၊ ဘယ်နေရာ၊ ဘယ်လိုအခြေအနေမျိုးတွင် ရောက်နေရောက်နေ မိမိတို့နိုင်ငံ၏  ကလေးတိုင်း လိုအပ်သည့်ပြုစု စောင့်ရှောက်မှု အပြည့်အဝရရန်  အစိုးရက အတတ် နိုင်ဆုံး လုပ်ဆောင်နေပါကြောင်း၊  ပြည်သူများက  ဝိုင်းပြီးကူညီရန် လိုပါကြောင်း။

အားလုံးဝိုင်းပြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ စီမံကိန်းများ၊ တိုးတက်ရေးစီမံကိန်းများ၊ အာဟာရပြည့်၀ရေး စီမံကိန်းများ၊ မိဘများအား ပညာပေးရေးစီမံကိန်းများ အောင်မြင်ရန် ဝိုင်းဝန်းပြီး ကူညီဆောင်ရွက်ပေးကြပါ၊  ဝိုင်းဝန်း ပါဝင်ဆောင်ရွက်ပေးခြင်းဖြင့် အချင်းချင်းကြား နားလည်မှုရရှိပြီး တခြားပြဿနာတွေကိုပါ ရှင်းနိုင်အနေအထားကို ရောက်လာမည် ဖြစ်ပါကြောင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း၏  အကျိုးဆက်များ အများကြီးရနိုင်ပါကြောင်း။

ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုခြင်းအားဖြင့် မြန်မာ့ကလေး သူငယ်များအတွက် ကျန်းမာရေး၊ အာဟာရဆိုင်ရာနှင့် ကာယဖွံ့ဖြိုးမှုဆိုင်ရာ အခြေအနေများ မြင့်မား တိုးတက်လာစေခြင်း၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက်နိုင်ခြင်း၊ မိခင်များနှင့်ကလေးများ ကျန်းမာစွာ မွေးဖွားရှင်သန်နိုင်ခြင်း၊ မူလတန်းကျောင်းဝင်ရောက်သည့် ကလေးဦးရေနှုန်း မြင့်မားလာစေခြင်း၊ မူလတန်း ကျောင်းများ၏ ပညာရေး စွမ်းဆောင်ရည် တိုးတက်လာစေခြင်းနှင့် မူလတန်းကျောင်း ပညာရေးစရိတ်များ လျှော့ချနိုင်ခြင်း၊ လေလွင့်လူငယ်များ မဖြစ်အောင်ကာကွယ်နိုင်ခြင်း၊ ကလေး သူငယ်များ၏ အသက်အရွယ်အလိုက် သိမှုအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေခြင်း၊ အမျိုးသား စည်းလုံးညီညွတ်မှု တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေခြင်း၊ တိုင်းရင်းသားလူမျိုးစုများ အားလုံး၏ ထုတ်လုပ်မှုစွမ်းရည်မြင့်မားစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း။

 တချို့မှာ   ရေရှည်မှာမှ ပေါ်လာမည့် အကျိုးများဖြစ်ပါကြောင်း၊ တချို့အကျိုး ဆက်များက ချက်ချင်းလက်ငင်း တစ်နှစ် နှစ်နှစ်အတွင်း၊ ကလေးလေး တစ်လနှင့် တစ်လ ကြီးလာသည့်အချိန်တွင် မြင်န်ိုင်သည့် အကျိုးဆက်များဖြစ်ပါကြောင်း၊ ပြည်ထောင်စု၏  ညီညွတ်မှု၊ တိုင်းရင်းသား အချင်းချင်း နားလည်မှု၊ ချစ်ခင်မှုများကိုတော့ ရေရှည်အကျိုးဆက်အနေဖြင့် မြင်ရမည်ဖြစ်ပါကြောင်း။

အလုပ်တစ်ခုလုပ်လျှင် နောင်မျိုးဆက်များအတွက်ပါ ကြည့်ရန် ထပ်တလဲလဲ တိုက်တွန်းပါကြောင်း၊ နောင်မျိုးဆက်များအတွက် ကြည့်ခြင်းသည် မိမိတို့နိုင်ငံ၏ အနာဂတ် ပိုလုံခြုံရန် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်လုံခြုံရန်မှာ  ယခုက တည်းက ယင်းနိုင်ငံ၏ အနာဂတ်ကို တာဝန်ယူမည့် ကလေးများအား မှန်မှန်ကန်ကန် ပြုစုပျိုးထောင်ရန်မှာ  အင်မတန်အရေးကြီးပါကြောင်း၊ ထိုလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အားလုံးပါဝင်ပြီး တက်တက်ကြွကြွဖြင့်  တစ်ဦးချင်းတွင် ကူညီပေးနိုင်သည့် အရည်အချင်းရှိသည်ဆိုသည့်  ယုံကြည်မှုဖြင့် ပါဝင်ကြပါလို့ မေတ္တာ ရပ်ခံပါကြောင်း  ပြောကြားသည်။

ထို့နောက် ဖွံ့ဖြိုးတိုးတက်မှု နောက်မကျစေရေး ရှေးဦးအရွယ်တွင် အလေးထား ဆောင်ရွက်ပေး ဗွီဒီယိုနှင့် လိပ်ပြာငယ်ကလေးများ ပညာပေးဗွီဒီယိုကို ပြသသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေး သူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ယူနီ ဆက်မှ ဌာနနေကိုယ်စားလှယ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီဝင်များနှင့်လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်လည်းကောင်း၊ Early Childhood Care and Development (ECCD) Working Group အဖွဲ့ဝင်များ၊ Panealist များ၊ Facilitator များနှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဓာတ်ပုံမှတ်တမ်းများကို လှည့်လည် ကြည့်ရှုကြသည်။

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေး တို့က မြန်မာ့ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာတွင် ပါဝင်သင့်ပါဝင်ထိုက်သည့် အချက်များ၊ မဟာဗျူဟာတွင် ပါဝင်သည့် လုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရေး၊ လူသား အရင်းအမြစ်များ တန်ဖိုးတက်လာ စေရန် ဘက်ပေါင်းစုံမှ ရင်းနှီးမြှုပ်နှံရေး၊ နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် အကျိုးအမြတ်ရလဒ် ကောင်းများ ရရှိစေရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရေး၊  ပုံမှန်ဖွံ့ဖြိုး တိုးတက်မှုမရှိသော ကလေးများကို စောစီးစွာသိရှိပြီး အချိန်မီပြုစု စောင့်ရှောက်ပေးရေး၊ ရင်ခွင်မဲ့ ကလေးများအား အစိုးရနှင့် ပရဟိတ အဖွဲ့အစည်းများက စောင့်ရှောက်မှု သာမက အခြားနည်းများဖြင့် စောင့်ရှောက်ပေးရေး၊ ကိစ္စရပ်များကို ဆွေးနွေး ပြောကြားကြသည်။

ထို့နောက် အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီ၊ ယူနီဆက်(မြန်မာ)နှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့မှ တာဝန်ရှိသူများ က  ကလေးသူများ၏ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာ၏ အဓိက အချက်များကို ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များနှင့် ရှေးဦးအရွယ် ကလေး သူငယ်ဖွံ့ဖြိုး တိုးတက်ရေး၊ ရှေးဦး အရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး ဝန်ဆောင်မှု ကမ္ဘာ့အမြင်နှင့် မြန်မာနိုင်ငံ၏ အခွင့်အလမ်းများ၊ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဝန်ဆောင်မှုလုပ်ငန်း၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက် နှစ်နှစ်အောက် ကလေးများအား ထောက်ပံ့ပေးရေး အစီအစဉ်နှင့် ရှေးဦးအရွယ် ကလေးသူငယ်များ ဖွံ့ဖြိုးရေးကို တိုင်းတာစစ်ဆေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ပြည်တွင်း ပြည်ပ ပညာရှင်များနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အရာရှိကြီးများက ဆွေးနွေး ဟောပြောကြသည်။

အဆိုပါ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက်အထိ နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)