နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၈

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍ မြှင့်တင်ရေး၊ ကျန်းမာရေး၊ သိပ္ပံနည်းပညာနှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များ၊ အိန္ဒိယသမ္မတနိုင်ငံသို့ ပဲမျိုးစုံတင်ပို့နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

(သတင်းစဉ်)