လှိုင်သာယာမြို့နယ်အတွင်း သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်

နေပြည်တော် ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် လှိုင်သာယာမြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးရုံး ကနောင်ခန်းမ၌ ကျင်းပသည်။

လုပ်ငန်းခွင်မပျက်ဆောင်ရွက်ပေးခဲ့

ရှေးဦးစွာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် ဆောင်ရွက်နေသည့် အလုပ်သမားများအနက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် လုပ်သားများအတွက် နှစ်လတာစီမံချက်ဖြင့် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများကို ကွင်းဆင်းပြီး ငွေကုန်ကြေးကျ သက်သာစွာဖြင့် လုပ်ငန်းခွင်မပျက် ဆောင်ရွက်ပေးခဲ့သဖြင့် လုပ်သား ၇၈၈၇ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ် ပေးခဲ့သည့်အပြင် ယခုစာသင်နှစ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း ၃၄၄ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၃၃၀၂၄ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ် ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား သည် လူတစ်ဦးတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်သည့် ကတ်ပြားဖြစ်ပြီးဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ပေးရပါကြောင်း၊ ဘိုးဘွားစဉ်ဆက်မှတ်တမ်းမှတ်ရာများဖြင့် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး သက်ဆိုင်ရာရုံးများ၌ ကိုယ်တိုင်သွားရောက် လျှောက်ထားဖြည့်သွင်း ဆောင်ရွက်ရသည့် လုပ်ငန်းလည်း ဖြစ်ပါကြောင်း။

ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် လာရောက်လျှောက်ထား ရယူနိုင်ခြင်း မရှိသည့်အတွက် ဌာနဝန်ထမ်းများသည် ရပ်ကွက်/ ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည့်အတွက် ပြည်သူ များအချိန်ကုန်၊ ငွေကုန်သက်သာစွာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရရှိကိုင်ဆောင် နိုင်ကြပြီ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရပ်ကွက်/ ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက်ပေးမှုကြောင့် အလွယ်တကူရရှိကြသော်လည်း ပြည်သူတစ်ဦးချင်းအနေဖြင့် မရှိမဖြစ်လိုအပ်သည့် ကတ်ပြားဖြစ်သည့်အတွက် စနစ်တကျ တန်ဖိုးထားကိုင်တွယ် ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း။

ကြိုးပမ်းဆောင်ရွက်လျှက်ရှိ

မကြာခင်ကာလတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကို နိုင်ငံတကာအဆင့်မီ Smart Card အဖြစ် ပြောင်းလဲထုတ်ပေးနိုင်ရေးအတွက်လည်း ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းသည် ကြီးမားကျယ်ပြန့်သည့်အတွက် အဘက်ဘက်က စနစ်တကျလေ့လာသုံးသပ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလုပ်ငန်းစဉ်များသည် ဌာန၏လုပ်ငန်းတာဝန်များဖြစ်သော်လည်း အခြားဆက်စပ် ဌာနများအပြင် ပြည်သူများမှ ပူးပေါင်းကူညီဆောင် ရွက်ကြမှသာ အောင်မြင်နိုင်မည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှုနှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှိုင်သာယာမြို့နယ အတွင်းရှိ ရပ်ကွက်/ကျေးရွာ ပြည်သူများကိုယ်စား ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ကြရာ ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေး

လှိုင်သာယာမြို့နယ်အတွင်း သစ္စာစီမံချက်ဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၄ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ အသက် ၁၀ နှစ်ပြည့်ပြီးသူ ၁၅၀၅ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၁၈၉၀ ဦး၊ လဲလှယ်သူ ၈၁၄ ဦးနှင့် ပျောက်/ပျက်၊ မိတ္တူလျှောက်ထားသူ ၁၈၂၉ ဦးစုစုပေါင်း ၆၀၃၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့ပြီး ယခု အခမ်းအနားတွင် လှိုင်သာယာမြို့နယ် (၈)၊ (၁၄)၊ (၁၆)၊ (၁၉) ရပ်ကွက်များနှင့် ရှမ်းချောင်းကျေးရွာအုပ်စု၊ ရေဥက္ကံ၊ ကစင်ကျေးရွာ အုပ်စုများမှ ဒေသခံပြည်သူ ၁၂၄၇ ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခဲ့သည်။

သတင်းစဉ်