ကလေးစာပေပွဲတော်(စစ်ကိုင်းမြို့) ပထမနေ့တွင် လာရောက်ဆင်နွှဲသူများဖြင့် စည်ကားများပြား

 
စစ်ကိုင်း ဇန်နဝါရီ ၁၃
 
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ တို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ (စစ်ကိုင်းမြို့)ကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းတွင်ကျင်းပရာ စစ်ကိုင်းမြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာများမှ အခြေခံပညာ ကိုယ်ပိုင်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စစ်ကိုင်းနည်ပညာ တက္ကသိုလ်တို့မှ ကျောင်းသားကျောင်းသူများနှင့် အခြားစာပေကို စိတ်ဝင်စား သူများ  လာရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။
 
 စစ်ကိုင်းမြို့ လေ့ကျင့်ရေးအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ကျော့ကျော့ခိုင် က “ ကလေးစာပေပွဲတော်တွေက ကလေးတွေနဲ့ ကျောင်းသားကျောင်းသူတွေအတွက် အမှန် တကယ်လိုအပ်ပါတယ်။ အခုခေတ်ကာလလို နည်းပညာမြင့်ပစ္စည်းတွေ ပေါများလာချိန်မှာ စာအုပ် စာပေတွေ အပေါ်မှာ စိတ်ဝင်စားမှု လျော့နည်းလာတာကို ပြန်ပြီးစိတ်ဝင်စားမှု မြင့်တက်လာ စေပါတယ်။ ပြသထားတဲ့ ပြခန်းတွေကလည်း ဗဟုသုတတွေအများရှိ ရရှိနိုင်ပါတယ်။ စာအုပ်မျိုး စုံကို တစ်နေရာထဲမှာ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်လို့ ကလေးစာပေပွဲတော်လို့ အမည်ပေး ထားပေမယ့် လူကြီးတွေအတွက်ရော ကျွန်မတို့လို ဆရာ၊ ဆရာမတွေအတွက်လည်း များစွာ အကျိုးရှိပါတယ်။   အခြားရပ်ရွာဒေသတွေမှာလည်း ဒီလိုကလေးစာပေပွဲတော်တွေ ကျင်းပပေးစေ ချင်ပါတယ်” ဟု ပြောသည်။
 
ပြပွဲတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် စစ်ကိုင်းမြို့ ဝန်းကျင်ရှိ လက်မှုထုတ်ကုန်ပြခန်းများ၊ ဒေသထုတ်ကုန် ပြခန်းများ စသည်ဖြင့် သုတရသ စုံလင်စွာ ပြသထားရာ  လာရောက်ကြသူများ ပျော်ရွှင်လျက်ရှိသည်။  
 
ပြိုင်ပွဲကျင်းပရေးကော်မတီမှ စီစဉ်ဆောင်ရွက်ပေးသည့် ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စက္ကူ ခေါက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများတွင် လာရောက်ကြည့် ကျောင်းသား ကျောင်းသူများ တပျော်တပါး ပါဝင်ဆင်နွှဲကြရာ ပြိုင်ပွဲကျင်းပရေး ကော်မတီမှဆုနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြပြီး ဖျော်ဖြေရေးအစီအစဉ်များ၊ စာပေဟောပြောပွဲနှင့် ပညာရေးဆိုင်ရာ စကားဝိုင်းများတွင်လည်း စိတ်ဝင်တစား လာရောက်လေ့လာကြကြောင်း တွေ့ရသည်။ 
 
ပွဲတော်သို့ လာရောက်ကြသူများအား စစ်ကိုင်း ခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်း (စစ်ကိုင်း)မြို့၊ မားမား ခေါက်ဆွဲနှင့် အိုဗာတင်းတို့မှ အစားအစာ၊ အအေးပုလင်းနှင့် အချိုရည်များကို ဝေငှခဲ့ကြောင်း သိရသည်။
 
အေးမြ(မန္တလေး)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်၊ အောင်မင်းဟန်