" တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့်စီးပွားရေးလုပ်ငန်းများ" ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

နေပြည်တော် ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တို့ပူးပေါင်း၍ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)၏ နည်းပညာအကူအညီဖြင့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအား" တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ" ခေါင်းစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော် ခန်းမ၌ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ပြင်ပပညာရှင်များ၊ မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကော်မရှင်ရုံးဝန်ထမ်းများ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)