နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ခဲ့သည့် သီလဝါ အထူးစီးပွားရေးဇုန်

ရန်ကုန် ဇန်နဝါရီ ၁ဝ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါအထူး စီးပွားရေးဇုန်သည် ရန်ကုန်တောင်ဘက် ပိုင်းဒေသများ ဖွံ့ဖြိုးမှုကိုမြန်ဆန်စေပြီး ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ကိုလည်း ဖန်တီးပေးနိုင်ခဲ့ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန် စတင်အကောင် အထည်ဖော်ချိန်မှစ၍ ယနေ့အချိန်အထိ အလုပ်အကိုင် ဖန်တီးပေးမှုအနေဖြင့် လက်ရှိ ဖွင့်လှစ်လည်ပတ်နေသည့် စက်ရုံပေါင်း ၆၃ ရုံ တွင် စက်ရုံလုပ်သား ၇ဝဝဝ ကျော်နှင့် ဇုန်အတွင်း အကောင်အထည်ဖော်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်သား ၁၅ဝဝဝ ခန့်ကို အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့သည်။

ထိုကဲ့သို့ အလုပ်အကိုင်ရရှိခဲ့သည့် လုပ်သားများ၏ လုပ်သားအင်အား ၇ဝ ရာခိုင်နှုန်း ကျော်သည် သန်လျင်၊ ကျောက်တန်းမြို့နယ်များမှ ဒေသခံများဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

''သီလဝါ အထူးစီးပွားရေးဇုန်ဟာ အခြားစက်မှုဇုန်တွေလိုမျိုးမဟုတ်ဘဲ အထူးစီးပွားရေး ဇုန်တစ်ခုဖြစ် တာကြောင့် နိုင်ငံတကာစံနှုန်းနဲ့ညီတဲ့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်ကျင့်သုံး ဆောင်ရွက် နေပါတယ်။ နိုင်ငံတကာ စံနှုန်းနဲ့ညီတဲ့ မူဝါဒတွေ၊ လုပ်ထုံး လုပ်နည်းတွေကို အခြားအထူးစီးပွားရေးဇုန် တွေမှာလည်း ကျင့်သုံးနိုင်ဖို့အတွက် စံနမူနာ ကောင်းတွေ ဖန်တီးပေးနေပါတယ်။ စံနမူနာကောင်းတွေကို တခြားအထူးစီးပွားရေးဇုန်တွေ မှာသာမက အထူးစီးပွားရေးဇုန်ပြင်ပမှာပါ ကျင့်သုံးလာနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံမှာ ကောင်းမွန်တဲ့ ကြိုတင်သိရှိနိုင်တဲ့ လွယ်ကူချောမောစေရန် ပံ့ပိုးနိုင်တဲ့ ဖော်ရွေတဲ့ ရင်းနှီး မြှုပ်နှံမှုဝန်းကျင်ကောင်းတွေကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်''ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ယခုလအတွင်း စက်ရုံ သုံးရုံ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ေ ကြာင်း သိရှိရပြီး ပြီးခဲ့သည့်နှစ်အတွင်း စက်ရုံပေါင်း ၂၄ ရုံ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေး ဇုန်တွင် ယနေ့အချိန်ထိ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိပြီး နိုင်ငံ ပေါင်း ၁၈ နိုင်ငံမှ ရင်းနှီးမြှုပ်နှံ သည့် ကုမ္ပဏီပေါင်း ၁ဝ၃ ခုရှိကြောင်း သိရ သည်။

ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်

''သီလဝါအထူးစီးပွားရေးဇုန်ကနေ နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်မှုအတွက် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုတွေကို ဖိတ်ခေါ် နိုင်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာ တွေ တိုးတက်ရရှိ ခဲ့ပါတယ်။ Export တွေ တိုးတက်လာသလို Import Subs- titution ကိုလည်း လုပ်လာ နိုင်ခဲ့တဲ့ အတွက်ကုန်သွယ်မှုကဏ္ဍကို တိုးမြှင့်ပေး နိုင်ခဲ့ပါတယ်'' ဟု သီလဝါအထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူး (၁) ဒေါက်တာ သန်းသန်းသွယ်က ပြောသည်။

''ရင်းနှီးမြှုပ်နှံမှုတွေ ရောက်ရှိလာဖို့က အခြေခံအဆောက်အအုံနဲ့ဝန်ဆောင် မှုအပိုင်း ကောင်းကောင်း လုပ်ပေးရပါတယ်။ ဝန်ဆောင်မှုအပိုင်းကတော့ investor တွေကို One Stop Service Center မှာ လာရောက်ထိုင်ပြီးStand- ard Operating Procedure (SOP)အတိုင်း လုပ်ပေးနေပါတယ်။ တခြား လိုအပ်တဲ့ Service ကိုတော့ On Call စနစ်နဲ့ လုပ်ပေးနေ ပါတယ်။ သီလဝါ SEZ ရဲ့ စီမံခန့်ခွဲမှု ကော်မတီ ဟာRegulator Roleအပြင် Coordinator Role နဲ့ Facilitator Role ကိုပါ လုပ်ပေးနေ ပါတယ်။Service တွေမှာ Transp- arent Predictable ဖြစ်အောင်Investor Friendly နဲ့International Standard ဖြစ်အောင် လည်း လုပ်ထားပါတယ်။Investment Promotion ကိစ္စတွေမှာတော့ ပြည်တွင်း၊ ပြည်ပမှာလည်း လုပ်နေပါတယ်'' ဟုလည်း ဒေါက်တာ သန်းသန်းသွယ်က ပြောသည်။

စီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန်အတွက် အကောက်ခွန်ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာန၊ ဗဟိုဘဏ်၊ စက်မှု စစ်ဆေးရေးနှင့် ကြီးကြပ်ရေးဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေး ကော်ပိုရေးရှင်းနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနတို့မှ ဌာနပေါင်း ၁၁ ခုပါဝင်သည့် One Stop Service Center ကို သီလဝါအထူး စီးပွားရေးဇုန်တွင် ဖွင့်လှစ်ကာ လာရောက် ရင်းနှီးမြှုပ်နှံသူများကို ဝန်ဆောင်မှုပေး လျက်ရှိကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်ကို အပိုင်းနှစ်ပိုင်းခွဲကာ အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ဇုန်(A)တွင် ၄ဝ၅ ဟက်တာကို အကောင်အထည်ဖော် ခဲ့ရာ ၂ဝ၁၅ ခုနှစ်စက်တင်ဘာ ၂၃ ရက် တွင် စီးပွားဖြစ်စတင်လည် ပတ်နိုင်ခဲ့ကြောင်း သိရသည်။

၉၈ ရာခိုင်နှုန်းငှားရမ်းထား

အဆိုပါ ဟက်တာများထဲမှ ၃၅ ဟတ်တာကိုResidential and Com- mercial Area အဖြစ် အကောင် အထည်ဖော်ခဲ့ကာ အဆိုပါနေရာတွင် အလုပ်သမားများအတွက် နေစရာ အဆောက်အအုံ၊Shop house များ၊ ဘဏ်များ၊ ဂျပန်နိုင်ငံမှSuper Hotel ၊ ဆေးရုံ၊Super Market၊ Shopping Mall တို့ကိုလည်း ဆောင်ရွက်သွားရန် ရှိကြောင်း သိရှိရပြီး ယခုအချိန် တွင် သီလဝါ အထူးစီးပွားရေးဇုန်(A) တွင် ၉၈ ရာခိုင်နှုန်း ငှားရမ်းထားပြီးဖြစ်ကြောင်း သိရသည်။

အလားတူ ဇုန်(B)ကို phase (I)၊ phase (II)၊ phase (III)ခွဲ၍phase (I) ဟက်တာနှင့်phase (II) ၇၇ ဟက်တာကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ ဇုန်(B) phase (III) ကိုလည်း ထပ်မံ တိုးချဲ့ရန် ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ဇုန်(B) တွင် ၇ဝ ရာခိုင်နှုန်း ငှားရမ်းပြီးဖြစ်ကြောင်း သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ဇုန်ပြင်ပဖွံ့ဖြိုးရေး

ဇုန်အတွင်းသာမက ဇုန်ပြင်ပဖွံ့ဖြိုး ရေးအနေဖြင့် အခြေခံအဆောက်အအုံများကို ဂျပန်နိုင်ငံ ODA Loan ဖြင့် ဆောင်ရွက်လျက်ရှိပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီတို့ကလည်း ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။

ဇုန်ပြင်ပ အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်မှုအပိုင်း အနေဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက သန်လျင်တံတားမှ သီလဝါအထူးစီးပွား ရေးဇုန်အထိ လမ်းပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းနှင့် ပဲခူးမြစ်ကူးတံတား တည်ဆောက်မှုအပိုင်းများကို စတင် လုပ်ဆောင်နေပြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနကလည်း 50 MW Substa- tion တစ်ခု တည်ဆောက်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် သီလဝါအထူး စီးပွားရေးဇုန် ရေရရှိရေးအတွက် ဇာမဏီ ဆည်မှ ရေကိုရယူနေရပြီး ဆက်လက် ဖွံ့ဖြိုးလာမည့် စီးပွားရေးဇုန်အတွက် ၂ဝ၁၉ ခုနှစ်ကုန်ပိုင်းတွင် လဂွန်းပြင် ဆည်မှရေပေးဝေနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီစဉ် ဆောင်ရွက်နေသည်။ သွင်းကုန်ပို့ကုန် များအတွက် ဂျပန် ODA Loan ဖြင့် ဆိပ်ကမ်း တည်ဆောက်ခြင်း လုပ်ငန်းများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက် ပြီးဖြစ်ကြောင်း သိရသည်။

မင်းသစ် (MNA)