ပိတ်ထားသည့် မြန်မာ-တရုတ် နယ်စပ် ကျိန်စန်းကျော့ဂိတ် ပြန်လည်ဖွင့်လှစ်

မူဆယ် ဇန်နဝါရီ ၁ဝ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်)မြို့ ကျိန်းယန်းတုံ ကျေးရွာအုပ်စု လယ်အင်းကျေးရွာအနီးရှိ မြန်မာ-တရုတ်နယ်စပ် ကျိန်စန်းကျော့ဂိတ် (ဟိုနောင်ဂိတ်)ကို ဇန်နဝါရီ ၁ဝ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။
မြန်မာ-တရုတ်နယ်စပ် ကျိန်စန်းကျော့ဂိတ် (ဟိုနောင်ဂိတ်) ကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၉ ရက်အထိ လုံခြုံရေး အခြေအနေအရ ခေတ္တပိတ်ထားခဲ့ပြီး ဇန်နဝါရီ ၁ဝရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ မြန်မာ-တရုတ်နယ်စပ် ကျိန်စန်းကျော့ဂိတ်တွင် ဇန်နဝါရီ ၁၁ ရက်မှစတင်ကာ ဌာနပေါင်းစုံ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များကို တာဝန်ချထားမည်ဖြစ်ကြောင်း သိရသည်။
ကျိန်စန်းကျော့ဂိတ် ပိတ်ထားခြင်းကြောင့် ဖရဲသီး၊ သခွားမွှေးသီးများ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချမှု နှောင့်နှေး ကြန့်ကြာခြင်းနှင့် ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပြီး ယင်းအခက်အခဲများကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံ မူဆယ်မြို့ တာဝန်ရှိသူများနှင့် မူဆယ်-ရွှေလီ နယ်ခြားဆက်ဆံရေးအဖွဲ့များက နည်းလမ်းရှာဖွေကာ ဇန်နဝါရီ ၈ ရက်တွင် မူဆယ်မြို့ တာဝန်ရှိသူများနှင့် ရွှေလီမြို့ တာဝန်ရှိသူများ အလွတ်သဘော တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့မှုများကြောင့် ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗန်ရိုးထန်(ပြန်/ဆက်)